ကေသွယ် အတွက် မွေးနေ့လက်ဆောင်ကဗျာတပုဒ်

၂၀၀၉ ခုနှစ်လောက်မှာ ကဗျာတွေ ပြန်ပြီး ရေးဖြစ်တော့ ညီလေး လင်းထက်ရဲ့ဘလောက်မှာ ကဗျာတွေ တင်ဖြစ်တယ်။ ကိုယ့်ရဲ့ တစ်ကျော့ပြန်ကဗျာဘဝမှာ အွန်လိုင်း ညီအကို မောင်နှမ တချို့ဟာ အတော် အရေးကြီးခဲ့ပါတယ်။ ဥပမာ မောင်ဖုန်းမြင့်၊ အိန္ဒြာနဲ့ တည်ရ တို့ကို မဖြစ် မနေ ထည့်ပြောရမှာပါ။ သူတို့အပြင် အခု ဒီကဗျာလေးကို မွေးနေ့လက်ဆောင်အဖြစ်ပေးဖို့ ဆုံးဖြတ်မိတဲ့ ကေသွယ်လဲ အပါအဝင်ပေ့ါ။ 

သိပ်ရှည်ရှည်ဝေးဝေး ဇာမချဲ့တော့ပဲ ခြုံ့ပြောရရင်၊ အဲဒီတုန်းက ကိုယ် သိသိမှတ်မှတ် ဖတ်ဖြစ်တဲ့ ဘလော့တွေထဲမှာ ကေသွယ့် ဘလော့ဟာ ထိပ်ဆုံးနားက ပါခဲ့တယ်။ ဘယ်လိုက ဘယ်လို စပြီး စကားပြောဖြစ်၊ သိကျွမ်းခင်မင်သွားခဲ့မှန်းမမှတ်မိပေမယ့်၊ သူ့ရဲ့ ပို့စ်တွေထဲက ဘလော့ဂါတွေ အမိမြေမှာ ပြန်ဆုံကြတာကို စိတ်ကူးယဉ်ရေးထားတဲ့ ပို့စ်ကလေးကတော့ အရင်ဆုံး စိတ်ထဲ ငြိကပ်ခဲ့တဲ့ ပို့စ်တခုဆိုတာ သေချာတဲ့ အပြင်၊ ၂၀၁၁ ဒီဇင်ဘာမှာ မမြော်လင့်ပဲ ဗမာပြည်ပြန် ဖြစ်စဉ်၊ ကိုယ်နဲ့တစ်ခါမှ မမြင်ဖူးခဲ့တဲ့ အွန်လိုင်းမိတ်ဆွေ လင်းထွေးသော်၊ မိုးမခလှိုင်၊ ဗညားဦး တို့နဲ့ ဆုံဖြစ်ပြီးမရောက်တာ ကြာပြီဖြစ်တဲ့ ကိုယ်တို့က ရာဇူးလို့ နှုတ်ကျိုးနေတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲ အတူတူ သွားရောက်လည်ပတ် လွမ်းဆွတ်ငေးမျောမိ၊ အင်းယားကန်ပေါင်ဖက်ဆီထိ ထွက်ပြီးဘူးသီးကျော် ရခိုင်မုန့်တီတွေ စားဖြစ်တဲ့အထိ လက်တွေ့ဖြစ်မြောက်သွားတဲ့ အချိန်မှာ သူ့ကို ဖျတ်ကနဲ သတိရလိုက်မိသေးတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ အကြောင်းကြောင်းအားလျော် စွာသူနဲ့ကိုယ်နဲ့ကြား အဆက်အသွယ်ဟာ ဟိုတုန်းကလို မဟုတ်ပဲ အားလျော့ ကျဲပါးနေခဲ့တာမို့ ဒီအကြောင်းကိုလဲ သူ့ဆီ ဖောက်သည် မချမိခဲ့ဘူး။ သုံးလေး နှစ်ဆိုတဲ့ အချိန်ကာလဟာ ဘာမှ မဟုတ်ဘူးဆိုလဲ ဘာမှ မဟုတ်ပဲ၊ တစ်စုံတစ်ရာဆိုလဲ အဲ့ဒီတစ်စုံတစ်ရာဖြစ်မြောက်ဖို့ကောင်းစွာ လုံလောက်တဲ့ အချိန်ကာလ အတိုင်းအတာ တစ်ခုပါပဲ။ 

ကိုယ့် ကဗျာပြန်ရေးဖြစ်ခြင်းအကြောင်းနဲ့ပတ်သက်ပြီး နည်းနည်းထပ်ချဲ့ပြောရမယ်ဆိုရင် အဲဒီနှစ် ကာလ အပိုင်းအခြားတွေအတွင်းမှာပဲ ၂၀၀၉ နဲ့ ၂၀၁၀ မှာ ကိုးရီးယားကို ၂ ခေါက်၊ မနှစ်က၂၀၁၁ မှာ လန်ဒန်၊ ဖင်လန်နဲ့ပြင်သစ်မှာ ကဗျာဆိုင်ရာကိစ္စတွေ ရွတ်ဖြစ် ပြောဖြစ် ဆင်နွှဲဖြစ်ခဲ့တာ၊ခု ၂၀၁၂ မှာ ဂျာမဏီ ဘာလင်မြို့နဲ့ အိုင်ယာလန် ဒဗ္ဗလင်မြို့တွေမှာ ကျင်းပမယ့် ကဗျာပွဲတွေတက်ရောက်ဖို့ ဖိတ်ကြားခံရပြီး လာမယ့် ၁၅ ရက်မှာ ဂျာမဏီကို ထွက်ခွာမယ့်ဆဲဆဲ အကြောင်းတွေကို ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်လုပ်တဲ့ အနေမျိုးမဟုတ်ပဲ ဒီခရီးအထိ လျှောက်လှမ်းမိသမျှမှာ ဒီလူတွေ အဓိက ပါဝင် ပံ့ပိုးမှု အကြောင်းတရားရှိခဲ့တယ်ဆိုတာ မှတ်တမ်းတင်လိုစိတ်နဲ့ အခုလို ထည့်ပြောဖြစ်ပါတယ်။

ဒီရက်မတိုင်ခင်လေးမှာပဲ နိုင်ငံခြားတိုင်းပြည်တခုမှာ လုပ်ငန်းတာဝန်ထမ်းဆောင်နေတဲ့ ကိုယ့်ကဗျာ မိတ်ဆွေ တစ်ယောက် ဘန်ကောက်ကို ရောက်လာတယ်။ သူ့ကို လက်ကျန် ကဗျာစာအုပ်ကလေး ၂ အုပ် (တစ်အုပ်က ပျော်ရွှင်ဘွယ်ရေးခြစ်ခြင်းများ) လက်ဆောင်ပေးဖို့ပြင်ဆင်ရင်း စာအုပ်ရှေ့ဆုံး မျက်နှာမှာ ဘလော့ဂါ Kay နဲ့ သူ့မိတ်ဆွေများ…. အစရှိသဖြင့် သူ့ကိုအဓိက ဦးတည်ပြီး ရည်ညွှန်း ချက် ပေးခဲ့တဲ့ စာသားလေးဖတ်မိရင်း သူ့ရဲ့ ဒီနှစ် မွေးနေ့နီးကပ်နေတာ သတိရမိသွားတယ်။ ဒါပေ မယ့် တကယ်တမ်း ကဗျာရေးဖြစ်မယ် မရေးဖြစ်ဘူး၊ သူ့မွေးနေ့ရယ်လို့ လက်ဆောင်ပေးဖြစ်မယ် မပေးဖြစ်ဘူးရယ်လို့တော့ တိကျသေချာမှု မရှိခဲ့သေးပါဘူး။ 

ခု ဒီစာရေးနေတဲ့အချိန် ကိုယ့်နောက်ကျောဖက် ဝရံတာမှာ မိုးဟာ သည်းကြီးမည်းကြီး သွန်ချသလို ရွာနေလေရဲ့။ ပြီးခဲ့တဲ့ ၂ နာရီ နီးပါးလောက်က မထင်မှတ်ပဲ ကဗျာတပုဒ် ရေးမိပြီး (ကဗျာတပုဒ်ရေး ဖြစ်တိုင်း ကိုယ့်ဟာကိုယ်တော့ ရေးကြီးခွင်ကျယ်အလုပ်တခု လုပ်ပြီးသွားတယ်လို့ မှားယွင်းမိုက်မဲ စွာ ယုံကြည်နေမိတုန်းပါပဲ)၊ ကဗျာရေးပြီးပြီးချင်းလိုလိုမှာပဲ လိုင်းပေါ်မှာ မတွေ့တာကြာပြီဖြစ်တဲ့ ကေသွယ့်ကို တွေ့လိုက်ရတယ်။ သူ့စတေးတပ်စ်ပြ အင်ဒီကေတာလေးက စိမ်းလို့။ ဒါနဲ့ပဲ သူ့ကို ဒီကဗျာလေး မွေးနေ့လက်ဆောင်ပေးဖို့ အမှတ်ရသွားတယ်။ တကယ့်အဖြစ်အပျက်တွေ ဆိုတာ ပြန်ပြောပြသူက သမာသမတ်ရှိစွာ အပိုအလို မရှိသလောက်ဖြစ်အောင် ဂရုတစိုက် ပြန်ပြောပြတဲ့ အပေါ်မှာ မူတည်ပါတယ်။ 

ဒီစာရေးနေတဲ့ အချိန်မှာ မိုးတွေ သည်းကြီးမည်းကြီးရွာနေတာ သက်သေ ပြပါလို့ တောင်းဆိုလာရင်တော့ ကိုယ့်ရိုးသားမှုကိုပဲ ကိုယ် တိုင်တည်ရမှာပါပဲ။ ရိုးသားမှုဆိုတာဟာ ကဗျာရေးခြင်း အလုပ်အပေါ်မှာ ကိုယ့်ရဲ့ အရေးတကြီး ဂရုဓမ္မ ထားရတဲ့ ကိစ္စဖြစ်သလို ကဗျာအပေါ် ရိုသေမှုဟာလည်း ကိုယ့်ရဲ့ ကဗျာဆရာဖြစ်နေခြင်းရဲ့ အသက်ကိစ္စပဲ လို့ ပြောခဲ့ပါရစေ။ နောက်ပြီး တော့ အနုပညာဆိုတာ ပင်ကိုယ်မူလကိုယ်၌ကိုယ်ကသိမ်မွေ့ရတဲ့ ကြားထဲမှာ ကဗျာကပိုပြီး သိမ်မွေ့ နူးညံ့တယ်လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်လိုက်ပါရစေ။ 

ကေသွယ်ရေ.. 

မွေးနေ့မှာ ရွှင်လန်းချမ်းမြေ့စွာနဲ့ ရှေ့ဆက်လျှောက်လှမ်းရမယ့် ခရီးတွေအတွက် အားအင်တွေတိုးဖြည့် ရင်း၊ အနုပညာ (ကဗျာအပါဝင်) ကိစ္စများမှာလဲ ဒီထက်ဒီ ပို၍ပို၍ ထက်ရှတောက်ပသော အဆင်အသွေး များနဲ့ ယက်ဖောက်ထားတဲ့ အနုစာပေလက်ရာတွေ ရေးဖြစ် ပို့စ်တင်ဖြစ်ပါစေလို့ ဆုတောင်းမြင်ယောင် မိရင်း….. 

အညတြ ကဗျာလေးတပုဒ် မွေးနေ့လက်ဆောင်အဖြစ်ပေးပို့အပ်ပါတယ်။ 

အနုပညာ မောင်နှမများအဖြစ် အဓွန့်ရှည်တည်တံ့ရှင်သန်ရေးကို ရည်သန်လျက် - 

 ခင်အောင်အေး 
၂၉၊ ဇူလိုင်၊ ၂၀၁၂ ဖရာ့ပရာဒင်၊ ဘန်ကောက် ၂၂း၀၆ နာရီ 

 ‘အရွေ့’ များ 
(stone age – modern age) 

လမ်းတွေပေါ်မှာ မော်တော်ကားတွေ တရွေ့ရွေ့ 
သူတို့ အထက် ခေါင်းပေါ်မှာ မိုးသားတွေ ရွေ့နေပုံနဲ့ 
တရွေ့ရွေ့ ရှေ့တိုးသွားတိုင်း နောက်မှာ ကျန်ရစ်သလို
မြင်ရတဲ့ မြင်ကွင်းများ.. 

ငါ့အရှုံးကို ငါ ကျကျနနမြင်လိုက်ရတဲ့နေ့ကစပြီး 
အရွေ့ကို ငါ သတိမူမိတယ် ဒါဆို ငါဟာ ဂူ တစ်ဂူကိုလဲ မြင်မိတယ်ပေါ့။ 

ဂူထဲမှာ ငါဟာ င့ါကိုယ်ငါ ကိုယ်လုံးတီးတွေ့ရတယ် 
ငါ့ လက်ထဲမှာ တင်းပုတ်တစ်လက်နဲ့ ငါဟာ ဂူပေါက်ဝဆီ ငေးရီနေတယ်။ 

မီးကိုတွေ့ရှိပြီးတဲ့ ကာလမို့ ဂူနံရံမှာ အရိပ်တွေ ကခုန်နေတာရယ် အရိပ်ကို အမှီပြုပြီး 
ကျောက်သားလက်နက်နဲ့ကုတ်ခြစ်ပုံဖော်ထားတဲ့ ငါတို့ရဲ့နေ့စဉ်ဘဝပုံရိပ်တွေရယ်။

အပြင်မှာ မြင်ကွင်းတွေဟာ ဆိတ်ငြိမ်လွန်းတယ် လူးလွန့်လှုပ်ရှားနေတယ်လို့ 
ထင်စရာဆိုလို့ ငါလို အမွှေးအမြှင် ထူထူထဲထဲနဲ့ သတ္တဝါတွေပဲ ရှိတယ်။ 

လှုပ်နေတာဟာ တစ်စုံတစ်ရာပဲ၊ သစ်ပင်တွေ တောတောင်ရေမြေနဲ့ 
သက်မဲ့အရာတွေ အပေါ်မှာ ယုံကြည်ကိုးကွယ်မှုဟာ သံပခြုပ်တခုလိုပဲ။ 

ငါဟာ ဂူထဲက ဆတ်ကနဲ ရုန်းထွက်လိုက်တယ်။ ငါ့ ကိုယ်ပေါ်မှာ အဝတ်အစားတချို့ 
ဝတ်လျက်သားကို ငါ အဆန်းတကျယ် ဖြစ်လိုက်သေးတယ် စက္ကန့်ဝက်လောက်။ 

တီဗီမှာ ဒီနေ့ ဘန်ကောက်မြို့ မော်တော်ယာဉ်လမ်းကျော အခြေအနေနဲ့ 
ဒီကနေ့ ရာသီဥတု အနေအထား နေ့အပူချိန် ညအပူချိန် မိုးရွာနိုင်မှု ရှိမရှိနဲ့ 
မြစ်ရေကြီးနိုင်မှု ခန့်မှန်းချက်များ အဆက်မပြတ် တင်ဆက်နေတယ်။

မြင်ရတဲ့ မြင်ကွင်းများ ...
တရွေ့ရွေ့ ရှေ့တိုးသွားတိုင်း နောက်မှာ ကျန်ရစ်သလို 
သူတို့ အထက် ခေါင်းပေါ်မှာ မိုးသားတွေ ရွေ့နေပုံနဲ့ 
လမ်းတွေပေါ်မှာ မော်တော်ကားတွေ တရွေ့ရွေ့။ ။ 

ခင်အောင်အေး 
၂၉၊ ဇူလိုင်၊ ၂၀၁၂ ဖရာ့ပရာဒင်၊ ဘန်ကောက် ၁၉း၄၉ နာရီ
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts