Virus အသိပေးကြေညာချက်

နောက်ပြောင်ခြင်းမဟုတ်ပါ !

ဂျာမန် ကွန်ပြူတာ လုံခြုံရေး အထူးကျွမ်းကျင်သူက ဗိုင်းရပ်စ် အသစ်တစ်မျိုး ဖြစ်တဲ့ "Conficker" လို့ အမည်တွင်တဲ့ ဗိုင်းရပ်စ်ဟာ ဧပြီလ ၁ ရက်နေ့မှာ သန်းနဲ့ချီတဲ့ ကွန်ပြူတာတွေကို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတယ်လို့ ပြောကြားသွားပါတယ်..။

ဒီဗိုင်းရပ်စ်ဟာ အော်တိုမစ်တစ် ပရိုဂရမ်တစ်မျိုးကုဒ် တစ်မျိုးဖြစ်ပြီး အင်တာနက်ပေါ်က ဒေါင်းလုဒ်လုပ်ခြင်းများ မှတဆင့် ဝင်ရောက်လာမယ် လို့ပြောကြားသွားပါတယ် ကွန်ပြူတာ တစ်လုံးနဲ့တစ်လုံး ကိုဘယ်လို ကူးစက်နိုင်တယ် ဆိုတာတော့ ဗိုင်းရပ်စ်ထွက်ပေါ်လာမှ သိနိုင်မှာ ဖြစ်ပါတယ်..။

ဒီဗိုင်းရပ်စ်ဟာ ပထမအဆင့် ကွန်ပြူတာလုံခြုံရေး ပရိုဂရမ်တွေကို ရပ်တန့်သွားအောင် အရင်ကြိုးပမ်း မှာဖြစ်ပြီး လုံခြုံရေးပရိုဂရမ်တွေ ရပ်တန့်သွားမှ နောက်ဆက်တွဲ တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင် သွားမယ်လို့မျှော်မှန်းထားပါတယ် အသေးစိတ် တိုက်ခိုက်နိုင်မှုကိုတော့ လောလောဆယ် မသိရှိနိုင်သေးပါဘူး..။

အဆိုပါ ကျွမ်းကျင်သူက ဧပြီ ၁ ရက်နေ့မှာ Anti-virus-software တွေကို နောက်ဆုံး ပေါ်အပ်ဒိပ် ဖြစ်နေအောင် လုပ်ထားဖို့နဲ့ ဖိုင်းယားဝေါလ် ပရိုဂရမ် တွေကိုပါ အသုံးပြုဖို့ အကြံပေးထား ပါတယ်..။

ဂျာမန်နိုင်ငံတော်လုံခြုံရေး အဖွဲ့က ကမ္ဘာနဲ့အဝှမ်း ကွန်ပြူတာ အလုံးပေါင်း ၁၀ သန်းခန့် အဲဒီ ဗိုင်းရပ်စ် တိုက်ခိုက်မှုကို ခံရနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်..။

ကျွန်တော်တို့ မြန်မာလူမျိုး အင်တာနက် အသုံးပြုသူများ သတိဝိရိယ ထားရှိနိုင်ရန် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်..။
Read more


ဝတ်မှုံကြွေတဲ့ တနင်္ဂနွေ




တစ်ခါတစ်ရံမှာ

အချိုးမကျတဲ့
ဝယ်လိုအားကြောင့်
အချိန်မတိုင်မှီ ပွင့်ကြွေရတဲ့
ပန်းပွင့်ငယ်လေးတွေကို
ဘယ်လိုရေတွက်ရမယ်ဆိုတာ
ငါ့လက်ချောင်းတွေ လိုက်မမှီနိုင်တော့ဘူး..။

နံနက် ဝေလီဝေလင်း အချိန် လူအများ မနိုးထ ကြသေး လမ်းပေါ်တွင် နံနက်ခင်း ဈေးဖွင့်ရန် သွားနေကြသော ဈေးသည်အချို့နှင့် ပဲပြုတ်သည် တို့သာ တစ်ဦးစ နှစ်ဦးစ ရှိနေသည်..။

ရပ်ကွက် အတွင်းသို့ အနက်ရောင် ပြောင်လက်နေသော သံရုံးနံပါတ်ဖြင့် နောက်ဆုံးပေါ် မာစီးဒီး ကားနက်ကြီး တစင်း အရှိန်နှင့် မောင်းဝင်လာပြီး အတန်ငယ် သပ်သပ် ရပ်ရပ် ရှိသော သစ်သား ပျဉ်ထောင်အိမ် ငယ်တစ်လုံးရှေ့တွင် ထိုးရပ်လိုက်သည်..ပြီးနောက် ကားရှေ့ခန်းမှ ကားမောင်းလာသူ ယဉ်မောင်းတစ်ဦး ကမန်းကတန်း ဆင်းလာပြီး မာစီးဒီး ကားကြီး၏ နောက်ခန်း တစ်ခါးကို အပြေးအလွား သွားဖွင့်ပေးလိုက်သည်..။

တစ်ခါးပွင့် သွားပြီးနောက် ကားအတွင်းမှ အမျိုးသမီးငယ်လေး တစ်ဦး ဒယိမ်းဒယိုင် ဖြင့်ဆင်းလာသည် မျက်နှာကလဲ ဝေဒနာ တစ်ခုခု ပြင်းထန်စွာ ခံစားနေရသကဲ့သို့ ဖြူဖတ်ဖြူရော် ဖြင့် နာကျင်ရှုံ့မဲ့နေဟန်..။

အမျိုးသမီးငယ် ကားပေါ်မှ ဆင်းသွားပြီး ခြံဝင်းထဲ ရောက်သည်နှင့် ကားက ပြန်လည်၍ အပြင်းမောင်းထွက် သွားလေတော့သည်..၊

အိမ်တံခါး ကိုခေါက်လိုက်တော့ တံခါး လာဖွင့်ပေးသူကလဲ အမျိုးသမီးငယ် တစ်ဦး ဖြစ်ပြီး ကားပေါ်မှ ဆင်းလာသူ အမျိုးသမီးထက် အနည်းငယ် ကြီးရင့်သည်မှ အပမျက်နှာပေါက် ခြင်းဆင် သဖြင့်ညီအမ ဖြစ်ပုံရလေသည်..။

“ဟင် ညီမလေး ဘာဖြစ်လာတာလဲ?”

တံခါးဖွင့်ပေးသူ အမဖြစ်သူ၏ မေးခွန်းကို သူမ ဘာမှ ပြန်မဖြေနိုင်ပဲ အမဖြစ်သူ ၏ ခန္ဓာကိုယ်ပေါ်သို့သာပြိုလဲ ယိုင်ကျ သွားသဖြင့် အမ ဖြစ်သူက သူမကို ထိမ်းပွေ့ပြီး အိမ်တွင်းသို့ ခေါ်ဆောင်လာခဲ့သည်..

“မေမေ ရေ မေမေ ဒီမှာ ညီမလေး ဘာဖြစ်လာလဲ မသိဘူး လာပါအုံး”

အမဖြစ်သူ၏ ခေါ်သံ အဆုံး မိခင် ဖြစ်သူ အခန်းထဲမှ ကမန်းကတန်း ထွက်လာပြီး အိမ်ရှေ့ခန်းမှ သမီး နှစ်ဦး ရှိရာရောက်လာသည်..

“ဟင် သမီးငယ်လေး ဘာဖြစ်လာတာလဲ?”

အမဖြစ်သူ၏ ရင်ခွင်တွင်း မှာလှဲလျောင်း နေသူ အမျိုးသမီးငယ်လေး သည် သူမ၏ မိခင် ဖြစ်သူကို တစ်ချက်မျှ မော်ကြည့်ပြီးနောက် ဇက်ကျိုးကျသွားတော့သည်..ထိုအခါတွင်မှ အိမ်ပြန်လာ ချိန်တစ်လျှောက်လုံး အိမ်ထဲ ရောက်သည် အထိ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော သူမ၏ လက်ကလေးများ ပြေလျှော့သွားချိန်တွင် မတော့ သူမ၏ လက်အတွင်းမှ ထွက်ကျလာသည်ကတော့ အလိပ်လိုက် ကျစ်ပြီး ကိုင်ထားသော ယူအက်စ် ဒေါ်လာများ အခုတော့ အိမ်ကြမ်းပြင်တွင် ပြန့်ကျဲ သွားခဲ့လေပြီ..

“သမီး အငယ်မ.....ဝတ်မှုံ”

“ညီမလေးးးး ဝတ်မှုံ”


ပန်းရောင်းသူတွေရဲ့ပန်းခင်းထဲက
ပန်းကလေးတစ်ပွင့်ကိုသူများတွေ
ဝယ်ယူနမ်းရှိုက်သွားမှာစိုးရိမ်လို့
မြေအိုးကလေးနဲ့ကိုယ့်အိမ်မှာ
ပြောင်းရွှေ့စိုက်ထားဖို့ကြိုးစားမိသူ
ကကျွန်တော်ပါ....

“ဝတ်မှုံ ဝတ်မှုံ”

“ဟာ ခေါ်လိုက် ရတာ ဝတ်မှုံရယ် မကြားဘူးလား”

“ခစ်..ခစ်..ခစ် ကြားသားပဲ မောင်လိုက်လာမယ် ဆိုတာ သိလို့ တမင် မကြားချင်ယောင် ဆောင်ပြီး မောင့်ကို စတာပါ..”

“အာ ဒီဝတ်မှုံလေး ကတော့ တော်တော် ဆိုးတယ်နော်”

“မနက်ဖြန်ကျောင်းပိတ်ပြန်ပြီ ဝတ်မှုံနဲ့ နှစ်ရက်တောင် ခွဲနေရအုံးမယ် မောင်တော့ ဝတ်မှုံကို စိတ်မချဘူးကွာ အဲလိုပြောလို့ ဝတ်မှုံကို အထင်သေးပြီး ပြောတယ် ဆိုပြီး စိတ်မဆိုးနဲ့အုံးနော် ဝတ်မှုံ ဘယ်လို စိတ်ဓါတ်ရှိတယ် ဆိုတာ မောင်သိပါတယ် ဒါပေမယ့် ဝတ်မှုံကို ကိုယ့်ဘဝထဲမှာ အပြီးအပိုင် လုံခြုံမှု အပြည့်နဲ့ ရှိနေစေချင်တယ် ဒါပေမယ့် ကိုယ်တို့တွေ ကျောင်းမပြီးကြသေးတော့ မဖြစ်နိုင်သေး လို့သာ ကြိတ်မှိတ် မျိုသိပ်ထားရတာ..”

“ဝတ်မှုံလဲ ဒီလိုပါပဲ မောင်ရယ် အရိပ်မည်းကြီး စွန်းထင်းနေတဲ့ လောင်းရိပ်အောက်က လူတွေရဲ့ မသင်္ကာ အကြည့်တွေ ကြားက အမြန်ရုန်းထွက်ပြီး မောင်နဲ့ တူနှစ်ကိုယ်တိုင်းပြည်လေး မှာ ဖြူစင်စွာနဲ့ သာယာပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်ချင်လှပါပြီ..”

“ကဲ အိမ်ရှေ့ရောက်ပြီနော် တနင်္လာနေ့ကျောင်းဖွင့်မှ ပြန်တွေ့ကြမယ် တာ့တာ”

“တာ့တာ..”

ခြံဝင်းအတွင်းသို့ ဆင်မယဉ်သာ ခြေလှမ်းမျိုးဖြင့် လျှောက်လှမ်း ဝင်ရောက် သွားသော ချစ်သူလေးကို ကြည့်ရင်း စိုးလွင် တစ်ယောက် လေးကန်သော ခြေလှမ်းများဖြင့် ဆက်လျှောက်လာခဲ့မိသည်..
စိတ်ထဲတွင်လည်း ချစ်သူလေး အကြောင်းကို တွေးနေမိသည်.. ချစ်သူလေးတွင် ဖခင်မရှိတော့ ဖခင်ကွယ်လွန်ချိန်တွင် မိခင်ဖြစ်သူမှာ အသက် သုံးဆယ် ဝန်းကျင် လှသွေး ကြွယ်နေတုန်း လူမမယ် သမီးငယ် နှစ်ယောက်နှင့် ကျန်နေခဲ့သည်..

နောက်တော့ ဘယ်လိုလူတွေက ဘယ်လို မြူဆွယ်ကောင်းလို့ ပါသွားသလဲ မသိ ခန္ဓာကိုယ် အသွေးအသားကို အရောင်းအဝယ် လုပ်ခြင်းဖြင့် ဘဝလမ်းခရီးကို ဆက်ခဲ့သည်.. ဒါပေမယ့် ဘယ်သူမှလဲ အတိအကျ တော့ မသိကြပါ မျက်မြင် သက်သေလဲ မရှိကြ ..အိမ်ရှေ့တွင် လာရောက် ရပ်နားပြီး ညနေခင်းအချိန်တွေမှာ လာရောက်ခေါ်ငင်သွားပြီး မနက်မိုးလင်း ပြန်လည်ပို့ဆောင်လေ့ ရှိသည့် နောက်ဆုံးပေါ် ကားကြီးကားငယ် အသွယ်သွယ် ကိုကြည့်၍သာ ခန့်မှန်းကြခြင်း ဖြစ်လေသည်..

နောက်သမီး အကြီးမလေး အရွယ်ရောက်လာတော့ မိခင်ကလဲ အရွယ်ကျလာပြီ ဖြစ်လို့ သမီးကြီးက အမေ့တာဝန်ကို ပခုံးပြောင်း ယူလိုက်သလို ကားကြီးကားငယ် တို့ဖြင့်ဆက်လက် ချီတက်မြဲ..

ဒါပေမယ့် ဝတ်မှုံနှင့် သူက ငယ်စဉ်ကတဲက ကျောင်းအတူတူတက်လာသူ ငယ်သူငယ်ချင်းများ ဖြစ်ကြပြီး ဝတ်မှုံသည် စာတော်သည် အေးဆေး သိမ်မွေ့သည် ထို့ကြောင့် ဝတ်မှုံ မိသားစု နာမည် မကောင်းပေမယ့် ဝတ်မှုံကို သူချစ်ခွင့်ပန်ခဲ့သည် ဝတ်မှုံကို သူ့မိသားစု၏ အရိပ်မည်းကြီး အောက်က လွတ်စေချင်သည်...အခု ဝတ်မှုံကလဲ အလှပန်း များ ပွင့်လန်းပြီး အပျိုတစ်ယောက်ဖြစ်လာပြီမို့ သူ့အမ လိုဖြစ်သွားမှာ သူအလွန်ကြောက်နေသည်...

မီးပတ်လည်ဝန်းရံတဲ့ဒဏ်မခံနိုင်လို့
သားစားကျားရဲတွင်းထဲ
ခုန်ဆင်းခဲ့ရတဲ့ သမင်ငယ်မလေး
တွေလဲကမ္ဘာပေါ်မှာ
အမြောက်အများရှိလေရဲ့..

ဝတ်မှုံ အိမ်ထဲ ဝင်လာတော့ ဧည့်ခမ်းမှာ မေမေ နဲ့ မမ တို့ တစ်စုံ တစ်ခု သော အကြောင်းအရာ ကို အပြင်းအထန် အကြိတ်အနယ် ဆွေးနွေးနေကြ ဟန်ရှိပြီး သူမ ကို တွေ့တော့ နှစ်ယောက်သား စကားကို ကမန်းကတန်း ဖြတ်လိုက်ကြတယ်..

“ဟော သမီးငယ် တောင် ကျောင်းကပြန်လာပြီ ပင်ပမ်းလာပြီလား ခဏနားပြီး ထမင်းစားလိုက်အုံးနော် ရေအရင်သွားချိုးလိုက် မေမေ ထမင်းခူးထားလိုက်မယ်..”

ပြောပြောဆိုဆိုဖြင့် ဝတ်မှုံ၏ မိခင်ဖြစ်သူမှာ နောက်ဖေးခန်းသို့ ထွက်သွားသဖြင့် ဝတ်မှုံလဲ သူမအခန်းထဲ ဝင်၍ အဝတ်အစားလဲရင်း မိခင်ဖြစ်သူနှင့် အမ ဖြစ်သူ တို့၏ မူမမှန်သော အခြေအနေကို စဉ်းစားနေမိသည်..။

အမဖြစ်သူ အကြောင်းကိုလဲ တွေးရင်း သနားမိသည် သူမတို့ငယ်စဉ် တုန်းက တစ်ပါတ်လျှင် တစ်ရက်နှစ်ရက်လောက် ဆိုသလို မိခင်ဖြစ်သူသည် အိမ်ရှေ့တွင် လာရောက် ရပ်နားသော ကားလှလှကြီးများဖြင့် ပါသွားတတ်ပြီး မနက်မိုးလင်း ပြန်လာလျှင် သူမတို့ ညီအမ နှစ်ယောက် အတွက် အရုပ်များ စားစရာ ချောကလက် များ ပါလာတတ်သဖြင့် ညဘက် မိခင် မရှိသဖြင့် ဝမ်းနည်း အားငယ် ရသမျှတွေ ပျောက်ပြီး ပျော်ရွှင် ခဲ့ကြဖူးသည်..

နောက်သိတတ်စ အရွယ်ရောက်လာတော့ သူမတို့ ညီအမ နှစ်ဦးသား ဖက်ပြီး ကြိတ်ငိုခဲ့ကြရပေါင်းလည်း မနည်းလှပါ..

နောက်ပိုင်း အမဖြစ်သူ အရွယ်ရောက်လာတော့ ပညာမစုံ ခင်မှာပင် မိခင်ကြီး အရွယ် ကျလာသည့် အပြင် ကျောထောက် နောက်ခံ ဖြစ်အောင် စုဆောင်းပြီး တည်ထားသော အိမ်ဆိုင်ကလေး မှ ရောင်းရငွေများ တရားမဝင်ငွေစက္ကူ ကြေညာခံရသည့် အထဲ ပါသွားသည့် အတွက် မိခင်နှင့် ညီမငယ်လေး အတွက် သူမ မုန်းတီး စက်ဆုတ် ပြီး ဘယ်တော့မှ ဒီဘဝထဲ အရောက်မခံဟု စိတ်ပိုင်းဖြတ်ထားသော အမဖြစ်သူခမျာ သူမ မုန်းတီးသော အလုပ်ကို မိခင်ထံ မှ ဆက်လက် အမွေခံ ခဲ့ရသည်..

ညဘက် ကျောင်းမှ အိမ်စာများ လုပ်နေသော ဝတ်မှုံအနီးသို့ အမဖြစ်သူ ရောက်လာပြီး ဘေးမှ ခုံကို ဆွဲယူထိုင်လိုက်သည်..

“ညီမလေး ဝတ်မှုံ”

“ဟင် ဘာလဲ မမ”

“ညီမလေးကို မမ ပြောမထွက်ဘူးကွယ် ဒါ.. ဒါပေမယ့်လေ မေမေ့ ခမျာဘဝလမ်း ခရီးကြမ်းတမ်းခဲ့တယ်ကွယ် အဲဒီတော့လေ မေမေ့ကို ဘဝနောက်ဆုံး အချိန်လေး တွေမှာ အေးချမ်းစေချင်တယ် အခု မမ တို့မှာ နဲနဲလေးတော့ စုမိဆောင်းမိ ပြီး အိမ်ဆိုင်ကလေးကလဲ စားလောက်သောက်လောက် ရုံတော့ ရပါတယ် ဒါပေမယ့် ဒီအိမ် ဟာ သူများဆီက ငှားနေရတဲ့ အိမ် ဆိုတော့ နှစ်စဉ် စပေါ်ငွေကတိုး အိမ်လခက တိုးနဲ့နောင်အရှည် ကျရင် ညီမလေး လဲ ယောကျၤား ယူပြီး ထွက်သွားမှာဆိုတော့ မေမေ အတွက် ဒီအိမ်လေး ကို အပိုင်ဖြစ်စေချင်တယ်..”

“ဒီအိမ် ကို အပိုင်ဖြစ်ဖို့က လွယ်မှ မလွယ်တာ မမ ရဲ့ ဟိုးအရင်ကတော့ လူသိပ်မနေကြသေးတဲ့ နေရာဆိုတော့ ဈေးက သက်သာတယ် အခုက ဒီနေရာလေးက လမ်းမနဲ့နီး ဈေးနီးကျောင်းနီး ဆိုတော့ ဈေးက နည်းမှ မနည်းတာ ညီမလေးတို့ ဘယ်ဝယ်နိုင်ပါ့ မလဲ..”

“ညီမလေး ပြောတာ ဟုတ်ပါတယ် ဒါပေမယ့် အခွင့်အရေး တစ်ခုတော့ ပေါ်နေတယ် ကွယ် အဲဒါ က ညီမလေး အပေါ် မူတည်နေတယ်”

“ရှင် ညီမလေး အပေါ်မူတည်နေတယ်???”

“ဟုတ်တယ် ညီမလေး ဒါပေမယ့် မမ အတင်း မတိုက်တွန်းပါဘူး မမတို့မိသားစုမှာ ဒီအခွင့်အရေးလေး တစ်ခုလောလောဆယ် ရနေတယ် ဆိုတာလေး ကို ညီမလေး ကို ပြောပြချင်တာပါ ဒီအိမ်ကို သာဝယ်ပြီး သွားရင် မမတို့ မိသားစု အနှောင်အဖွဲ့ကင်းကင်းနဲ့ အိမ်ဆိုင်လေးကို အားကိုးပြီး ဖြူစင် သန့်ရှင်းစွာ နေလို့ ရသွားပြီ မမလဲ မမ မုန်းတီး ရွံရှာတဲ့ ဒီအလုပ် ကို ဆက်မလုပ်ချင်တော့ဘူး..”

“ကဲ ဒါဆိုလဲ မမ ပြောတဲ့ အခွင့်အရေးဆိုတာ ကို ပြောပြပါအုံး..”

“ဟင်းးးးးး”

“ပြီးခဲ့တဲ့ အပတ်က မမ ကိုလာကြိုတဲ့ ကားပေါ်မှာ နိုင်ငံခြားသား ပါပါလာတယ် သူက ညီမလေးကို တွေ့သွားလို့ အရမ်းကြိုက်တယ် တဲ့လေ အဲဒါ မမက ပြောပါတယ် ဒါကျွန်မ ညီမ လေး အပျိုဖြစ်ခါစ ပါ နောက်ပြီး သူ့ကို ဒီအလုပ် ကို ဘယ်တော့မှ မလုပ်စေရဘူး ပညာသင် ဘွဲ့ယူပြီးရင် သူ့ဘဝကို ဖြူစင်စွာ နဲ့ ဆောက်တည် နိုင်စေရမယ် လို့........
အဲဒါကိုကွယ် သူက သူအရမ်းကြိုက်တယ် တစ်ညထဲပဲ မင်းတို့ တိုင်းပြည်မှာ မယုံနိုင်လောက်တဲ့ ငွေ ပေးမယ် လို့ပြောတယ် သူပေးမယ် ဆိုတဲ့ ငွေပမာဏက မြန်မာငွေနဲ့ ပြန်တွက်ကြည့်လိုက်ရင် မမတို့ ဒီအိမ်ကို ဝယ်နိုင်တဲ့ အပြင် အိမ်ဆိုင်လေးကိုပါ တိုးချဲ့ပြီး မမ တို့မိသားစု ဘဝနောင်ရေး အေးအေးဆေးဆေး နေလို့ရသွားပြီ မေမေလဲ နောင်ရေးအတွက် ပူစရာ မလိုသလို မမလဲ ဒီဘဝကြီး ကကျွတ်ပြီ ..
ညီမလေး ကို လုပ်ကို လုပ်ရမယ် လို့ မပြောပါဘူး ညီမလေး စိတ်ထဲ ရှိသလို သာလုပ်ပါ ညီမလေးကို ဒီလို ပြောတာကို က မမ အတွက် အပြစ်ကြီးလုပ်မိသလိုပါပဲ..”

ဝတ်မှုံတစ်ယောက် အိပ်ရာထဲမှာလူးလှိမ့်ရင်း အတွေးတွေ ပွားနေမိတယ် မျက်စိပိတ်လိုက် တိုင်းလဲ အာရုံထဲ ပေါ်လာတာက မေမေ ရယ် မမ ရယ် ချစ်ရတဲ့ ချစ်သူမောင်ရယ် အားလုံးရဲ့ မျက်နှာတွေ တစ်လှည့်စီ ပေါ်နေတယ် နောက်တော့လဲ မေမေ နဲ့ မမ တို့ မိသားစု အတွက် မလုပ်ချင်ပဲ လုပ်ခဲ့ပြီး သူမကို စောင့်ရှောက်ကျွေးမွေး လာခဲ့ တာတွေ ကိုလဲ ခေါင်းထဲက ထုတ်မရ ..သူမ ၏ အပျိုစင် ဘဝလေးကို မောင့်တစ်ယောက်ထဲ ကိုသာ တန်ဖိုးရှိစွာ ပေးအပ်ချင် တာနဲ့ မေမေ နဲ့ မမ တို့ အတွက် တစ်ညတာ ရင်းပြီး တစ်ဘဝစာ လုံခြုံသွားနိုင်တယ် ဆိုတဲ့ အတွေးက တစ်ဖက် သူမ အတွက် ဒီကနေ့ ညကတော့ နိုးတစ်ဝက် အိပ်မက် ဆိုးတွေ ကြားထဲ ချောက်ခြားစွာ ဖြတ်သန်းခဲ့ ရတဲ့ ညတစ်ည ဖြစ်ခဲ့ ရပါပြီ...

ဒီလိုနဲ့ မနက်မိုးသောက် အလင်းရောက်လို့ လာခဲ့ ပါပြီ သူမ တို့ မိသားစု ရဲ့ မနက်စာ စားပွဲ ဝိုင်းလေးမှာ ထမင်းကို ပဲပြုတ်လေး နဲ့ဆီရွဲရွဲ နယ်လို့ ကြက်သွန်ကြော် ဘူးသီးကြော်လေးကို ပူပူနွေးနွေး အချဉ်နဲ့ တို့စားနေရင်းနဲ့ အရင်က သူမ အရမ်းကြိုက်နှစ်သက်တဲ့ မနက်စာလေး ဟာဒီကနေ့ တော့ အရသာ ကင်းမဲ့နေသလို ခံစားနေမိတယ် သူမ ဒီလို စားသောက်နိုင်ဖို့ အတွက် မေမေ နဲ့ မမ တို့ ဘဝတွေ ရင်းခဲ့ ရတယ် မမဆိုရင် သူ့ချစ်သူကို စွန့်လွှတ်ပြီး ချစ်ညီမငယ် နဲ့ မိခင်တို့ အတွက် သူမ ဘဝကို စတေး ခဲ့ တာပါ အဲဒီတော့ ဝတ်မှုံ တစ်ယောက် ဆုံးဖြတ်ချက် ချလိုက်ပြီး စိတ်ထဲ ကလဲ တီးတိုး တောင်းပန်နေမိတယ်...

ဝတ်မှုံကို ခွင့်လွှတ်ပါတော့ မောင်.....

“ကဲ မမ ညီမလေး တစ်ညစွန့်စားရုံနဲ့ ညီမလေးတို့ မိသားစု အတွက် တစ်ဘဝစာ လုံခြုံသွားမယ် ဆိုရင် မေမေ့ အတွက်လဲ နောင်ရေး စိတ်အေးရ မမလဲ ဒီဘဝကြီးက ကျွတ်မယ် ဆိုရင် ညီမလေး ဒီတစ်ည ကို စတေး လိုက်ပါ့မယ် .. ဒါပေမယ့် ရပ်ကွက် ထဲကို တော့ ဒီကားကြီး မလာပါစေနဲ့ တစ်နေရာမှာ ဆုံဖို့ ချိန်းလိုက်ကြတာပေါ့..”

ဝတ်မှုံ စကား အဆုံးမှာတော့ မေမေ ကော မမ ကော ဝတ်မှုံပါ ထမင်းပန်းကန် တွေ ရှေ့ချပြီး အသက်မဲ့နေတဲ့ ရုပ်ထုတွေလို စကား မဆိုနိုင်ပဲ ငြိမ်သက် စွာ ငေးငိုင်နေမိကြတယ်..

ဒီလိုနဲ့ စနေနေ့ညမှာ မမ နဲ့ ဝတ်မှုံ တို့ လမ်းထိပ်ကနေ ကားငှားပြီး ချိန်းထားတဲ့ နေရာကိုသွား အသင့်စောင့်နေတဲ့ မာစီးဒီးကားကြီး ပေါ်ကို ဝတ်မှုံ တစ်ယောက် တက်လိုက်သွားတာကို ကြည့်ပြီး အမ ဖြစ်သူ တစ်ယောက် အိမ်ပြန်လာပြီး သူမရဲ့ ပထမ ဦးဆုံး အတွေ့ အကြုံတွေ ကို ပြန်လည် မြင်ယောင် မိရင်း ညီမငယ် ဖြစ်သူ ဒီအချိန်မှာ သူမ လိုပဲ ရွံ့ရှာ စပ်ဆုတ်စွာ နာကျည်းကျေကွဲဆို့နင့်စွာ ခံစားနေရမှာပဲ လို့ တွေးရင်း အိမ်ရှေ့ ဧည့်ခန်းမ မှာ ထိုင်နေမိတယ်..။

နောက်တော့ မိုးမလင်းတလင်း အလင်းရောင် မပေါ့်တစ်ပေါ် အချိန်မှာ လမ်းအတွင်းဝင်လာတဲ့ ကားကြီး ..
ကားပေါ်က ဆင်းလာတဲ့ ယိမ်းယိုင်နေတဲ့ ကောင်မလေး တစ်ယောက်..

အမဖြစ်သူရဲ့ ရင်ခွင်ထဲ ကနေ မိခင်ကို ကြည့်ရင်း ဇက်ကျိုးကျ သွားတဲ့ ကောင်မလေး သူမရဲ့ လက်တွေထဲက ခုန်ပေါက် ပြီး ဆင်းလာတဲ့ ဒေါ်လာတွေ...

ဝတ်ဆင်ထားတဲ့ ဂါဝန် ကလေး ရဲ့အောက်ပိုင်း တစ်ခုလုံး သွေးများ စိုရွဲ ပြီးငြိမ်သက် သွားတဲ့ ကောင်မလေး ကို ကြည့်ရင်း အော်ဟစ် ငိုရှိုက်လိုက်တဲ့ မိခင်နဲ့ အမဖြစ်သူ...

“ဝတ်မှုံ......ဝတ်မှုံ......”

ရပ်ကွက်ကလေး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့လေပြီ..............။
Read more


ကျီးကန်း

ကဗျာမရေးတာ ကြာပြီ ဖြစ်တဲ့ ကျွန်တော့ ရဲ့ အကိုကြီးအရင်းကို ကျွန်တော် ကဗျာတွေ ပြန်ရေးဖို့ တိုက်တွန်းလွန်းအားကြီးတာကြောင့် သူ့ရဲ့ ကဗျာလေးတွေ ထဲက တစ်ပုဒ်ကို ကျွန်တော့် ထံ ဒီကနေ့ ပို့ပေးလိုက်တာကြောင့် အားလုံး မျှဝေခံစားနိုင်ဖို့ တင်ပေးလိုက်ပါတယ်..။

ကျီးကန်း

ငါ့ကျီးကန်းက တက်ဒ်ဟယူးစ်ရဲ့ ကျီးကန်းလို မဟုတ်ဘူး၊
ပြူးကျယ်ကျယ်မျက်လုံးတွေက အမြင်ကျယ်ဖို့ မဟုတ်ဘဲ
ပိုင်ရှင် မကြည်ဖြူတဲ့ အရာတွေကို အလစ်ထိုးသုတ်ဖို့သာ အသုံးဝင်သတဲ့။

ကြည့်လေ...
ခုန်ဆွ ခုန်ဆွ၊ မထီတထီ
ခေါင်းကို ဘယ်စောင်းလိုက် ညာငဲ့လိုက် ခုန်ဆွ ခုန်ဆွ

တိုက်ခေါင်မိုးတစ်ခုကနေတစ်ခု
နောက်ဖေးလမ်းကြားရေဆင်းပိုက်တစ်ခုကနေတစ်ခု
မိလ္လာအုတ်ခုံ တစ်ခုကနေတစ်ခု

ခုန်ဆွ၊ ခုန်ဆွ၊ ခုန်ဆွ

လက်ဆေးကြွေခွက်မှာ လက်ဆေးတယ်၊ ပလုတ်ကျင်းတယ်
ပြူတင်းပေါက်သံပန်းကတစ်ဆင့် အပြင်ကိုလှမ်းအကြည့်မှာ
မျက်နှာကို အပက် ခံလိုက်ရတဲ့ အာရုံ အညစ်အကြေး တစ်ခု။ ။

ခင်အောင်အေး
၁၇/၀၇/၂၀၀၀
Read more


စိတ်ကုဆေးရုံသို့ရောက်ခဲ့စဉ်က

စိတ်ကုဆေးရုံကို ရောက်ခဲ့စဉ်က ဆိုလို့ ကိုလင်းထက် တစ်ယောက် စိတ္တဇဆေးရုံတက်ဖူးတယ် လို့တော့ အထင်တော် မလွဲလိုက်ကြပါနဲ့ဗျာ..

ညက ရုပ်ရှင် ကြည့်ရင်း ရုပ်ရှင်ထဲမှာ ဆရာဝန်က စိတ္တဇဝေဒနာရှင် တစ်ယောက် ကို မေးမြန်းနေတုန်း လူနာက သူ့မျက်လုံးကို သူ့ဖာသာ စားပွဲပေါ်က ဘောပင် နဲ့ ထိုးဖောက် လိုက်တာ ကြည့်ရင်းနဲ့ ကျွန်တော် အရင်က ရန်ကုန်မြို့ မရမ်းကုန်း နားက စိတ်ကုဆေးရုံ ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ခဲ့ ဖူးတာကို သတိရပြီး ပြုံးမိလို့ ပြန်ရေးလိုက်တာပါ..။

ပထမ တစ်ခေါက်ကတော့ ရပ်ကွက် ထဲက ယဉ်ယဉ်လေး စိတ်ဝေဒနာ ခံစားနေရတဲ့ သူကို အိမ်ကို မီးရှို့မယ် လုပ်လို့ သွားပြီးကူညီလိုက်ပို့ တုန်းကပါ..

အဲဒီနေ့က အဲဒီလူကလဲ အတော်ကြမ်းနေတော့ အိမ်သားတွေ မနိုင်တာနဲ့ ဝိုင်းကူဖမ်းချုပ်ပြီး ကားနဲ့ သွားပို့ကြတာပါ သူကလဲ နှစ်ခေါက် သုံးခေါက်လောက် ရောက်ဖူးတယ် ခင်ဗျ..

တစ်လမ်းလုံး လဲကြိမ်းမောင်း ဆဲဆို လာလိုက်တာ ဆိုတာ လိုက်ပို့တဲ့ သူတွေ အတော်လေး အခံရခက်ပေမယ့် စိတ်ဝေဒနာ ခံစားနေရတာပဲလေ ဆိုပြီး ကြိတ်မှိတ် သည်းခံပြီး လာလိုက်တာ အောင်မယ် ဆရာက မရမ်းကုန်း လမ်းဆုံ လောက်လဲ ရောက်ကော စပြီး ငြိမ်လာတယ် ငြိမ်တယ် ဆိုတာ လူနဲ့ ပါးစပ် သာငြိမ်တာပါ မျက်လုံး က ကျီးကန်းတောင်းမှောက် ပတ်ဝန်းကျင် ကို လျှောက်ကြည့်နေတာ..

ဆေးရုံနား ရောက်လာလေ ငြိမ်လေပဲ ဆေးရုံ ဝင်းတံခါး ဝလဲ ရောက်ကော..
ရှေ့က ကားမောင်းလာတဲ့ သူ့ အကိုဖြစ်သူကို

“အကို ဘာလာလုပ်တာလဲ ဒီကို အိမ်ပြန်ကြရအောင်ဗျာ”

အကိုဖြစ်သူက ဘာမှ ပြန်မပြောတော့လဲ သူက ခပ်တည်တည် ပဲ အေးဆေး ငြိမ်သက်လို့ လွန်ခဲ့တဲ့ နာရီဝက်လောက်က သူပဲ မဟုတ်သလိုလို နဲ့..

ဒီလိုနဲ့ အရေးပေါ်လူနာလက်ခံ ရာလို့ပဲ ပြောရမလား မသိ အဆောက်အဦးလေး တစ်ခု ကိုရောက်သွားပါတယ်..
အဲဒီမှာ စိတ်ကုဆေးရုံ ဖွဲ့စည်းပုံက ကားလမ်းဘေးမှာ ဝင်းအုတ်တံတိုင်း တစ်ခု အဲဒီပထမ ဝင်းအုတ်တံတိုင်း ထဲမှာမှ ကားရပ်ဖို့နေရာတွေရယ် လူနာလာပို့တဲ့ သူတွေ စားသောက်ဖို့ လဘက်ရည်ဆိုင် စားသောက်ဆိုင်တွေရယ် လူနာလက်ခံစမ်းသပ် ဖို့ ဆေးခန်းလေးလို မျိုး အဆာက်အဦး တစ်ခုရယ် အဲဒါတွေ ရှိတယ် ..

နောက်တော့မှ နောက်ထပ် ဝင်းအုတ်တံတိုင်း တစ်ခု ဂိတ်မကြီးမှာ အစောင့်တွေနဲ့ အဲဒီလမ်းကလေး အတိုင်းဝင်သွားရင် ဘေးဘက်တွေမှာ စိတ်ဝေဒနာရှင်တွေ ကိုထားတဲ့ အဆောက်အဦးတွေ ဘေးဘယ်ညာမှာ တန်းစီလို့ပေါ့လေ...

အဲဒီလိုနဲ့ လူနာလက်ခံရာအဆောက်အဦးလေးထဲ ရောက်သွားအပြီးမှာ ချထားပေးတဲ့ ခုံတန်းလေးတွေ မှာ ဝင်ထိုင်လိုက် ကြပါတယ်.. လူလဲ အတော်အတန် ရောက်နှင့် နေကြလေရဲ့..ဒီလိုနဲ့ အူကြောင်ကြောင် နဲ့ဝင်ထိုင်နေကြတုန်း ဘေးက လူတစ်ယောက်က ကွက်ကြည့်ကွက်ကြည့်နဲ့ ကျွန်တော်တို့ အုပ်စုကို ကြည့်နေရင်း က မနေနိုင်တော့တဲ့ ပုံနဲ့..

“ဟေ့ ဒီက ညီလေးတို့ တိုကင် ယူပြီးပြီလား”

“မယူရသေးဘူး အကို တိုကင် ယူရအုံးမှာလား ဘယ်မှာယူရမလဲ ခင်ဗျ”

လူနာရဲ့အကိုဖြစ်သူက ပြန်မေးလိုက်ပါတယ်..

“ဟိုအခန်းလေး ထဲမှာ နပ်စ်မ ရှိတယ် သူ့ကိုသွားအကြောင်းကြားပြီး တိုကင် ယူလိုက်”

လူနာရဲ့အကိုဖြစ်သူလဲ ကျေးဇူးတင် စကားတွေ အထပ်ထပ် ဆိုရင်း တိုကင် သွားယူလိုက်ပါတယ်..

အဲဒီဖြစ်ရပ်တွေကို ရောက်နှင့်နေသူ တွေက ကြည့်ပြီး အားလုံး ပြုံးစိ ပြုံးစိ လုပ်နေလို့ ..

အော်ငါတို့ ဆေးရုံမှာ တိုကင်ယူရကောင်းမှန်း မသိလို့ ပြုံးတယ် လို့ပဲ ထင်လိုက်မိပါတယ်..

ခဏလောက် အကြာမှာပဲ..

နပ်စ်မ တစ်ယောက် ထွက်လာပြီး လူနာအမည် နဲ့ခေါ်ပါတော့တယ်.

“ကိုဝင်းမောင် ရှိလား အလှည့်ရောက်ပြီ”

“ဟုတ်ကဲ့ ဆရာမ ရှိပါတယ် မတွေ့တာတောင် အတော်ကြာပီနော် နေကောင်းလား ”

အဲဒီလို အလာပသလာပ တွေ ပြောပြီး ဘေးမှာ အစောင့်အရှောက်နဲ့ ထသွားသူကတော့ ကျွန်တော်တို့ အုပ်စုကို တိုကင်ယူဖို့ ညွှန်ကြားခဲ့သူ ကိုယ်တော်ချော ပါပဲ ဒီတော့မှ ရောက်နှင့်နေသူတွေ ဝိုင်းပြီး ပြုံးစိ ပြုံးစိ ကြည့်တဲ့ အဖြစ်ကို ရိပ်မိပါတော့တယ်..

ဝေဒနာသည်က ပြန်ပြီးတိုကင် ယူဖို့ ပြောခံရတဲ့ အဖြစ်ကိုးဗျ အေးလေ ပြောခံရလဲ တတ်နိုင်ဘူး ကိုယ်တွေ မှ မရောက်ဖူးတာ ဝေဒနာ ရှင်ရဲ့ အကိုကလဲ ရောက်ဖူးရုံပဲ ရှိတယ် အရင်က သူ့အဖေအမေ တွေပဲ အထဲဝင်တာကိုး သူက အမြဲ လဘက်ရည်ဆိုင်မှာ ထိုင်ထိုင် ကျန်ခဲ့တယ် ဆိုပဲ...

ဒီလိုနဲ့ ကျွန်တော်တို့ အလှည့် ကိုရောက်ပါပြီ လူနာရယ် သူ့အကိုရယ် ကျွန်တော်ရယ် အထဲ ဝင်သွားလိုက်ကြတယ်..

အထဲ ရောက်တော့ ဆရာဝန်က လူနာမှတ်တမ်း ကိုဖတ်ပြီး

“ ကဲ ဘာဖြစ်လဲပြောပါအုံး”

လို့လဲ မေးလိုက်ကော

“ကျွန်တော့် အကိုပေါ့ ဆရာ နဲနဲ ဟိုဟာ ဖြစ်နေလို့လေ” သူက လျှို့ဝှက်စကား ပြောနေသလို ဆရာဝန် ဘက်ဆီကို ဦးခေါင်းကို ညွတ်ကိုင်းပြီး မျက်ရိပ် မျက်ကဲ ကလဲ ပြသေး လက်ကလဲ ဦးခေါင်း နားထင်နား လက်ညိုးလေး ကို အသာရစ်ပြလို့ အဓိပ္ပာယ် က သူ့အကို ဦးနှောက် မကောင်း လို့ပေါ့လေ ဆရာဝန်ကို တီးတိုးပြောနေလေရဲ့..

ကျွန်တော် အသားကုန် ရယ်ချင်သွားတယ် ဆေးရုံလာပို့တဲ့ အကိုဖြစ်သူကိုပဲ ရူးနေတယ် ဆိုပြီး ဆရာဝန်ကို ဝေဒနာရှင်က အရင်သွားတိုင်နေတာကိုး ..သူ့အကိုဖြစ်သူကို ကြည့်လိုက်တော့လဲ မျက်နှာကြီးနီရဲနေပြီး အတော်လေးကို ဒေါသဖြစ်သလို ရယ်ချင်သလိုနဲ့ မအီမလည် ဖြစ်နေတဲ့ ရုပ်..

“အဲဒါ ဆရာရယ် သူက ကားအရမ်းမောင်း ချင်တယ် မဟုတ်လား ဒီတော့ ကားပတ်မောင်းရအောင် ဆိုပြီး ဒီကို ခေါ်လာတာပါပဲ ဆရာရယ်”

ပြောပြီး မောသွားဟန်ဖြင့် စကားကို ရပ်နားလိုက်တဲ့ လူနာဖြစ်သူကို ကြည့်ပြီး ဆရာဝန်ကလဲ ပြုံးစိ ပြုံးစိ

နောက်တော့ အကိုဖြစ်သူ ရှင်းပြသမျှ နားထောင်ပြီး ဆရာဝန်က မှတ်ချက်ရေး လိုအပ်တဲ့ စာရွက် စာတမ်းတွေ လုပ်ပြီးသကာလ ဆရာဝန်က လူနာဖြစ်သူ ဝေဒနာရှင် လက်ထဲ စာရွက် စာတမ်းတွေ ထိုးထည့်ပေးပြီး ..

“ ကဲ ဒီစာရွက်တွေ ယူပြီး မင်းအကို ကို ထားရမယ့် ဆေးကုသဆောင် ကို လိုက်ပို့လိုက် ဟုတ်ပြီလား”

လူနာကလဲ စိတ်မကောင်းတဲ့ ပုံနဲ့

“ဟုတ်ကဲ့ပါ ဆရာ ကျွန်တော့်အကိုကို အကောင်းဆုံး ဖြစ်အောင်သာ ကုသပေးပါ ဆရာရယ် ဆရာတို့ကို အားကိုးပါတယ်”

ဆိုပြီး စာရွက်တွေ ကိုင်လို့ရှေ့က သုတ်သုတ် သုတ်သုတ် နဲ့ ထွက်သွားတယ်...

ဒီတော့မှ ဆရာဝန်က ကျွန်တော် တို့ကို မျက်စိမှိတ်ပြပြီး ..

“သူ့ကို နေမကောင်းဘူး ပြောရင် ဆေးရုံဝင်းထဲ ခေါ်သွားဖို့ ညီအကို တို့ အလုပ်ရှုပ်ကုန် လိမ့်မယ် သူက ကြမ်းချင် ထကြမ်းနိုင်တယ်လေ ဒီတော့ ဒီလိုပဲ သူ့အလိုက်အထိုက်လေး နဲ့ လုပ်ရတာပေါ့ နောက်က ဆေးရုံဝန်ထမ်း တစ်ယောက် လိုက်ပို့ပါလိမ့်မယ် ”

ဒါနဲ့ပဲ ဆေးရုံဝန်ထမ်း ခေါ်ဆောင်ရာ နောက်ကို လိုက်လာခဲ့ ကြတယ် နောက်တော့ ဆေးရုံဝင်းထဲ ရောက်လူနာလက်ခံတဲ့ နေရာရောက်တော့မှ ဆရာဝန်ကို စာရွက်စာတမ်းတွေ ပေးပြီး ဆေးရုံဝန်ထမ်းက ဝေဒနာရှင် ကို ..

“ကဲ ဒီမှာ ခဏစောင့်နေအုံးနော် ဒီလူတွေကို ထားမယ့် အခန်းလိုက်ပို့လိုက်အုံးမယ် စိတ်မပူနဲ့ ဟုတ်ပြီလား”

ကိုယ်တော်ချောကလဲ

“ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော့် အကိုကို ကောင်းကောင်း စောင့်ရှောက်ပေးကြပါဗျာ ”

လို့တောင် မှာတမ်း ချွေလိုက်သေး..

အဲဒီလိုနဲ့ ဝေဒနာရှင် ကိုသူ့အလိုက်အထိုက် လိုက်ပြီး မလှိမ့်တပတ် နဲ့ ဆေးရုံမှာ ထားခဲ့ ပြီး အပြန်လမ်း တစ်လျှောက်မှာ တစ်ကားလုံး ရယ်လိုက်ရတာ ဆိုတာ ဗိုက်တွေ တောင် အောင့်သဗျာ..။

နောက်တစ်ခေါက်ကတော့ သငေ်္ဘာ လိုက်ဖို့ စလုပ်ခါစ ဆင်မလိုက်ကရေကြောင်းပညာသိပ္ပံ မှာ ဖိုးတိကက် လို့ခေါ်တဲ့ သင်တန်းတက်ဖို့ အရေး ကို ဆေးစစ်ရမတဲ့လေ ဆေးစစ်တာက ဟုတ်ပါပြီ သူတို့က အပြင်မှာလဲ မစစ်စေချင်ဘူး လူတွေ ရူးမရူး နဲ့ မူးယစ်ဆေး သုံးမသုံး လဲ သိချင်တယ် ဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် စိတ်ကုဆေးရုံမှာ သငေ်္ဘာသား အသစ်စက်စက်လေး တွေအတွက် ဆေးစစ်ဌာန လုပ်ထားလေရဲ့..

အဲဒီလို နဲ့ပေါ့ဗျာ သူချိန်းထားတဲ့ နေရာ ကိုယ်ကစောင့်ရမှာ ဆိုတဲ့ ကိုင်ဇာ ရဲ့ သီချင်းအတိုင်း မနက်စောစော စိတ်ကုဆေးရုံ ဝင်းတံခါးဂိတ်မှာ လွယ်အိတ်လေး တွေ ဖိုင်လေးတွေ လွယ်လို့ ကိုင်လို့ သနားကမားရုပ်ကလေးတွေနဲ့ သငေ်္ဘာသားလောင်း လေးတွေ မနက်စောစော တန်းစီနေကြပါပြီ..

ဆေးရုံဝင်းထဲ လာတဲ့ သူတွေကလဲ ဒီကောင်လေးတွေ ဘာလဲ ပေါ့ ကွက်ကြည့် ကွက်ကြည့်နဲ့ ဟိ ဟိ..

အဲဒီမှာ ကျွန်တော် နဲ့ ကုမ္ပဏီ တူတူ သင်တန်း လျှောက်တာခြင်းလဲ တူတူ ဖြစ်တဲ့ ဘော်ဒါ တစ်ယောက်လဲ ပါပါတယ် နှစ်ယောက်ဆိုတော့ နဲနဲ အားရှိတာပေါ့ဗျာ ဟဲ ဟဲ နို့မို့ဆို ကြောင်တောင်တောင် နိုင်လိုက်မယ့်ဖြစ်ခြင်းဆိုတာ..

ခဏလောက် လဲနေရော ရုပ်ကို တမင် အပေါက်ဆိုးအောင် လုပ်ထားပုံ ရတဲ့ မျက်နှာ ရှစ်ခေါက်ချိုး နဲ့ လူတစ်ယောက် ဝင်းတံခါး ဝကို ရောက်လာပြီး နာမည်တွေ ခေါ်ပါတော့တယ် နာမည် မခေါ်ခင် မှာတမ်းက အရင်ချွေသေးသဗျ.

ခင်ဗျားတို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ တစ်ပါတည်း ပါမပါ စစ်ပါ.။

နာမည်ခေါ်ရင် ဟုတ်ရှိပါတယ်ခင်ဗျ လို့ထူးပါ..။

ပြီးရင် စာရွက်စာတမ်း နဲ့ အမျိုးသားမှတ်ပုံတင် ကို တစ်ခါတည်းထုတ်ထားပြီး ဂိတ်ပေါက်ထဲ ကိုဝင်ပါ..။

(တော်သေးတယ် သငေ်္ဘာသားဆိုတော့ အမျိုးသားချည်းဖြစ်နေလို့ တကယ်လို့များ အမျိုးသမီးဆိုရင် မိန်းမဖြစ်ပြီး အမျိုးသားမှတ်ပုံတင်ပဲ ရှိရလားဆိုပြီး ရစ်ချင် ရစ်နေမှာ)

နာမည် မပါသော သူများ စောင့်ပါ အချိန်ရလျှင် ဒီကနေ့ အပြီးစစ်ပေးပြီး အချိန်မရလျှင် နောက်နေ့ တန်းစီဇယားတွင် ထည့်ပေးမည်..။

အဲဂလိုဗျလူလေး အယောက်နှစ်ဆယ် လောက်ကိုတောင် နှစ်ရက်ခွဲ ပြီးစစ်ချင်သဗျ ဒါက သူတို့ရဲ့ နည်းဗျူဟာပါ အဲဒီလို မဖြစ်ချင်ရင် လက်သိပ်ထိုးလေး နာမည်စာရင်းထဲ ပါအောင် ထုံးစံ အတိုင်းလေး တွေ လုပ်ပေးရတယ် ဒါပေမယ့် ဒါက ဖိန့်ဖိန့်လေ ကြောက်တဲ့ သူတွေက ပေးပေါ့ ကျွန်တော်တော့ အားမပေးလို့ မပေးဘူး နောက်တော့လဲ ဆယ်ယောက်ဆယ်ယောက် စီ အထဲရောက်သွားတာပါပဲ..

ကျွန်တော်နဲ့ သူငယ်ချင်းလဲ ကံကောင်းထောက်မ စွာ ပထမ အသုတ်ထဲ ပါသွားတော့ ပိုပြီး မပေးချင်ဘူးပေါ့ ကျန်ခဲ့တဲ့ ၁၀ ယောက်ကတော့ ကြောက်လန့်ပြီးလဘက်ရည်ဖိုး စမူဆာဖိုး ပေါက်စီဖိုးနဲ့ စီးကရက်ဖိုးတွေ စုပေါင်းပြီး ထွက်သွားလေရဲ့ ဒါက နောက်တော့ သူတို့ ပြန်ပြောပြတာပါ..
အမှန်ကတော့ SECD သငေ်္ဘာသားရုံးက ဖောင်တင်တဲ့ နံပါတ်အလိုက် လူစာရင်း စီပြီး ပို့လိုက်တာ အဲဒါကို သူတို့က ၁၀ ယောက်စီ ခွဲခေါ်ပြီး နဲနဲ ခြောက်လှန့်လိုက်တော့ နောက်နေ့ထပ်မလာချင်သူ စာရင်းထဲ နောက်ရောက်နေသူများ ကြောက်လန့်ပြီး ဟိုဟို ဒီဒီဖိုးတွေ ထွက်သွားတာပါပဲ..။

ဒီလိုနဲ့ ပထမ အသုတ် ကျွန်တော်တို့ ၁၀ ယောက် မျက်နှာထားဆိုးဆိုး လူနောက်က တန်းစီပြီး ဝင်းထဲက ကားလမ်းလေး အတိုင်းလျှောက်လာ ကြရောပေါ့ဗျာ..လူတွေက ဒီထဲကို မရောက်ဖူးတော့ ဟိုကြည့်ဒီကြည့်ပေါ့ အထူးအဆန်းကိုး ဆေးစစ်မယ့် နေရာကလဲ ဟိုးဆေးရုံဝင်း နောက်ဆုံးနား မှာဗျ အဲလို လျှောက်လာကြရင်း အဆောက်အဦး တစ်ခုထဲ က ကောင်မလေး ချောချောလှလှလေး တစ်ယောက် ထွက်လာတယ် ဆံပင်လေး ကလဲ ခါးကျော်ပြီး တင်ပါးဖုံးတဲ့ အထိ ဆံ၏ကောင်းခြင်းနဲ့ ပြည့်စုံလေရဲ့...။

သငေ်္ဘာသားပေါက်စတို့လဲ မသိမသာတစ်မျိုး သိသိ သာသာ တစ်မျိုး အစွမ်းကုန် ငမ်းကြလေသတည်း ပေါ့ဗျာ..
အဲဒီ မဒီလေးကလဲ မျက်နှာ ရှစ်ခေါက်ချိုးနဲ့ လူကို နှုတ်ဆက်ပြီး သကာလ ကျွန်တော် တို့အုပ်စုနဲ့ တစ်ပါတည်း လိုက်လာတယ်..

ကျွန်တော်တို့ အုပ်စုလဲ ဘာလဲ ဘယ်သူလဲ ဆရာဝန်မလား နပ်စ်မလား လားပေါင်းများစွာနဲ့ ငမ်းလာကြတာပေါ့ဗျာ..။

အဲဒီအထဲမှာ ကျွန်တော့ ဘော်ဒါက အဆိုးဆုံးဗျ ကျန်တဲ့ သူတွေ တော့ မသိဘူး ကျွန်တော်ကတော့ အရုပ်ကလေး တစ်ရုပ်လှလို့ ငမ်း အဲလေ ကြည့်သလိုမျိုးလောက်ပါပဲ ဘာလို့ဆို ကျွန်တော့်မှာက နံပါတ်ချိတ်ထားပြီးသားကိုးဗျ အဲ ဟိုငတိ ကတော့ နံပါတ် မချိတ်ရသေးတော့ တွေ့သမျှ ထန်းတော ငါ့ထန်းတော လို့ သဘောထားပြီး နံပါတ်ချိတ်ဖို့ ကြိုးစားချင်နေတော့ သူ့မှာ နေမထိ ထိုင်မသာ တွေ ဖြစ်နေတာ..

ကျွန်တော့် ကိုလဲ ပြောလိုက်တာတွေ စုံလို့

“ငါတော့ စွဲလန်းသွားပြီ ကိုလင်းရာ ဘယ်လိုလုပ်ရမလဲ မသိ ဒီနေရာကလဲ နေ့တိုင်းလာလို့ ကောင်းတဲ့ နေရာ မဟုတ် အမျိုးထဲက တစ်ယောက်ယောက် ဒီမှာ ဆေးရုံလာတက် နေလဲ ကောင်းသား သတင်းမေး ဆိုပြီးလာလို့ ရတာပေါ့ ”

ဆိုပြီး အမျိုးဂုဏ် ကိုတောင် သူက မြှင့်တင်နေချင်သေးတယ် သူ့ကြောင့်ပဲအမျိုးထဲက လူတစ်ယောက်ယောက် ရူးပြီးဒီကို လာဆေးရုံတက်ပေးရမယ့်ပုံ..

ဒီလိုနဲ့ ဆေးစစ်မဲ့ နေရာ ရောက်တော့ ကောင်မလေးက စာရွက်စာတမ်း ဖိုင်တွေ လုပ်နေတာ တွေ့တော့ .

“ဟေ့ ကိုလင်းသေချာပြီကွ နပ်စ်မလေး ဖြစ်မယ်”

ဆိုပြီး မျက်လုံးက ခေါတော တစ်ထောင်အားလောက်နဲ့ ကောင်မလေးကို ကြည့်နေလိုက်တာများဗျာဘေးကကျွန်တော်တောင် ကောင်မလေး အစား အတော်လေး အနေရအထိုင်ရ ခက်တယ် တစ်ကယ်..။

အဲလိုနဲ့ တစ်ယောက်ပြီး တစ်ယောက် ဆရာဝန်ကို ဝင်တွေ့ သူတို့မေးတာတွေ ဖြေ မေးခွန်းစာရွက်တွေ ဖြေပေါ့ဗျာ.. မေးခွန်းစာရွက်ထဲမှာက စိတ်ပိုင်းဆိုင်ရာ မေးခွန်းတွေပေါ့ လူအများနဲ့နေတာ နှစ်သက်သလား တစ်ယောက်ထဲ ဆို ဘာတွေလုပ်လဲ ဘာညာ အများကြီးပါပဲ အဲဒါတွေ ဖြေရတာလဲ အတော်လေးတော့ အကြောင်သားဗျ မေးခွန်းတွေက ဝေ့လည်ကြောင်ပတ် ဖြစ်သလို မတော်မှားဖြေမိရင်လဲ ကိုယ့်ကို တစ်ခါထဲ အရူးလက်မှတ် ပေးလိုက်နိုင်တယ်လေ တစ်ယောက်နဲ့တစ်ယောက်ကြည့်ဖို့ကလဲ တော်ကြာ ကိုယ်ကြည့်လိုက်တဲ့ တစ်ယောက် ရူးနေလို့ပဲ ဖြစ်ဖြစ် ပေါက်ကရ မှားဖြေလိုက်ရင်ပဲ ဖြစ်ဖြစ် ကိုယ်ပါ အမှုတွွဲသွားနိုင်တော့ မကြည့်ရဲဘူး...

ကဲ စာရွက်တွေ နဲ့ ဖြေပြီး သွားတော့ စားပွဲပေါ်က ပုလင်းလေး တစ်လုံး လှမ်းပေးတယ် ကိုယ့်နာမည် နဲ့ ဖိုင်နံပါတ်လေး ကို စာရွက်လေးနဲ့ ကပ်ထားလို့ ..

“ဟိုဘက်က အခန်းလေးထဲ မှာ ဆီးထည့်လာခဲ့ပါ”

ကျွန်တော်တို့ကို စိတ်မှန်မှန်တင်မကဘူး မူးယစ်ဆေး သုံးမသုံးကို ပါ စစ်တာပါ ဒါကြောင့် ဆီး နမူနာ အတွက် ပုလင်းလေး တွေနဲ့ ဆီးကို ယူဖို့ ဟိုဘက်က အခန်းလေးထဲ သွားခိုင်းတာပါ...

ဟိုဘက်က အခန်းလေး ဆိုလို့ နံရံတွေနဲ့ တစ်ကယ့် အိမ်သာလို့ မအောက်မေ့လိုက်ပါနဲ့ လိုက်ကာလေးနဲ့ ကာထားတဲ့ အခန်းလေးပါ လိုက်ကာ ဆိုတော့လဲ အောက်ပိုင်းက ဘယ်လိုဖြစ်ဖြစ် ကြမ်းပြင်နဲ့က လွတ်နေတာပါ..။

အဲ အိမ်သာကိုလဲ ကြည့်ပါအုံးအဲဒီ လိုက်ကာကာထားတဲ့ အခန်းလေးရဲ့ အလည်တည့်တည့်မှာ အရှေ့တိုင်းဆန်ဆန် ဆောင့်ကြောင့်ထိုင်ရတဲ့ အိမ်သာပါ အဲဒီတော့ ဘယ်လိုလုပ်ရမလဲ မတ်တပ် ကြီးကြပြန်တော့လဲ ပုလင်းလေးက ပင်နယ်စလင် ပုလင်း ထွက်သမျှ ဟာတွေကို ဘယ်လိုနည်းနဲ့မှ အကုန် မထည့်နိုင် ဒါဆို ဘေးတွေ အကုန် မီးသတ်ပိုက်နဲ့ ဖြန်းသလို ဖြစ်ကုန်မယ် ဆောင့်ကြောင့်လေး ဆိုရင်တော့ ပုလင်းထဲ ထည့် ပြီးရင် ဆက်ပြီး ပိုတာတွေ အိမ်သာထဲ လွှတ်လိုက်ရုံပဲ အဲဒါပေမယ့် အပြင်က လူတွေ ခြေထောက်တွေ လျှောက်သွားနေတာလေး ကြည့်ရင်းနဲ့ပေါ့ ဟီ ဟိ..။

ဒီလိုနဲ့ လူတစ်ကိုယ် အဖြစ် တစ်မျိုးတွေနဲ့ ပေါက်ကြပါပြီဗျာ..
သုံးလေးယောက် က လုံးဝမထွက်လို့ အပြင်ထွက် ရေဗူး ထဲက ရေတွေ အကုန်မော့သောက်ပြီး ကြိုးစားနေကြလေရဲ့..

တစ်ချို့ကလဲ များလွန်းလို့ ဘရိတ်မအုပ်နိုင်ပဲ ပုလင်းတွေ လျှံကျ လိုကျ..

တစ်ချို့ကလဲ ရှေ့ကလူတွေ ပုလင်းတွေ စိုကုန်လို့ ဆရာမ က ပူညံပူညံလုပ်တာကို ကြည့်ပြီး နည်းပညာ အသစ်နဲ့ အရင်ထုတ်လိုက်တယ် နောက် ပြီးခါနီး မှ ပုလင်းထဲ ကိုထည့်တော့ ပုလင်း ဖင်ကပ် လောက်ပဲ ရလို့ နောက်တစ်ကြောင်း ထပ်ညှစ်ဖို့ ကြိုးစားသူက ကြိုးစား ဟား ဟား အတော် လေးကို ကကျိုးကဂျောင် နိုင်လှပါတယ်..

ကျွန်တော်လား ကျွန်တော်တော့ ကပ်ထားတဲ့ စာရွက် ပြန်လဲ လိုက်ရတယ် ဒီလောက်ဆို ဘယ်ထဲ ပါသွားလဲ သဘောပေါက်တော့ ထပ်မမေးနဲ့တော့နော် mrgreen

အဲဂလိုနဲ့ အားလုံး ပြီးလို့ ပြန်ထွက်လာတဲ့ အချိန်မှာ ဘော်ဒါ ဖြစ်သူကကောင်မလေး နားရစ်သီ ရစ်သီလုပ်ပြီးအဆက်အသွယ် ရဖို့ ကြိုးစားနေလေရဲ့..

အဲဒီအချိန်မှာပဲ

“ဒေါင်... ဒေါင်... ဒေါင်”

ခေါင်းလောင်းသံတွေ ကြားလိုက်တယ်.

ဆရာဝန်လုပ်သူက ကျွန်တော့်သူငယ်ချင်းငမ်း နေတဲ့ ကောင်မလေး ကို ကြည့်ပြီး .

“နေခြည်ရေ ထမင်းစား ခေါင်းလောင်း ခေါက်နေပြီ အဆောင်ပြန်တော့ လာကူတာကျေးဇူးနော် ထမင်းစားပြီးရင်လဲ ဆေးသောက်ဖို့ မမေ့နဲ့အုံး”

ဆရာဝန်ရဲ့ စကားအဆုံး ကောင်မလေး လှည့်ထွက်သွားပါတယ်.

ဆရာဝန်က ကျွန်တော်တို့ကို ရှင်းပြတာက ကောင်မလေး ဟာဆေးကျောင်းသူလေး ပါတဲ့ စာတွေ ကျက်ရင်း စိတ်ဂယောက်ဂယက် ဖြစ်သွားလို့ ဒီမှာ လာဆေးကုနေရခြင်း ဖြစ်ပြီး အခုအတော်လေး ကောင်းသလောက် စိတ်ငြိမ် သွားပြီးဖြစ်လို့ အခုလိုပဲ အကူအနေ နဲ့လာလာပြီး ကူညီနေတာ ဖြစ်ကြောင်း အဲဒီလိုပဲ စိတ်အတော်ပြန်ကောင်းနေတဲ့ သူတွေ ကို သူ့လုပ်ဆောင်နိုင်စွမ်းကို ကြည့်ပြီး ဆိုင်ရာ ဆိုင်ရာ အလုပ်များ ပေးထားကြောင်း လာရာလမ်းတစ်လျှောက် မှာ အပြင်မှာ အလုပ်လုပ်နေသူတွေ ဟာဒီလိုလူတွေ ဖြစ်ကြောင်းရှင်းပြတော့..

“ဟေ့ ကိုအောင် မင်းကောင်မလေး ကိုဒီလောက် ချစ်သွားတာကွာ နောက်ပြီး ကောင်မလေးက မျိုးကောင်းရိုးကောင်း ပညာတတ်လေးကွ ဆေးကျောင်းသူလောင်းလေး ဒီဆရာဝန်ကိုပဲ မင်းရင်ဖွင့်ပြီး ကောင်မလေးနဲ့ နီးစပ်အောင် ကြိုးစားပါလား ဘဝတစ်သက်တာ စောင့်ရှောက်ပါရစေပေါ့ တစ်ကယ်လို့ မင်းလက်ထဲရောက်ပြီး စိတ်မဖောက်တော့ဘူးဆိုရင်တော့ ရွှေ ပဲမောင်ရင် ဘယ်နှယ့်လဲ.”

ကျွန်တော့်သူငယ်ချင်းပြန်ပြောတာကတော့..

“@#'+*"$&%?ß\=*”

ပါတဲ့ဗျား...။
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts