ချစ်ဂလဲ့စား


မြန်မာပြည်တစ်နေရာရှိဆေးရုံဓါတ်ခွဲခန်းအတွင်း

မဖြစ်နိုင်ဘူး ဆိုတဲ့ ရင်ဘတ်ထဲ က ထွက်ပေါ် လာတဲ့ အသံ ဟာ နားစည် က တစ်ဆင့် ဝင်ရောက် လာတဲ့ ဆရာဝန်ကြီးရဲ့ ရှင်းလင်း ချက်တွေက ဖိနှိပ် လိုက်တဲ့ အတွက် လည်ချောင်း အရင်း မှာတင် အပြင် ကို ထွက်ပေါ် မလာနိုင်ပဲ ပျောက်ဆုံး သွားတယ်..

“အဲဒီတော့ မောင်ဖြိုးအောင် အနေနဲ့ ဆရာ တို့ကို တစ်ခုလောက် ကူညီစေချင်တယ်”

“ဘာကူညီရမှာလဲ ဆရာ ဒီဘဝ ဒီအခြေ အနေကြီးနဲ့ ကျွန်တော် က ကူညီဖို့ နေနေသာသာ ကျွန်တော် ကိုယ်တိုင် တောင် အကူအညီ ကင်းမဲ့ နေပါပြီ..”
“မဟုတ်ဘူးလေ မောင်ဖြိုးအောင် ကိုယ်တိုင်လဲ ဆရာဝန်လောင်း တစ်ယောက်ပဲလေ ဒီ ရောဂါ ဟာ သူ့အလိုလို ကူးစက် တတ်တဲ့ ရောဂါ မဟုတ်ဘူး ဆိုတာနဲ့ တိုက်ရိုက် ထိတွေ့မှု တွေကပဲ ဒီရောဂါ ဟာ တစ်ဦးကို တစ်ဦး ကူးစက် နိုင်တယ် ဆိုတာ မောင်ဖြိုးအောင်လဲ သိသားပဲ ဒီတော့ ဖြစ်နိုင်မယ် ဆိုရင် ရောဂါ ကူးစက် နိုင်တဲ့ လမ်းကြောင်းလေး ကို သေချာစဉ်းစားပြီး ပြောပြပါလား..” “မောင်ဖြိုးအောင်လဲ ဆရာ့ မျက်စိရှေ့တင် ကြီးပြင်းလာပြီး စာတော်တယ် ရိုးသားတယ် ကြိုးစားတယ် မကောင်းတာမလုပ်ဘူး ဆိုတာ သိနေတော့ ကူးစက် ဖို့ရာ နည်းလမ်း ကို ဆရာ စဉ်းစားမရ ဖြစ်နေတယ်”

“ဟုတ်ပါတယ် ဆရာ ကျွန်တော် မဟုတ်တာ တစ်ခုမှ မလုပ်ခဲ့ဖူးပါဘူး မူးယစ်ဆေး အကြောထဲ မသွင်းဘူး၊ မကောင်းတဲ့ မိန်းမ မလိုက်စားဘူး ၊ တစ်ခြား နည်းတွေ နဲ့ ကျွန်တော် မသိပဲ ဝင်လာခဲ့မယ် ဆိုရင်တော့ မပြောတတ်ဘူး ဆရာ..”

ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌါန

“ဆရာ ဒီလို လုပ်လို့ ဖြစ်ပါ့မလား လူနာ ခွင့်ပြုချက် မရပဲ သွေးစစ် တယ်ဆိုတာ ကာယကံရှင် သိသွားရင် မကောင်းဘူးနော် နောက် လူနာ ကိုယ်တိုင်လဲ ဆရာဝန်မ တစ်ယောက်ပဲ...”
“ကိုယ်ပြောသလိုသာ လုပ်ပါ ဒေါက်တာ ဒီကိစ္စ ကို လိပ်ခဲတည်းလည်း ဖြစ်နေတာ အတော် ကြာပီ သူ့ကိုသွေး စစ် ကြည့်ရအောင် ပြောဖို့ကလဲ သူလဲ ဂုဏ်သရေ ရှိ ဆရာဝန်မ တစ်ယောက် ဆိုတော့ အတော်လေး ခက်ခဲ နေတာ အခု သူ အက်ဆီးဒင့် ဖြစ်လို့ ဆေးရုံ ရောက်လာတုန်း လေး စစ်ဆေးကြည့်မှ ဖြစ်မယ်..”

အချိန်အတိုင်းအတာ တစ်ခု ကြာသော်

“ဟုတ်တယ် ဆရာ ပေါ့စတစ်ဗ် ပဲ”
“အင်း ဆရာ ထင်တဲ့ အတိုင်းပါပဲလား”

လွန်ခဲ့သော တစ်နှစ်ခန့်က

သူ ဒီဆေးရုံမှာ ဟောက်စ်ဆာဂျင် ဆင်းရတာ အရမ်းကို ပျော်တယ် ဒီကို ရောက်အောင် ဖန်ဆင်းပေးလိုက်တဲ့ ကံကြမ္မာ ကြီး ကိုလဲ ကျေးဇူး အထပ်ထပ် တင်ခဲ့မိပါရဲ့..

သူတို့အုပ်စု ကို သင်တန်းပေးတာက ဆရာဝန်မ ငယ်ငယ် ချောချောလေး သူမ ကိုတွေ့လိုက် ကတဲက သူ့ရင်မှာ အချစ်ဆိုတာ အမြစ်တွယ် သွားခဲ့တယ် ..

နောက်တော့ သူ့ရဲ့ သံယောဇဉ် မျက်ဝန်းတွေ ကြောင့်လား မသိ မမ ကလဲ သူ့ကို အခွင့်အရေး တွေ ပေးလာတယ် ဒီလိုနဲ့ နောက်ဆုံး သိပ်မကြာခင် ကာလ မှာပဲ ချစ်သူတွေ ဖြစ်သွားကြပြီး စည်းတွေ ဘောင်တွေ ကျော်ကုန်တဲ့ အထိ ချစ်မိခဲ့ကြလေရဲ့..။

ဒီလိုနဲ့ တစ်နေ့ ဆေးရုံမှာ သွေးသွင်းဖို့ လိုတဲ့ လူနာကို သွေးလှု ဖို့အတွက် သူ့သွေး ကို စစ်ဆေး ကြည့်လိုက်တော့ ဖြိုးအောင် တစ်ယောက် ကမ္ဘာကြီး တစ်ခုလုံး သွက်သွက် ခါရမ်းသွားတယ်.........

ဆရာဝန်မလေး ၏ နောက်ဆုံး ဖြောင့်ချက်

“ကျမ ကို ခွင့်လွှတ်ပါ ဆရာ လွန်ခဲ့တဲ့ နှစ်နှစ်လောက် က ကျွန်မ ချစ်သူ ဟာ ကျွန်မဘဝကို ထုံးလိုချေ ရေလို နှောက် ပြီး ခြေဆေးလို့ အားရတဲ့ အချိန်မှာ ကျွန်မ ကို ပစ်ထားခဲ့တယ်လေ ကျွန်မ အရမ်းအချစ်ကြီးလို့ အမျက်ကြီးတယ် ဒါပေမယ့် လူလဲ မသတ်ရဲဘူး ဒီတော့ သူ့ကို အကောင်းဆုံး ဂလဲ့စားချေနိုင်အောင် AIDS လူနာတစ်ယောက်ဆီက သွေးကိုယူပြီး ကိုယ့်ဖာသာ ထိုးထည့်လိုက်တယ် ပြီးတော့ သူ့ကို အရမ်းလွမ်းလို့ တစ်ခေါက် လောက်တွေ့ပါရစေ ဆိုပြီး ဟိုတယ် တစ်ခုမှာ တစ်ည နေလိုက်တယ်... နောက်ပိုင်းလဲ ချစ်လှချည်ရဲ့ ကြိုက်လှ ချည်ရဲ့ ဆိုပြီး အသွေးအသား ကိုဝါးမြိုချင်တဲ့ သူတွေကို သူတို့လိုချင်တာ ပေးလိုက်တယ်လေ ဟက် ဟက် သူတို့လဲ သူတို့လိုချင်တာ ရတဲ့ အပြင် အဆစ် ပေးတာကိုပါ ရသွားကြတယ်.. ဆရာ့တပည့် လေးအတွက်တော့ စိတ်မကောင်းပါဘူး သူ့ကို ကျွန်မ သံယောဇဉ် ရှိလို့ အကြိမ်ကြိမ် တားပါတယ် အကာအကွယ် သုံးဖို့ပြောတာကို သုံးပြီးတော့မှ အလစ်မှာ ချွတ်ပစ်လိုက်တယ်လေ ”...။

အခုတော့ အားလုံးပြီးဆုံးခဲ့ပါပြီ ယောကျၤားတွေ ကို စိတ်နာပြီး ဂလဲစား ချေတဲ့ ဆရာဝန်မလေးကော သူ့ရဲ့ သားကောင်များကော ချစ်တဲ့ မမဆရာဝန် ကို လက်လွှတ်ရမှာ စိုးလို့ အပိုင်ကြံမိတဲ့ ဖြိုးအောင်ကော အားလုံး ငြိမ်းချမ်းရာမှာ အိပ်စက် သွားခဲ့ ကြပါပြီ..။

PS: သူငယ်ချင်း တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ..။
Read more


The Grudge 3


ညဘက် အိပ်ရတာ ပျင်းခြောက်ခြောက် ဖြစ်နေတဲ့ သူများ အတွက် ရုပ်ရှင် ကားလေး တစ်ကား ညွှန်းချင်တယ် ..။

ဒီကားရဲ့ ပထမပိုင်း ကို ကြည့်ဖူးတာတော့ လွန်ခဲ့တဲ့ သုံးနှစ်ကျော် လောက်ကပဲ ဗျ တော်တော်လေး ညဘက် အိပ်ရတာ သတိဝီရိယ ကောင်းအောင် ဆွဲဆောင်နိုင်တယ် ..။

အခု ၂၀၀၉ မှာ တတိယ ပိုင်းထွက်လာလို့ ကြည့်ချင်တဲ့ သူတွေ ကြည့်လို့ ရအောင် လင့်လေး ချိတ်ပေးထားတယ် ..။

သွားကြည့်လိုက်ပါအုံး ကျွန်တော် တော့ ကြည့်ပြီးသွားပြီ ဟိ ဟိ လင့်က ဟောဒီမှာပါ ...။

ဒါက DivX webplayer မရှိသူများ အတွက် Zshare Flash: Click Here


တကယ်လို့ DivX webplayer မရှိလို့ လိုချင်တယ် ဆိုရင်တော့ ကိုနှိပ်လိုက်ပါ..။
Read more


၂၄ ပွင့် သီပြီးသွားတဲ့ ခရေပန်း ကုံးလေး

Happy Birthday


ဒီကနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ဟာ ညီမငယ် ပန်းခရေ ကျွန်တော့ အခေါ် ပေခရမ်း ရဲ့ ဘဝလမ်း ခရီးမှာ နောက်ထပ် ၂၄ ခုမြောက် မှတ်တိုင် စိုက်ထူလိုက် တဲ့ နေ့လေးပါ ..။

မွေးနေ့ရှင် က အပျိုကြီး ပေါက်စ ဖြစ်လာပြီ ဆိုတော့ ဘလော့ဂ် ပေါ်မှာ အလကား ကျွေးရမှာ တောင် နှမျော နေလို့ အကိုဖြစ်သူကပဲ သူ့အစား ဧည့်သည် တွေ ကို ဧည့်ခံပေးရတော့မှာပေါ့...။

အရင်ဦးဆုံး မွေးနေ့ရှင် အတွက် မွေးနေ့လက်ဆောင် အဖြစ် ကိုယ်လောလော ဆယ်နေတဲ့ ဆီက အကြွေးဝယ်လို့ ရမယ့် မာစီးဒီး ပဲ လွယ်လွယ် ဝယ်ပေးလိုက်တယ် ရုံးတက် ရုံးဆင်း စီးလို့ ရအောင်ပေါ့..။



ဖုန်းဝယ်ပေးမလို့ စဉ်းစားပေမယ့် သူက အဲဒီဘက် ပိုင်း အလုပ်လုပ်တာ ဆိုတော့ မလိုလောက်ဖူး ထင်လို့ မဝယ်ပေးတော့ဘူး ကားတစ်စီးပေး တော်ပြီပေါ့ နော်..
ဧည့်သည် တွေကိုလဲ သူ့အစား ဧည့်ခံပေးရမယ့် စရိတ်က ရှိနေသေးတာကိုး ဟီး...

ကဲ လာတဲ့ ဧည့်သည်တော်များ ဟောဒီမှာ စားကြပါဗျာ ကျွန်တော်လုပ်နေတဲ့ ဆိုင်ကနေပဲ သွားယူလာတာ..။













စားရင်းနဲ့ ကိုယ်နဲ့ အဆင်ပြေတာ ရွေးသောက် ကြပေါ့ဗျာ..။
ရော့ ဟောဒီမှာ စည်လိုက် ချပေးထားမယ်



ဘီယာသောက်ရင် ဗိုက်ပူမှာ ကြောက်ရင်တော့ ဝိုင် လောက်ပဲသောက်နော်



မမ တို့ ညီမ တို့ အတွက် ကတော့ အအေးပေါ့ ..။







ကားသွား ယူရတာနဲ့ စားစရာ တွေ သွားသယ်ရတာနဲ့ ဧည့်ခံတာ နဲနဲ နောက်ကျသွားတယ် ကိစ္စ မရှိပါဘူးလေ ညပိုင်း မွေးနေ့ဧည့်ခံပွဲပေါ့...။

မွေးနေ့ရှင် ပေခရမ်း ဒီကနေ့က စပြီး ဘဝလမ်း တစ်လျှောက် ပျော်ရွှင် အေးချမ်းစွာ လျှောက်လှမ်း နိုင်ပြီး ချစ်တဲ့သူ နဲ့အမြန်ဆုံး ပေါင်းရပြီး အပျိုမကြီးတကြီး ဘဝက မြန်မြန်လွတ်ပါစေ ..။
Read more


ကျေးတောရွာ သို့ အလည်တစ်ခေါက်


“ဟေး ... လာကြ လာကြ ရောက်လာ ကြပြီပေါ့ ကဲ ညီလေး က မော်တော် ဦးခန်း ကိုသာ သွားလိုက် အကိုနဲ့ တူတူ မောင်းကြတာပေါ့.။”

ဒီလို ပြောလိုက်သူက ကြည်ဆိပ် လို့ ခေါ်တဲ့ ရွာက ကျေးရွာကောင်စီ ဥက္ကဌ လဲ ဖြစ် ရွာနဲ့မြို့ကို ဆက်သွယ်ပေး နေတဲ့ တစ်ခုတည်းသော ဆက်သွယ်ရေး မော်တော်ဘုတ် ကို ပိုင်ဆိုင်သူလဲ ဖြစ်တဲ့ ကိုအောင်သူပါ.........။

ဒါနဲ့ မော်တော်ဦးခန်းမှာ ပါလာတဲ့ တစ်ခုတည်းသော ကျောပိုး အိပ်လေး ကို ဘုတ်ခနဲ ပစ်ချလိုက် ပြီး မော်တော်ပေါ် ပါလာသူတွေ ကို တစ်ချက်ဝေ့ကြည့်လိုက် မိတော့ မျက်မှန်း တန်းနေမိတဲ့ သူ သုံးလေးဦး ကို တွေ့လိုက်ရလို့ သူတို့ ကိုနှုတ်ဆက်လိုက်တယ်..။

“ဟေ့ ကိုလင်း ရွာလိုက်လည် မှာလား ဒါဆို အိမ်မှာ တည်းရမယ်နော်”
ဒီလို ပြောလိုက်သူက ကိုကြည်လင်း သူက ရွာက ထွက်တဲ့ ပုဇွန် တွေ ကို လိုက်ကောက်ပြီး မြို့ပေါ်က ငါးဒိုင် တွေ ကိုလိုက်သွင်းသူ ကုန်သည် ပေါ့ဗျာ..။

“အောင်မယ် ဟေ့ ကြည်လင်း မင့်အိမ် လိုက်တည်း ရင် ဘာလုပ်ရမှာလဲ ကိုလင်း က အရင်ကတဲ က ပုဇွန် ဖမ်းတာ ကြည့်ချင်တယ် ပြောပြောနေတာ အခုလဲ ပုဇွန်ဖမ်းတာ ကြည့်ချင်လို့ လိုက်လာတာပဲ မဟုတ်လား ဒီတော့ ငါ့ အိမ်မှာ တည်းမှာပေါ့”
အခုလို ကြားကဝင်ပြောသူက ကိုစိုးမောင် သူက ပုဇွန် ကိုယ်တိုင်ဖမ်း ပြီး ကိုယ်တိုင် မြို့တက်ရောင်းသူ ကျွန်တော်ကလဲ ပုဇွန်ဖမ်း တာ အလွန်ကြည့်ချင်သည် ဟုပြောဖူးတော့ သူ့အိမ် ကို အလည် ခေါ်ခြင်းဖြစ်သည်..။

“ကဲ ကဲ စကားများ မနေကြနဲ့ လောလောဆယ် ဒီနေ့ ငါ့ အိမ်မှာပဲ တည်းရမယ် နောက်နေ့မှ သူ စိတ်ပျော်ရာ လိုက်တည်း ပလေ့စေ မော်တော် ထွက်မယ် ရေတက် နဲ့လိုက်မှ ရွာကို မိုးမချုပ်ခင်ရောက်မယ်” လို့ ကိုအောင်သူ ဝင်ပြောလိုက်မှ ဟိုနှစ်ယောက်လဲ ငြိမ်သွားတော့မယ်..။

ဒါနဲ့ ကြည့်မြင်တိုင် ကမ်းနားဈေး ဘေးက မော်တော် ဆိုက်ကပ်ထားရာ ကနေ မော်တော်လေး ဟာ လေလေး တစ်ဖြူးဖြူး စင်ရော် ငှက်ကလေး တွေက ဝိုင်းရံ ပျံသန်းရင်း လှိုင်မြစ် ရေအပြင် ကို မော်တော်ဦး နဲ့ ရေပန်းတဖွားဖွား ထအောင် ထိုးခွဲ ရင်းနဲ့ ကြည်ဆိပ် ရွာလေး ရှိရာ ကို ဦးတည် ခုတ်မောင်းလာခဲ့ပါပြီ..။

လမ်းခရီးမှာ တွေ့ရတဲ့ ကမ်းနား တစ်လျှောက်က ဆန်စက် တွေ စက်လှေ သမ္ဗာန် တွေကတော့ ကျွန်တော့် အတွက် မြင်ကွင်း အသစ် အဆန်း တွေပါပဲ ဒီလိုနဲ့ ကိုအောင်သူက ကျွန်တော့် ကို မော်တော် မောင်းတာ သင်ပေးရင်း ကိုစိုးမောင် နဲ့ ကိုယ်ကြည်လင်း ကို စကားပြောရင်းနဲ့ ကျွန်တော် မရောက်ဖူး သေးတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ က ကြည်ဆိပ် ရွာကလေး ကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်နေမိပါတယ်...။

ညနေစောင်း လောက်မှာ မြစ်မကြီး ကနေ လမ်းခွဲပြီး ချောင်း လေးထဲ ကို စတင် ဝင်ရောက်လာခဲ့ပါပြီ ဒီချောင်းလေး ဟာ သူတို့ ရွာ ကို သွားရာ တစ်ခုတည်းသော ရေလမ်းကြောင်းပါ အဲဒီချောင်းလေး တစ်လျှောက် မှာပဲ ရွာပေါင်း မနည်းပါဘူး ရှိပါတယ် အဲဒီအထဲက ကြည်ဆိပ် ရွာဟာ ချောင်းထိပ် အကျဆုံးပါ ဒါကြောင့် ချောင်းမကြီး တစ်လျှောက် ဝင်လာရင် သူတို့ရွာကို ဦးဆုံးရောက်ပါတယ်..။

ချောင်းဘေး တစ်လျှောက်မှာ ဓနိတော တွေချည်းပါပဲ အဲဒီတော့မှ အိမ်တွေမှာ အမိုးမိုးတဲ့ ဓနိတွေ ရဲ့ မူရင်း အပင် ကိုမြင်ဖူးတော့တာပါ.. အပင်က ပင်စည် လုံးက သိပ်မမြင့်ပါဘူး အရွက်တွေ ကသာ အုန်းပင် အရွက်နဲ့ခပ်ဆင်ဆင်တူပြီး ပင်စည်နဲ့ ဓနိလက် (အုန်းပင်ကထိုးထွက်နေတဲ့ အရွက်တွေ ပါတဲ့ အကိုင်းကို အုန်းလက် လို့ခေါ်လို့ ဓနိလက် လို့ပြောတာပါ) ကြားထဲမှာ ထန်းသီး သီးသလိုပဲ ဓနိသီးတွေက အခိုင်လိုက်လေး တွေ တွဲလောင်း ကျနေပါတယ်.. သူ့ရဲ့ပင်စည် ကလဲ လူတွေ ပေါင်ရင်း ထက်ပိုမမြင့်လို့ ထန်းပင်ထက် စာရင် ဓနိသီး ခူးရတာ အန္တရယ် ပိုကင်းပါတယ် တစ်ခု ရှိတာက ဗွက်ပေတာ တစ်ခုပါပဲ သူက ရေတောထဲမှာ မှ ပေါက်တာလေ ..။

ဒီလိုနဲ့ ရွာ အရှေ့နဲ့ အနောက် ကို ဆက်ပေးပြီး ချောင်းကို ဖြတ်ဆောက်ထားတဲ့ ရွာချောင်းကူူး တံတားလေး ဘေးမှာ မော်တော် ဆိုက်ကပ် ပါပြီ ဒီနေရာလေး ဟာ ရွာအတွက် ရွာလည်ခေါင် အကွက်အကွင်း ကျတဲ့ နေရာလေးပေါ့ တံတားပေါ်မှာ တော့ မြို့တက်သွားတဲ့ မိခင်ဖခင်တွေနဲ့ ဇနီးလင်ယောကျၤား တွေကို လာကြိုသူတွေနဲ့ ပြည့်နှက်လို့..။

ကျွန်တော် တို့ တက်သွားတယ် ဆိုရင်ပဲ ကလေး လူကြီး ကျွန်တော့်နားဝိုင်းလာပြီး မြို့သား သူတို့ရွာ လာလည်တယ် ဆိုလို့ ပြုံးရွှင်တဲ့ မျက်နှာတွေ နဲ့စူးစမ်း မေးမြန်းကြပါတော့တယ် ကျေးရွာသားတွေ မှာ ရန်ကုန် ကဆိုတာနဲ့ နတ်ဘုံ နတ်နန်း ကလာတဲ့သူ လို့ထင်နေတတ်ကြတယ်ဗျ ရန်ကုန် ဆိုတဲ့ မြို့ကြီးမှာ လဲ လူတန်းစား ပေါင်းစုံ ကျေးရွာ လို ရပ်ကွက် တွေမှာ နေတဲ့ သူတွေ ရှိတယ် ဆိုတာ မသိကြဘူးလေ..။

ဒီလိုနဲ့ ပဲ အဲဒီနေ့တော့ ကိုအောင်သူ အိမ် မှာပဲ တစ်ညအိပ်လိုက်ပါတယ် သူကတော့ ရွာသူဌေး ဆိုတော့ မီးစက် တွေ ဘာတွေနဲ့ ရွာတစ်ရွာ ရောက်တဲ့ အရသာ ကို မခံစား ရပါဘူး နောက်တစ်နေ့မှ ညနေပိုင်း ကိုကြည်လင်းက ကျွန်တော့် ကို သူ့အိမ် မှာ တည်းဖို့ လာခေါ်ပါတယ်..။

ကိုကြည်လင်း တို့ အိမ်မှာ တည်းခဲ့စဉ်..။

ကိုကြည်လင်းက ပုဆိုးတိုတို အကျီမပါ ကျောဗလာ နဲ့ ကျွန်တော့ ကျောပိုး အိတ်လေး ကိုလွယ်ပြီး ရှေ့ကနေ ရွာလမ်း အတိုင်း သူ့အိမ် ရှိရာကို ပျော်ရွှင် တက်ကြွတဲ့ ခြေလှမ်း တွေနဲ့ ဦးဆောင် ခေါ်ယူလာပါတယ်..
ရွာလမ်း တစ်လျှောက် က အိမ်တွေက မြင်သမျှ လူကိုလဲ “ကိုလင်း ကျွန်တော်တို့ အိမ် မှာ တည်းမှာဗျ ”ဆိုပြီး လိုက်ပြောနေပါတယ်..

လျှောက်လှမ်းချိန် သိပ်မကြာလိုက်ခင်မှာပဲ သူ့အိမ် ခြံဝင်း လေးထဲ ရောက်လာချိန်မှာ သူ့သားလေးတွေ သမီးလေး တွေက ဝိုင်းပြီး ကြိုကြတယ်..
အိမ်ပေါ်ရောက် ပြီး အထုပ်လေး ချပြီးတာနဲ့ ကိုကြည်လင်းက
“ကဲ ညနေစာ ဟင်းစားလေး လုပ်လိုက်အုံးမယ် ခဏနော်”
ဆိုပြီး ခလေး တွေနဲ့ အိမ်အောက် ကိုဆင်းသွား ပြီး ခဏအကြာမှာ ကြက်အော်သံ တွေ ကြားပြီးတော့ အသံတွေ ငြိမ်သွားတဲ့ အခိုက် အိမ်ပေါ် ပြန်တက်လာပြီး ကလေးတွေနဲ့ မိတ်ဆက်ပေး သူ့မိန်းမ ကို ဟင်းချက် တဲ့ ကိစ္စတွေ ညွှန်ကြားလိုက် နဲ့ အတော်လေး အလုပ်ရှုပ် နေတယ်..

ဒါနဲ့စိတ်ထဲ တွေးလိုက်မိတာက ငါ့ကြောင့် တော့ အသက်တစ်ချောင်းဆုံး ရှုံးသွားရှာပြီ ဆိုတာနဲ့ ခြံထဲ ဝင်လာခါ စက ဝင်းထဲမှာ ပျော်ရွှင် စွာ အစာရှာစားနေကြတဲ့ ကြက်တွေ ကို မျက်စိထဲ မြင်လာမိတယ် အဲဒါနဲ့ တစ်ဆက်ထဲ ပုံပြင်လေး တစ်ပုဒ်ကိုပါ ပြန်သတိရ မိတယ် ပုံပြင်ထဲ မှာ ရွာတစ်ရွာ အလည်သွားတဲ့ သူ တစ်ယောက် သူတည်းတဲ့ အိမ် ခြံဝင်းထဲ ဝင်တဲ့ အချိန် ခြံထဲ က ကြက်ဖ တစ်ကောင် က သူ့ ကိုလဲ မြင်ရော ပြေးပြီး ခွပ်ပါသတဲ့ ဒါနဲ့ သူက အိမ်ရှင် ကို
“ဟာ ခင်ဗျား ကြက်က အတော် စွာတာပဲ ကြက်ခြင်းမပြောနဲ့ လူတောင် မကြောက်ဖူး ခွပ်ရဲတယ်”
လို့လဲ ဆိုကော.. အိမ်ရှင်က
“မဟုတ်ဘူးဗျ ဧည့်သည် လာပြီဆိုရင် သူတို့ ကို သတ်ပြီး ဧည့်ခံ တော့မယ် ဆိုတာ သိလို့ ခင်ဗျား ကို ခွပ်တာပါ ”ဆိုတဲ့ ပုံပြင်လေးလေ ဟီ ဟိ...

ဒါနဲ့ ကျွန်တော် က

“အဲဒါမျိုးတွေ မစားပါရစေနဲ့ ကိုကြည်လင်း တို့ အတွက်လဲ တာဝန်ပိုပါတယ် အကို တို့ စားသလိုပဲ စားပါရစေ” ဆိုတော့
“ဒါဆို နောက်နေ့ ပုဇွန်လုံး ဟင်းချက်ကြွေးမယ် နောက် လယ်ကြွက် ဆီပြန် ဒါမှ မဟုတ် ဖား သား ကြွပ်ကျော် လေး ဒါမှ မဟုတ် မယ်ညိုသား ( မယ်ညို ဆိုတာ ဗျိုင်းနဲ့ ခပ်ဆင်ဆင်ပါ သူက အဖြူ မဟုတ်ပဲ အညိုရောင် ပါ ) ချက်ကြွေးမယ် အို မနက်ဖြန် မနက် ဟင်းစားရှာထွက်ကြ မယ်”..။

ထမင်းဝိုင်းပြီးတော့ ရေနွေးကြမ်း နဲ့ ထညက်ခဲလေး အချိုတည်း ရင်း အိမ်ရှေ့က ကွပ်ပြစ် လေးမှာ ရေဒီယိုလေး နာထောင်ရင်း လရောင်သာသာ အောက်မှာ စကားပြောပြီး ခဏနေတော့ ဗိုက်တင်းတင်း နဲ့ သူတို့ ခေါင်းရင်းခန်း မှာ ပြင်ပေးတဲ့ အိပ်ရာမှာ ဝင်အိပ်လိုက်တာ ခဏလောက်ပဲ ထင်လိုက်တယ် ကိုကြည်လင်း က လာနှိုးတာနဲ့ လန့်နိုးလာတယ် အပြင် ကိုကြည့်လိုက်တော့ လဲ မိုးမလင်းသေးဘူး မှောင်လို့ လက်က နာရီ ကြည့်လိုက်တော့ မနက် ငါးနာရီ လောက်ရှိပြီ..။

“ကိုလင်း လိုက်မယ် ဆိုလို့ ခေါ်တော့ မခေါ်ချင်ဘူး အိပ်ချင် ဆက်အိပ်လေ ပင်ပမ်း ပါတယ် မလိုက်ပါနဲ့တော့”

“အာ ဘာလို့ မလိုက်ရမှာလဲ ကျွန်တော် မမြင်ဖူးလို့ အတွေ့အကြုံ အသစ်လေး တွေ လိုချင်လို့ ဒီကို တမင် လိုက်လာတဲ့ ဟာကို”
ပြောလဲပြောရင်း ကမန်းကတန်း ထ မျက်နှာသစ်ပြီး အဆင်သင့် ပြင်လိုက်ပါတယ်

ကိုကြည်လင်းကတော့ နဖူးမှာမီးအုပ်ဆောင်းလို ဟာလေး ကို သားရေကြိုးနဲ့ ခေါင်းကို ပတ်စီး ပြီး တပ်ဆင် ထားလေရဲ့ လက်ထဲမှာလဲ လှံ တစ်ချောင်း ဓါးမ တစ်လက် နဲ့ ပေါ့ ကျွန်တော့် ကိုလဲ လှံအသေး တစ်ချောင်း ပေးပါတယ် ပြီးတော့ နှစ်ယောက်သား ရွာပြင် လယ်ကွင်းတွေ ဘက်ကို ထွက်ခဲ့ ကြရာမှာ ကျွန်တော် ကတော့ လှံ ကြီး ကိုင်ပြီး ကိုယ့်ကို ကိုယ် မုဆိုးကြီး အလန်ကွာတာမိန်း လိုလို မုဆိုးကျော် ဖိုးထော် လိုလို ပေါ့လေ ( အဲဒီအချိန်က မြိုင်ရာဇာ တွတ်ပီ မပေါ်သေးပါ မုဆိုးကျော်ဖိုးထော်ပဲ ရှိပါသည်)ရွာထိပ်နားရောက် တော့ ကိုကြည်လင်း က အုန်းပင် ပုလေး မှ အုန်းလက် ကလေး သုံးလေးခု ကို ဓားဖြင့် ဆွဲဖြတ်လိုက်ပြီး ဘေးသား တွေ ကို သင်လိုက်ပါတယ် ပထမ တော့ ဘာလုပ်မှန်း ကျွန်တော်လဲ မသိပါ နောက်တော့ လယ်ကန်သင်းရိုး တွေ ပေါ်မှာ လှံကို မြေကြီးပေါ်ကို ရိုက်ရင်း ဆက်လျှောက်လာကြပါတယ် အဲဒါက အကောင်ရှည်(မြွေကို အကောင်ရှည်ဟုခေါ်ကြသည်) တွေ ပြေးအောင် တဲ့.။

ဒါနဲ့ပဲ လယ်ကွင်းတွေ ထဲရောက်လာတဲ့ အချိန်မှာ အရှေ့ဆီကလဲ မိုးသောက်အာရုဏ် အလင်းတန်းတွေက ထွက်ပြူလာနေပါပြီ ပတ်ဝန်းကျင် တစ်ခုလုံးဟာလဲ တိတ်ဆိတ် ငြိမ်သက်လို့ ပိုးကောင်လေး တွေ အော်သံနဲ့ချောင်းထဲက အစာရှာနေတဲ့ ဘဲအုပ်ဆီက ပျော်မြူးနေကြတဲ့ အသံတွေပဲ ကြားနေရပါတယ် လယ်ကန်သင်းဘေးက မြက်ပင်လေးတွေ ပိန်းပင် လေးတွေ ချုံနွယ် ပိတ်ပေါင်း တွေမှာတော့ နှင်းရည် လေးတွေ တင်ကျန်ပြီး အားလုံး ဟာ စွတ်စို လို့ပေါ့ မူလတန်း တုန်းက သင်ခဲ့ ရတဲ့

ရိုးတစ်လျှောက်
ဖြိုးမောက်ပါတဲ့ လယ်ပဒူ
အရွက်ချွန်း ကန်စွန်း ပုဇွန်စာနဲ့
လွန်တရာ ကညို့ပေါတယ်
တောဖြစ်လို့ထူ

ဆိုတဲ့ ကဗျာလေးလို ပါပဲ..
ဒါနဲ့ လမ်းမှာ တွေ့တဲ့ အဲဒီ ကန်စွန်းရွက်လေး တွေ ကညို့ တွေ ကို ခူးပြီး ကျောပေါ်က ပလိုင်းထဲ ပစ်ထည့် ရင်း သားကောင် ရှာလာခဲ့လိုက်တာ ဟော တွေ့ပါပြီ ပထမဆုံး သားကောင် ထူးထူး ခြားခြားပါပဲ ချောင်းနဲ့ ကပ်နေတဲ့ လယ်ကွက်ထဲမှာ ညက ရေအတက် နဲ့ပါလာပြီး ရေကျ သွားချိန် တင်ကျန် နေခဲ့တဲ့ ငါးဘတ် ကြီး နှစ်ကောင် ပါဗျာ ရေစပ်စပ် ကျန်နေတဲ့ လယ်ကွင်းထဲ တဝုန်းဝုန်း နဲ့ ဗိုက်သား ဖြူဖြူ ကြီးတွေ ပေါ်အောင် သူ့ထက်ငါ အလုအယက် ချောင်းထဲဆင်းမယ့် လမ်းကို ရှာဖွေရင်း ကူးခပ်နေကြလေရဲ့ ..။

ကိုကြည်လင်း က အသာအယာ ပါပဲ ပါလာတဲ့ ဆောင်ဓားရှည်နဲ့ ခေါင်းကိုမှန်းပြီး ခုတ်လိုက်တာ ငြိမ်သွားပါလေရော ထုံးစံ အတိုင်း ပလိုင်းထဲ ကောက်ပစ်ထည့် ပြီး ခရီး ဆက်လာခဲ့ ကြတယ် လယ်ကန်သင်း ရိုး တစ်လျှောက် က မြင်ရတဲ့ တွင်းတွေ ကိုလဲ မျက်ချည် မပြတ် ကြည့်လာတယ် ကျွန်တော့် အမြင် မှာတော့ တွင်းတွေ ကအကုန် တူတူပဲဗျ ဒါပေမယ့် သူတို့ ရွာသူရွာသား တွေကတော့ သိတယ် ဒါက ကြွက်တွင်း ဒါက မြွေဝင်ထားပြီးပြီ ဆိုတော့ မြွေပဲ ရှိတော့မယ် လို့ ပြောပြရင်းနဲ့ ..

“ဟော တွေ့ပြီ ကိုလင်း ရေ ဒါက ပုဇွန်လုံး တွင်းကွ”

ပြောပြောဆိုဆို ငုတ်တုတ် ထိုင်ချလိုက်ပါတယ် နောက်တော့ သူအသင့် ယူလာတဲ့ အုန်းလက် အလယ်သား ရဲ့ထိပ်လေး မှာ ညက ကြက်သား ချက်တုန်းက အရေခွံလေး ကို ချည်လိုက်ပြီး တွင်းထဲ ကို အသာလေး ချလိုက် တယ် ဖြည်းဖြည်းချင်း တွင်းထဲ ကို ထိုးထည့် သွားလိုက်တာ ခဏနေတော့ အုန်းလက် ကလေး ဟာ လှုပ်ရှား လာပါတယ် ဒါနဲ့ ကိုကြည်လင် ပြန်ဆွဲထုတ် တာ လားလား စီဒီ အပြားလောက် ရှိမယ့် ဂဏန်း ကြီးဟာ သူ့ရဲ့ သန်မာတဲ့ လက်မကြီး နှစ်ချောင်းနဲ့ ကြက်ရေခွံ ကိုညှပ်ထားလိုက်တာ အပေါ် ကိုရောက်လာတဲ့ အထိပါပဲ ဒါနဲ့သူလဲ ပလိုင်းထဲရောက်ပေါ့ အဲလို နဲ့ လယ်ပုစွန် လုံး တွေ ၁၀ ကောင်လောက်လဲ ရရော ငါးလဲ ရထားတယ် ဆိုတော့ အိမ် ကို ပြန်လာ ခဲ့ကြပါတယ် အိမ်ပြန်လမ်း မှာ ကင်ပွန်းရွက်လေး တွေ ကင်းမုန် သီးလေး တွေလဲ ခုူးလာပါသေးတယ်..။

အိမ်ရောက်တော့ ပွဲပေါ့ဗျာ တောချက်ကလေး တွေ ချက်ပြီး ကျွေးတာ အဲဒါ က ညက ကြက်သား ဟင်းထက် အရသာ မှာ ဘာမှ မယှဉ် နိုင်လောက်အောင် ကောင်းပါ့ဗျား...။


ကိုစိုးမောင် တို့ အိမ်မှာ တည်းခဲ့စဉ်..။

ညနေစောင်းတော့ တစ်ခါ ကိုစိုးမောင် ကလာခေါ်ပါလေရော ကိုကြည်လင်းက မထည့်ချင် ထည့်ချင် နဲ့ ထည့်လွှတ်လိုက်တယ် ...

ကိုစိုးမောင် အိမ် က ချောင်းကမ်းပါး လေးမှာ ကပ်ပြီးဆောက်ထားတာဗျ အိမ်နောက်ဖေး ရေကပြင်က ချောင်းရေ နဲ့ ကွက်တိ အဲဒီမှာ ကိုစိုးမောင် ရဲ့ ပါဂျဲရိုး ကြီး အဲလေ သူ့ရဲ့ လှေ ကို ကြိုးနဲ့ ချည်ထားတာ တွေ့တယ် ..။

“ကိုလင်း အခု ခဏလောက် အိပ်ချင် ရင် အိပ်ထား လေ ညနေ ရေစစ် ခါနီးလောက်မှ ထွက်မယ်” လို့ ဆိုတာနဲ့ ကျွန်တော်လဲ အိမ်ရှေ့ လေးမှာ ဖျာလေး ခင်းပြီး ခဏမှေး နေလိုက်တယ်

ညဆယ်နာရီလောက် လဲ ကျရောရေပြန်တက်လာတဲ့ အချိန်မှာ လှေကလေး ပေါ်မှာ တောင်းတွေ ငါးဖမ်း ကိရိယာ ပိုက်တွေ နဲ့ မီးအိမ်လေး ထွန်းပြီး သူ့ ငါးဖမ်း အကွက် ကို လှော်ခတ် လာခဲ့ ကြပါတော့တယ် သူတို့ ငါးဖမ်း အကွက်လေး တွေက ရွာကနေပြီး တစ်နှစ် တစ်ခါ ရွာပိုင် ဧရိယာ ထဲက ချောင်းလက်တက် လေးတွေ ကိုလေလံ စနစ်နဲ့ အငှား ချထား ပေးတာပါ..။

သူ့ငါ့းဖမ်း ကွက် ကိုရောက်တော့ အသင့် ဆောက်ထားပြီးသား ချောင်းနဘေး က လယ်စောင့်တဲ လိုတဲ လေး ပေါ်မှာ ပစ္စည်း တွေ နေရာ ချပြီး အသင့် ရှိနေတဲ့ မီးဖိုလေး ကို မီးမွှေးလိုက် ပါတယ် တဲကလေးက လူ လေးယောက် လောက်တော့ ကောင်းကောင်း နေနိုင်လောက်တဲ့ အကျယ် အဝန်း ရှိတယ်..

ရေတက်လာပြီး ရေအီ သွားတဲ့ အချိန် (ရေတက်စရာ မရှိတော့လို့ ရေတွေ မစီး တော့ပဲ ငြိမ် သွားတာပါ) ကျတော့မှ ကိုစိုးမောင် တစ်ယောက် ဒီဘက် ကမ်းက ငုတ်တိုင်မှာ ပိုက်တစ်ဖက် ကို ချည် နောက်တစ်ဖက် ကို ဟိုဘက်ကမ်း ကို လှေနဲ့ သွားပြီး ထပ်ချည်လိုက်ပါတယ် ဒီပုဇွန် ထောင်တဲ့ ပိုက်က မြင်အောင် ပြောရမယ် ဆိုရင်တော့ ရေစစ် လိုမျိုး အဝကျယ် ပြီး အဆုံးမှာ ကျဉ်းသွားတာပါ ဒါပေမယ့် သူ့ပိုက်က အဆုံးမှာ အပွင့်ပါ အဲဒါကိုမှ ကြိုးနဲ့ ချည်ပြီး ပိတ်ထားပါတယ်...

ပြီးသွားတော့ တဲပေါ် ပြန်တက်လာပြီး ရေနွေးလေး သောက်ပြီး စောင့်နေပါတယ် ရေအီရာ ကနေ တစ်ဖြည်းဖြည်း ပြန်ကျလာနေပါပြီ မိနစ် ၂၀ လောက်နေတော့ လှေပေါ် တောင်းလေး တင်ပြီး ရေလည်ခေါင် က ပိုက်အဝ က ပိုက်ကို ကိုင်ပြီး ဖြည်းဖြည်းချင်း ဆွဲတင်နေပါတယ် ပေါ်လာတဲ့ အချိန်မှာ အဲဒီပိုက် အတိုင်း ဟိုး ပိုက်ရဲ့ အဆုံးထိ လှေနဲ့ လိုက်သွားပြီးတော့မှခါးလည်ခေါင် ကနေကျန်တဲ့ ပိုက် အဆုံးပိုင်း ကို လှေပေါ်ဆွဲတင်လိုက်တဲ့ အချိန်မှာတော့ ပိုက်ရဲ့ အဆုံးပိုင်းမှာ အထုပ်ကြီး တစ်ထုပ်လို ဖြစ်နေပြီး အဲဒီထဲမှာ ငါးတွေ ပုဇွန် တွေ အပြည့်နဲ့ပေါ့..။

အဲဒီ အထုပ်လိုက် တောင်းကြီးထဲ ကိုထည့် နောက်တော့ အဝက ချည်ထားတဲ့ ကြိုးကို ဖြေပြီးသွန်လိုက်တဲ့ အချိန်မှာ ငါးတွေ၊ပုဇွန်ထုပ် ကြီးတွေ က တဖြတ်ဖြတ် ခုန်လို့ ပိုက်ကို ကြိုးပြန်ချည် ရေထဲ ပြန်ချ ထားပြီး တဲ့ အချိန်မှာ ကမ်းကို ပြန်ကပ်လာပြီး တောင်းနဲ့တဲပေါ် ပြန်တက်လာပါတယ်...

ပါလာတဲ့ အမှိုက်တွေ ရွေး ငါးသေး ငါးမွှား တွေ ချောင်းထဲ ပြန်လွှတ် ပြီး သန့်သွားချိန်မှာတော့ ပုဇွန်တွေကို တစ်ခါ အမျိုးအစားပြန်ခွဲ ပြန်ရော ပုဇွန်ထုပ်ကြီး ပုဇွန်ဆပ်ထုပ် ပုဇွန်ကျော့ ဆိုပြီးတော့ပေါ့ ငါးတွေက သပ်သပ်တစ်တောင်းပေါ့ဗျာ ပြီးသွားတော့ ထွားပေ့ ဆိုတဲ့ ပုဇွန်ထုပ်ကြီး ငါးထုပ် ဆယ်ထုပ်လောက် ကို သီတံနဲ့ ထိုးပြီး မီးကင် ၊ ပြီးတော့ လွယ်အိပ် ထဲက ပုလင်း နှစ်လုံး ထုတ်ပြီး ဖန်ခွက် တစ်ခွက်ထဲ ငှဲ့ ၊ ဒါနဲ့ ကျွန်တော်လဲ ကြည့်လိုက်တော့ ထန်းရည် တွေလို့ ထင်ပါတယ် ..

ကိုစိုးမောင် လဲ ပုဇွန်ကင် နဲ့ ထန်းရည် ခွက်လေး ကိုင်မြှောက်ပြီး မှောင်မဲ တိတ်ဆိတ်နေတဲ့ ကွင်းကြီး ဘက်ကို လှည့်လို့ ကွင်းပိုင် အဖိုး သုံးဆောင်ပါ ဘာညာ နဲ့ တတွတ်တွတ် ရေရွတ် ပြီး ကွင်းပိုင်မြှောက် လိုက် ပါတယ် ..

ကွင်းပိုင် အလှည့် လဲ ပြီးရော ဒီက မြို့ပိုင်လေး အလှည့်ပေါ့ဗျာ ဟိ ဟိ.. ပုဇွန် ကင်နံ့လေး မွှေးလာကတဲ က တံတွေးမြိုမြို ချနေရတာ ထွက်စရာ တံတွေးတောင် အလျှင်မမှီ ဖြစ်လောက်တယ် ဒါနဲ့ ကျွန်တော့် အတွက် ခွက်တစ်ခွက် ချပေးပြီး ပုလင်းထဲ က အရည် တွေ ထည့်ပေးပါတယ်..

“ကိုစိုးမောင် က ထန်းရည် တောင် အဆင်သင့် ထည့်လာပါလားဗျ..”

“ဟား ဟား ကိုလင်းကလဲ အဲဒါ ထန်းရည်မှ မဟုတ်တာ ဓနိရည်ဗျ ကျွန်တော် တို့ မြစ်ဝကျွန်းပေါ် ဘက်တွေ မှာ ထန်းရည် ထက် ဓနိရည် ကပိုပေါတယ်လေ ထန်းရည် က အညာဖက်မှာ ပိုပေါ တာ”..

အဲဒီတော့မှ ထန်းရည် ဆိုတာ အပြင် ဓနိရည် ဆိုတာ ပါ ရှိပါလား ဆိုတာ သိလာတယ် ..

ထင်တော့ ထင်သားဗျ မနေ့ကတဲက ကိုကြည်လင်း တို့ အိမ် မှာ ခွဲကျွေးတာ ဓနိသီး ဆိုတာ ထန်းသီးနဲ့ အတူတူ ပဲနော် လို့တောင် ပြောမိသေး ကြည့်စမ်း အခု ဓနိရည် ဆိုတာကလဲ ထန်းရည် နဲ့ အတူတူ ပဲ ဗျ..

ဒါနဲ့ပဲ ဓနိရည် တစ်ကြိုက် ပုဇွန်ကင်လေး ကို သံပရာ ရည်လေး ညှစ်ပြီး တစ်ကိုက် ကိုက်လိုက် နဲ့ ကျေးတော ရွာလေး ထဲက ကျယ်ပြန့်လှတဲ့ ကွင်းပြင်ကြီး ကို ဖြတ်သန်း တိုက်ခတ် လာတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေ ကိုရှုရှိုက်လို့ ရန်ကုန် ဟော်တယ် ကြီးတွေ ပေါ်က စည်းစိမ် မျိုးကို အရသာ ခံနေမိတယ် ..

ည ၂ နာရီလောက်ကျတော့ တောင်းကြီးတွေနဲ့ လေးငါးတောင်းလောက်လဲ ပုဇွန်တွေ ငါးတွေ ရပြီ ဆိုတော့ ပစ္စည်းတွေ သိမ်းပြီး အိမ်ပြန်လာခဲ့ကြတယ် အိမ်ရောက်တော့ ခြင်ထောင်ထဲ ဝါးလုံးထိုး ဝင်ပြီး အိပ်လိုက်တာ မိုးဘယ်အချိန်လင်း သွားမှန်းတောင် မသိဘူး နိုးလာတော့လဲ ကောက်ညှင်းပေါင်း ပူပူလေး နဲ့ ငါးရံ့ခြောက်ကလေး ကို ရေနွေးလေး နဲ့စားရတာ နတ်သုဓ္ဒါ အလားပဲ ...

အဲဒီအချိန်မှာပဲ ကိုအောင်သူရောက်လာပြီး

“ကိုလင်း မနက်ဖြန် ကျောင်းတက် ရမယ် မဟုတ်လား ဒီနေ့ မော်တော်ရန်ကုန် ပြန်တက်မယ် သွားကြရအောင် ”
ဆိုပြီးလာခေါ်လို့ ကျောပိုးအိတ်လေး လွယ် ပြီး မော်တော် ပေါ် တက်လာခဲ့ ရပါတော့မယ် မော်တော် ထွက်ခါ နီးတော့ တံတားပေါ် မှာ ရွာလည်ကျွတ်နီးပါး လာပြီး နှုတ်ဆက် လက်ပြ ကြတာကို မော်တော် ပေါ်ကနေ ပြန်လက်ပြရင်း ကြည်ဆိပ် ရွာကလေး ဟာ ကျွန်တော့် ရဲ့ အမြင် အာရုံမှာ တဖြည်းဖြည်း သေးငယ် မှုန်ဝါး ပျောက်ကွယ် ပြီး ကျန်နေခဲ့ပါတော့တယ် ...

ဒီခရီးလေး နဲ့ ရွာသူ ရွာသားတွေရဲ့ ရိုးသားဖြူစင်မှု တွေ ခင်မင် ဧည့်ဝတ်ကျေပွန် မှုတွေ ကိုတော့ ကျွန်တော့ ဘဝ တစ်သက်မှာ ဘယ်သော အခါ မှ မေ့ပျောက်အောင် လုပ်နိုင်စွမ်း မရှိတော့ပါဘူး..။
Read more


Summer Movie (Titanic 2)

လွန်ခဲ့သော နှစ်အတော် များများ က ကမ္ဘာနဲ့ အဝှမ်း နာမည် ကျော်ကြား လူကြိုက်များခဲ့ တဲ့ တိုက်တန်းနစ် ဇာတ်ကား ကြီးမှာ ဆင်းရဲသား လေး ဂျက် နဲ့ အထက်တန်းလွှာ က ရိုစ့် တို့ သငေ်္ဘာမြုတ် သွားတဲ့ အချိန် ရိုစ့်ဟာ ဂျက် ကို ရေထဲ မှာ စွှန့်လွှတ် ခဲ့ရပြီး ပရိသတ် အားလုံး ရင်ထဲ ဆို့နင့်စွာ နဲ့ မျက်ရည် မခိုင်သူတို့ မျက်ရည် လည်ရွဲ ရုပ်ရှင် ရုံ အပြင် ကို ထွက်ခဲ့ ကြရပါတယ်..။

အခု ဒီနှစ် နွေရာသီ မှာ အမေရိကား နဲ့ ဥရောပ မှာ သေဆုံးသွားပြီလို့ ထင်ထားတဲ့ ဂျက် တစ်ယောက် လူ့လောက ထဲ ပြန်လည် ရောက်ရှိလာပြီး သူ့ချစ်သူ ရိုစ့် ကိုပြန်လည် ရှာဖွေ ပါတော့မယ် ..။

လီယိုနာဒိုဒီကာပရီယို ကို ကြိုက်နှစ်သက်သော မမ ညီမ များ မျက်ရည်လည်ရွဲ ဖြစ်ဖို့သာ ပြင်ထားပေတော့ဗျို့..။

အောက်မှာ အစမ်းလေး မြည်းကြည့် သွားနိုင်ပါတယ်....။



ဒီတစ်ရက် နှစ်ရက် အတွင်း ရုပ်ရှင် တွေ အတော်ကြည့်ဖြစ် ရာက ၂၀၀၉ ခုနှစ် နွေရာသီမှာ နာမည် ကြီး ကားတွေ ရဲ့ အဆက် တွေ ဆက်တိုက် ထွက်လာမှာ ဖြစ်လို့ ရုပ်ရှင် ကြိုက်သူများ အတွက် အမြည်းလေး တွေ ဝေမျှ တာ သက်သက်ပါ ..
အရသာရှိရှိ ဇာတ်လမ်း အစအဆုံး ကတော့ စောင့်မျှော် လို့သာ ကြည့်ကြပေတော့ ဗျို့..။
Read more


ပိန်ညှောင်ညှောင် ကောင်လေးတစ်ယောက် အကြောင်း


သူ့ရဲ ကိုယ်ပိုင် ကမ္ဘာလေး တစ်ခု ကို သူပိုင်ဆိုင် ခဲ့တာ ဟာဆိုရင် တစ်နှစ်နဲ့ လေးလ ပြည့်မြောက်ခဲ့ ချိန်မှာ သူ့ရဲ့ လူ့လောက ကြီးကို ရောက်ခဲ့တာလဲ ရေတွက်ကြည့်မယ် ဆိုရင် လူ့သက်တမ်း ၂၃ နှစ်ပြည့်မြောက်ခဲ့ပြီပေါ့..။

မွေးရပ်မြေနဲ့ ချစ်တဲ့ ပျော်ရွှင် စရာ မိသားစုလေး ကိုခွဲခွာ ပြီးပျော်ရာမှာ မနေ တော်ရာမှာ နေခဲ့ ရတဲ့ ဘဝလေး မှာ သူ့ရဲ့ ကိုယ်ပိုင် ကမ္ဘာ လေးကို မောင်မျိုးနှင့်ပေစောင်းစောင်း ရိုက်ချက်များ ဆိုပြီး တည်ဆောက် ခဲ့တာပေါ့..။

ဒီ ကမ္ဘာလေးထဲမှာ သူ့အတွက် ပျော်ရွှင် ကြည်နူး စရာတွေ ဝမ်းနည်း အားငယ် မှုတွေ သူငယ်ချင်း မိတ်ဆွေ တွေ အကိုအမ၊ညီတွေ ညီမ တွေ..၊ တိုက်ခိုက်တတ်တဲ့ သူတွေ၊ ချစ်ခင် တတ်တဲ့ သူတွေ ၊ အားပေးသူ ၊ နှိမ်ချသူ၊ အို အများကြီးပါပဲ စုံလို့ စုံလို့ ပါ..အများ ကြီး နဲ့ ဆုံတွေ့ခဲ့လေရဲ့..။

မိသားစု ကို လွမ်းလို့ အိမ်ပြန်ချင်တဲ့ အချိန်တွေမှာ ဒီ ဘလော့ဂ် လေးထဲ မှာပဲ ရင်ဖွင့်မိပါရဲ့..

တစ်ခါ တစ်လေ အကြောင်းမလှ လို့ အတိုက်ခိုက် ခံရတဲ့ အချိန်တွေ မှာ ဆိုရင် သူ့ရင်ထဲ ကြေကွဲ ဝမ်းနည်း စွာ သူအမြတ်တနိုး တန်ဖိုး ထားတဲ့ သူ့ရဲ့ ဘလော့ဂ် လေးကို စွန့်ပစ် လိုက်ဖို့ အကြိမ်ကြိမ် တွေးတော မိဖူးပါရဲ့..။

တစ်ခါ တစ်လေလဲ မွေးရပ်မြေ ကို အပြီး ပြန်တော့မယ် လို့ စဉ်းစားပြီး နုတ်ဆက် မိပေါင်း ကလဲ အခါခါ နောက်တော့လဲ ဇာတိရပ်ရွာ မှာ မနေနိုင်လို့ ပြန်လာခဲ့ ရတော့လဲ သူ့ရဲ့ ဘလော့ဂ် လေးမှာ ကြည်နူး စွာ ပိုစ့်လေး တွေ ပြန်ရေး ရင်း ဘဝ ကြီး မှာ ဆက်ပြီး ရုန်းကန် လှုပ်ရှား ရပြန်ကော..ဒါကို နားမလည်ပေးနိုင် သူတွေက စတန့်ထွင်တယ် လို့ တိုက်ခိုက် မှုတွေကို သူခံစား ရပြန်ပါတယ်..။

ဘာပဲ ဖြစ်ဖြစ်လေ သူ့ရဲ့ ဒီကိုယ်ပိုင် ကမ္ဘာလေးကို သူချစ်တယ် တန်ဖိုးထားတယ် အခု အသက် ၂၃ နှစ်က နေ နောက် သေဆုံးချိန် အထိ သူ ကွန်ပြူတာနဲ့ နီးစပ် နိုင်သရွေ့ ဒီကမ္ဘာ လေးထဲ က သူ့ရဲ့ ဘာမှ မတော်စပ်တဲ့ ဆွေမျိုးတွေနဲ့ ပျော်ရွှင် စွာ နေသွားမှာပါ..။

PS:ကျွန်တော် နဲ့ တွေ့တိုင်း အကို က ညီအကို တွေထဲ မှာ ကျွန်တော့် ကို မချစ်ဆုံး ပဲ လို့ အမြဲ စကား နာထိုးတတ်တဲ့ ခရမ်းရင့်ရောင် အိုးပုတ်ပန်းတို့ပွင့်ရာမွေးရပ်မြေက ပိန်ညှောင်ညှောင် ကောင်လေးတစ်ယောက် ဖြစ်တဲ့ မောင်မျိုး ရဲ့ ၂၅ ရက် ၁ လ ၂၀၀၉ ခုနှစ် မှာ ကျရောက်တဲ့ မွေးနေ့အတွက် ဒီပိုစ့်လေး ရေးဖြစ်တာပါ..။
Read more


ငပိ လွမ်းသူများ


မြန်မာလူမျိုးနဲ့ ငပိ ၊ ငပိ နဲ့ မြန်မာလူမျိုး ကျောနဲ့ရင် တစ်သား ထဲဖြစ်နေသလို ဘယ်လိုမှ ခွဲခြားလို့ မရလောက် အောင်ပါပဲ..။

အဲဒီမှာ မြန်မာပြည် မှာနေထိုင် သွားဖူးတဲ့ နိုင်ငံခြားသား တွေဟာ သူတို့ နိုင်ငံ ပြန်သွားပြီး ငပိ ကိုစွဲစွဲ လမ်းလမ်း ဖြစ်နေတာလေး တွေ ကျွန်တော် ယ္ခင် သငေ်္ဘာလိုက်နေစဉ် တုန်းက ကြုံတွေ့ ခဲ့ရဖူးပါတယ်..။

မြင်တွေ့ခဲ့ရတာတော့ အိန္ဒိယ မှာပါ ပထမ ဦးဆုံးကတော့ ကာလကတ္တား ကို ကုန်ချဖို့သွားတဲ့ အချိန် ဆိပ်ကမ်းထဲ ကိုဝင်ဖို့ အတွက် ဒေါက်ထဲ ဝင်ရပါတယ် အဲဒီဒေါက် ထဲ ဝင်ပြီးမှ မြစ်ထဲက ရေနဲ့ သငေ်္ဘာ ဆိုက်ကပ်တဲ့ နေရာက ရေကို ချိန်ညှိ ပေးပြီးတော့မှ ဆိပ်ကမ်း ကို ဝင်ကပ် ရတာပါ..။

ဒီလိုနဲ့ ဒေါက်ထဲမှာ ရေချိန်နေတုံး ဒေါက်မာစတာ လို့ ခေါ်တဲ့ အိန္ဒိယ သား အရာရှိ တစ်ယောက် တက်လာပါတယ်..။

အဲဒါနဲ့ AB တစ်ယောက် က သွားမေးပါတယ် .။

ဘာလို့လဲ ဆိုတော့ ဒေါက်မာစတာ ဆိုတာ သငေ်္ဘာပေါ်မှ တက်လေ့ တက်ထ မရှိတာကိုး.

"ဘာများ အလိုရှိလို့ပါလဲ ဒေါက်မာစတာ" ပေါ့လေ

အဲဒီတော့ ဟိုက မြန်မာလို ပြန်ပြီး ပြောပါတယ်..

ညီလေး တို့ သငေ်္ဘာ က တစ်ခိုင်လုံး ရွှေ ( အငြိမ့်အဖွဲ့မဟုတ်ပါ သငေ်္ဘာတစ်စီးလုံး မြန်မာ လူမျိုးများချည်း ဖြစ်လျှင် တစ်ခိုင်လုံးရွှေ ဟု ခေါ်ကြသည်..။) လို့ ကြားလို့ လာလည်တာပါ ကပ္ပတိန် နဲ့တွေ့ပါရစေ..။

ဒါနဲ့ပဲ AB လဲ သငေ်္ဘာ မောင်းနှင် ထိန်းချုပ်ခန်း ကိုလိုက်ပို့လိုက်ပါတယ်..။

ဟိုရောက်တော့ စကားစမည် ပြောရင်း ဒေါက်မာစတာ က ကပ္ပတိန် ကို သူလိုချင်တာ တစ်ခုတောင်းပါတယ်
ဘာလဲ ဆိုတော့ ငပိ ပါ..

"ကျွန်တော် ဒီကို ပြန်ရောက်နေတာ နှစ်သုံးဆယ်လောက် ရှိပါပြီ ခလေးဘဝ ကပြန်ရောက်လာတယ်ပေါ့ဗျာ အခုတော့ ဒီမှာပဲကျောင်းတက် ပြီး ဒေါက်မာစတာ ဖြစ်လာတာပါ.. ငယ်ငယ်က စားခဲ့ရတဲ့ ငပိရည် နဲ့ ငပိထောင်း ကို ကျွန်တော် တို့ တစ်မိသားစုလုံး အမြဲတမ်း လွမ်းဆွတ် တသ နေတာ ပါဗျာ ဒီတော့ ဒီသငေ်္ဘာ ကလဲ မြန်မာချည်းဆိုတော့ ငပိ ရှိမယ် လို့ထင်ပါတယ် အရင် တစ်ခါ တစ်လေ ကြယ်ငါးပွင့် က သငေ်္ဘာတွေ ဒီမှာ ဒေါက်တင်ပြီး လာပြင်ရင်တော့ စားရပါတယ်"...။

ဒါနဲ့ ကပ္ပတိန်လဲ ငပိဗူးတွေ ပေးလိုက်ပါတယ်

ဟိုလူလဲ ပျော်ပြီး ပြန်သွားလေရဲ့ နောက်ပိုင်း ကျွန်တော်တို့ သငေ်္ဘာ အဲဒီသွားမယ် ဆိုရင် အဲဒီဒေါက်မာစတာ အတွက် ငပိ ဘူးတွေ ပိုပို ယူသွားပြီး လက်ဆောင်ပေးတာပေါ့ဗျာ..။

နောက်တစ်ခါ ကတော့ ဘိုင်ဆပ် လို့ခေါ်ပါတယ် အဲဒီမှာ လဲ ဒီလိုပါပဲ..
သငေ်္ဘာ ကုန်တွေ ချနေတုန်း သငေ်္ဘာ ဂန်းဝေး ( လူများ တက်ဆင်း လုပ်သည့် သငေ်္ဘာ ကုန်းပတ်) ကလှေခါး အတိုင်း လုံခြုံရေး ယူနီဖောင်းနဲ့ ကုလား နှစ်ယောက် တက်လာပါတယ်..။

အဲဒါနဲ့ ဂန်းဝေး ဂျူတီ ကျနေတဲ့ AB က အာ ဒီကောင်နှစ်ကောင် ဘာလာ ရှုပ်တာလဲ မသိဘူး ဆိုပြီး ပြောပါတယ် ..

အဲဒီနှစ်ယောက်က

"စိတ်မဆိုးပါနဲ့ အကိုရယ် မြန်မာ သငေ်္ဘာ ဆိုလို့ ဝမ်းသာ အားရ လာနုတ်ဆက်တာပါ ဗျာ.."
လို့ မြန်မာလို ပြန်ပြောတော့ အားလုံး အတော်လေး အားနာ သွားတယ် ..

သူတို့လဲ ငပိ လိုချင်တာပဲဗျ ဒါပေမယ့် သူတို့ ကလဲ ကိုယ်တွေကို အဖိုးတန် တာ တစ်ခု ပြန်ပေးပါတယ် ဘာလဲ သိလား?

ချဉ်ပေါင် ဗျို့ ချဉ်ပေါင်..

နိုင်ငံခြားတိုင်းပြည် တွေ ဘယ်သွားသွား ဝယ်လို့မရတဲ့ မြန်မာတွေပဲ စားတယ် လို့တောင် ပြောလို့ရတဲ့ ချဉ်ပေါင်တွေဗျား...

အဲဒီ ၁၉၉၆ လောက်တုန်း က စင်္ကာပူ ဝင်တိုင်း ဗီယက်နမ် ဈေး ယိုးဒယားဈေး ဈေးတကာ့ ဈေး လိုက်ရှာ တာမတွေ့တဲ့ ချဉ်ပေါင် ပါ.

သူတို့ကို ရူပီး လေးဆယ် ပေးလိုက်တာ အိုး ဘာပြောကောင်းမလဲ သူတို့ စက်ဘီးနှစ်စီး နောက် ကယ်ရီယာ မှာ အပြည့်ဗျာ သယ်လာလိုက်တာ ချဉ်ပေါင်တွေ အထုပ် ကိုက စက်ဘီးနင်းလာတဲ့ သူတို့ရဲ့ခေါင်း နဲ့တတိုင်းထဲ လောက်ရှိတယ်...

သူတို့ပြောတာက ကိုယ်ပိုင်စိုက်ထားတာတဲ့ ဘယ်မှာမှ မရှိဘူး လို့ပြောတယ် သူတို့က အရင် မိုးကောင်း နားမှာ နေခဲ့တယ် ဆိုတာနဲ့ တော်လှန်ရေး အစိုးရတက်ပြီး အိန္ဒိယ သားတွေ အိမ်ပြန်ပို့တဲ့ အထဲ ပါလာတယ် ပြောတာပဲ ဒီမှာ အဲဒီက ပြန်ပို့တဲ့သူတွေ ချည်း ရပ်ကွက် တစ်ရပ်ကွက် ရှိတယ် လို့ပြောတယ်..။

အိုး ...ဒီလိုနဲ့ သငေ်္ဘာ တစ်စီးလုံး ဂျူတီနားတဲ့ သူတွေ စားသောက်ခန်းထဲမှာ ချဉ်ပေါင် ဝိုင်းသင် ကြတာပေါ့ ဟီး အိမ်ကပါဆယ် မမှာ ရင် မစားရဘူးလေ ပါဆယ် လာလဲ သိတဲ့ အတိုင်း ဝိုင်းအားပေးကြတာ တစ်ယောက် တစ်ဇွန်းလောက်ပဲ စားရတာ ..

ဒီလိုနဲ့ အဲဒီနေ့က သငေ်္ဘာ ပေါ်မှာ ချဉ်ပေါင်ကြော် ပါတီကြီး ကျင်းပခဲ့ပါတယ် ချဉ်ပေါင်ယူလာပေးတဲ့ နှစ်ယောက်လဲ လွေးလိုက်တာ ဆိုတာ ဘာလို့ဆို သူတို့က ချဉ်ပေါင်ကြော်စားပေမယ့် ငပိမပါတဲ့ ချဉ်ပေါင်ကြော်ချည်း စားလာရတာ ကိုးဗျ သူတို့နှစ်ယောက် ကိုလဲ ငပိဘူးတွေ တော်တော် များများ လက်ဆောင်ပေးလိုက် တာပေါ့ဗျာ..

ဘာမှ မဟုတ်ဘူး အခု ဟင်းချက်ခါနီး ချဉ်ပေါင်ကြော်စားချင်တာ မရှိလို့ ချဉ်ပေါင်နဲ့ တူတဲ့ စပီးနက်ပ် ဆိုတဲ့ အရွက် ကြော်စားဖို့လုပ်ရင်း အရင် ချဉ်ပေါင်ကြော်စားခဲ့ တာလေး သတိရလို့ ပြန်ရေးလိုက်တာ ..။
Read more


အဖေပေးမယ် ဆိုတဲ့ အမွေ


ကျွန်တော်ငယ်စဉ် က ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချီးလို့ ပြောလို့ ရလောက် အောင် ပြန်မပြော နားမထောင် မဟုတ်တာ လဲ လုပ်တာ မဟုတ် ဟုတ်တာလဲ မလုပ် ဘာကြီးမှန်းလဲ မသိ ဆိုးသည်လဲ မဟုတ် ကောင်းသည် လဲ မဟုတ် အလည် အလတ် တန်းစားထဲ ပါမည် ထင်သည်..။

အဖေနဲ့ နေစဉ် အပေါ်ထပ် မှာ ကျွန်တော် တစ်ယောက်ထဲ နေရသည် အဖေ နှင့် ကြီးဒေါ်ကြီးက အောက်ထပ်မှာ နေသည်.. အပေါ်ထပ် ဆိုပေမယ့် အပြည့် မဟုတ်ပါ အိမ်၏ ထက်ဝက်ခန့်သာ ရှိပြီး ဟင်းလင်း ပြင် ဖြစ်ပါသည် ဒီတော့ အောက်ထပ် ဧည့်ခန်း မှ အပေါ်ကို မော့ကြည့်လျှင် အပေါ်ထပ် ၏ ထက်ဝက် ခန့်ကို မြင်တွေ့ ရနိုင်ပါသည်..။

ကျွန်တော် ၏ စာကြည့်စားပွဲ က လဲ အောက်မှ လှမ်းကြည့်လျှင် မြင်ရပါသည် ဒီတော့ ကျွန်တော် စာကျက်လိုစိတ် ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ အဖေ အချိန်ဇယား ဆွဲ ပေးထားသည့် အတိုင်း မနက် ငါးနာရီမှာ ကျောင်းသွားဖို့ ပြင်ဆင် ခါနီး ၈ နာရီ အချိန်ထိ ညနေ ခြောက်နာရီမှ ၇ နာရီ ပြီးလျှင် ၈ နာရီမှ တီဗွီ သတင်းပြီးသည် အထိ( ဘာလို့ အချိန်တွေကွဲ သွား သလဲ ဆိုတော့ အဲဒီအချိန်က ရ နာရီထိုးရင် တီဗွီ အစီအစဉ် စတယ်လေ ဘယ်လို မှ စာကျက်ခိုင်းလို့ မရမယ် မှန်း သိလို့ အဲလို ဆွဲပေးတာ mrgreen) တီဗွီ အစီအစဉ်ပြီးရင် နောက် တစ်နာရီလောက် ထပ်ထိုင်ပြီးရင် အိပ်ပေါ့..။

ဒါပေမယ့် သိတယ် မဟုတ်လား အောက်ကမြင်ရတယ် ဆိုတာ စာကြည့်စားပွဲ မှာ ကျွန်တော် ထိုင်နေတာပဲ မြင်ရတာ ဘာတွေလုပ်နေလဲ ဆိုတာ အတိအကျ မြင်ရတာ မဟုတ်ဘူးလေ ကျွန်တော်ကလဲ စာကြည့်မီးအုပ်ဆောင်းလေး ဖွင့်ပြီး ဝတ္တုဖတ်ချင် ဖတ်နေတာ ဟီး ဟီး..

အဲလိုနဲ့ နေလာတာ အဖေကသိတယ် ဒါနဲ့ တစ်နေ့တော့ ကျွန်တော့် ကို ငါ့သား ကို အဖေ ပြောစရာ ရှိတယ် လာထိုင် ဆိုပြီး ခေါ်ပါလေရော ကျွန်တော်လဲ ခပ်လန့်လန့်ပဲ ဘာများပြောမလို့လဲ မသိဘူးပေါ့လေ..။

ခဏနေတော့ အဖေက ကျွန်တော့်ကိုစပြီး စကားပြောပါတယ်.

"ငါ့သား အခုဆို အထက်တန်းကျောင်းသားကြီးလဲ ဖြစ်နေပြီ ကလေးလဲ မဟုတ်တော့ ရိုက်နှက် ဆုံးမရမယ့် အရွယ်လဲ မဟုတ်တော့ဘူး အခု ဒီအချိန် ဟာလဲ သားဘဝ ရဲ့ အဆုံးအဖြတ် အချိန် ဖြစ်နေပြီ ဆိုတော့ သား ရှေ့မှာ ဘာဖြစ်နိုင်တယ် ဆိုတာ အဖေ ဘာလုပ်ပေးနိုင်တယ် ဆိုတာ အဖေ ပြောပြမယ်.."

"ဟုတ်ကဲ့"

"သားစာမေးပွဲ အောင်ခဲ့မယ် ဆိုရင် တက္ကသိုလ် သွားချင်လား မင်းအရမ်း ဖြစ်ချင်တယ် ဆိုတဲ့ ဗိုလ်သင်တန်း တက်မလား အဲဒါတွေ အတွက် ဘာမှ ပူစရာမလိုဘူး တက္ကသိုလ် တက်ချင်ရင် ဆိုလဲ အဖေ သားကို ဆက်ထားနိုင်တယ် စစ်တက္ကသိုလ် တက်ချင်တယ် ဆိုလဲ ဗိုလ်လောင်းရွေးချယ် ပွဲမှာ ငါ့သား မပါလာခဲ့ရင် အဖေ့ကို ကြိုက်သလို သာပြော"
(ထိုအချိန်က အရေးအခင်း မဖြစ်သေးပါ ကျွန်တော့် ၏ ဘဝရည်မှန်းချက်မှာ စစ်ဗိုလ် ဖြစ်ရန် တစ်ခုထဲ ဖြစ်ခဲ့ဖူးပါသည် အဖေ့တပည့်ဟောင်း တွေကလဲ ဗိုလ်ရွေး တွင် အကောင်ကြီးများ ဖြစ်နေကြသဖြင့် အဖေ အာမခံ ရဲခြင်းဖြစ်ပါသည်..နောက်အရေးအခင်းဖြစ်ပြီးသော အခါ ရည်မှန်းချက်ပျောက်ပြီး သငေ်္ဘာသား သာလုပ်ခဲ့ရပါသည်..။)

"အဲ ငါ့သား စာမေးပွဲ မအောင်ခဲ့ဘူး ဆိုရင်တော့ ကွာ အဖေက သူများ တွေလို စီးပွားရေးလုပ်ငန်းကြီးလဲ ထူထောင်မပေးနိုင်ဘူး တက္ကစီလောက် ဆွဲစား ရအောင်လဲ ကားမဝယ်ပေးနိုင်ဘူး ဒီတော့ အဖေ သား အတွက် လုပ်ပေးနိုင်တာ ကတော့ ဆိုက်ကား လောက်တော့ အဖေ ဝယ်ထောင်ပေးနိုင်တယ် ကိုယ်ပိုင် ဆိုက်ကား နင်းစားတော့လဲ သပိတ်ဝင် အိပ်ဝင်ဆို မဆိုးလောက်ပါဘူး ဒီတော့ ငါ့သား စဉ်းစားပြီး ကိုယ့်ဘဝ အတွက် လမ်းကြောင်း ရွေးပေါ့ ကွာ " ဆိုပြီး ထသွားပါလေရော...။

အဲဒီအချိန် ကစလို့ ကျွန်တော်လေ လမ်းသွားလို့ ဆိုက်ကား တွေတွေ့တိုင်း စာမကျက်ချင် ဘူး ဆိုတဲ့ စိတ်တွေ ဖြစ်လာတိုင်း မျက်စိထဲ မှာ အဖေပေးမယ် ဆိုတဲ့ အမွေ ဆိုက်ကားကြီး နဲ့ ဆိုက်ကားနင်းနေတဲ့ ပုံကြီးပဲ မြင်ယောင် မိပြီး အင်း ငါစာမေးပွဲ မအောင်ခဲ့ ရင် ဒီလိုမျိုး ဆိုက်ကား နင်းရတော့မယ် ဆိုတဲ့ ကြောက်ရွံ့ မှုတွေက ကျွန်တော့် ဘဝကို တွန်းအားတွေ ဖြစ်စေခဲ့ပါတယ်..။
Read more


၁၅ ရက်ပျောက်သွားတဲ့ ပိတ်ရက်များ..။


ဒီပိုစ့်လေး ရေးဖြစ်တဲ့ အကြောင်း ကတော့ ကျွန်တော် ပိုစ့်တွေ မတင်ပဲ ဘာလို့ပျောက်နေတာလဲ ဆိုတာလေး ပြောရင်း လာရောက် ဖတ်ရှုသူတွေ ကို ဘလော့ဂ် ကို ဒေါင်းလုဒ် ဝိတ် ဘယ်လောက်လေး နေပြီလဲ ဆိုတာ စစ်လို့ ရတဲ့ ဆိုဒ်လေး တစ်ခု လဲ ပေးချင်လို့ပါ တော်တော် လေး အဖိုးတန်ပါတယ် ..။

ပြီးခဲ့တဲ့ လကုန်လောက်က ဆိုင်ပိတ်ခါ နီးတုန်းကတော့ အတွေးထဲမှာ က ငါတော့ အေးဆေးနားရပြီ ဘလော့ဂ်လေး ကို ပိုစ့်တွေ တင်မယ် ဘလော့ဂ် တွေလည်မယ် အိမ်မှာပဲ ကွန်ပြူတာ တစ်လုံးနဲ့ ကမ္ဘာပတ် ပြီး လျှောက်လည် မယ်လို့ စဉ်းစားထားတာပဲဗျ.။

ဒါပေမယ့် အခွင့်အရေး ကမရပါဘူးဗျာ..
အခွင့်အရေး မရဘူး ဆိုလို့ ကွန်ပြူတာနား မနေနိုင်လို့ လားလို့တော့ မထင်လိုက်ပါနဲ့ တစ်နေကုန် တစ်ညလုံး နေ့စဉ်ရက်ဆက် ဆိုသလို မနက် မိုးလင်း ၆ နာရီ ၇ နာရီ လောက်မှ အိပ်ရတယ် ပြီးတော့လဲ ၁၀ နာရီ ၁၁ နာရီ လောက်ကျ တော့ပြန်ထပြန်ရော.. မျက်နှာသစ် ကော်ဖီသောက် ပြီးတာနဲ့ ကွန်ပြူတာရှေ့ တစ်နေကုန် အစားအသောက်တောင် သူငယ်ချင်းတွေကို လမ်းက ဝယ်လာခဲ့ပေးဖို့ ပြောပြီး မှာစား ရတယ် ဟီး..။

ဘာတွေ အလုပ်ရှုပ်နေလဲ ဟုတ်လား ?

ဒီလို အလုပ်ပိတ်ပြီး နောက်တစ်နေ့ ကျွန်တော်လုပ်ထားတဲ့ မန်ယူဖိုရမ် နဲ့ သရဲနီတို့ပျော်စံရာ ဘလော့ဂ် လေး ကို ပစ်ထားတာ ကြာပီ ဆိုတော့ ဖိုရမ်ကတော့ မော်ဒီရေတာ တွေနဲ့ လည်ပတ်နေတယ် ဘလော့ဂ် က ပိုစ့်မတင် တာကြာပေါ့ ဒီတော့ နီးစပ်ရာ သတင်းလေးတွေ လိုက်ဖတ်ရင်း ပိုစ့်တွေတင်ပေါ့ဗျာ..။

နောက်တော့ ကျွန်တော် ကလဲ ကလိတာ အလွန်ဝါသနာ ပါတဲ့ကောင်ဆိုတော့ ဘလော့ဂ် လေးကို သပ်သပ်ရပ်ရပ် ဖြစ်အောင် တန်းပလိတ်လေး ပြောင်းအုံးမှ ဆိုပြီး လုပ်ပါလေရော အဲဒါက သိတဲ့ အတိုင်း တန်းပလိတ်ရှာ ပြောင်း ဟိုဟာလေးထည့်ဒီဟာလေး ထည့် ဘန်နာလေး ကိုလဲ ဖလက်ရှ် ကလေးနဲ့ အစစ အရာရာ ပြိုင်ဘက် ဘောလုံး ဖန် ဘလော့ တွေထက်သာအောင် လုပ်လိုက်ရတာ လူ့ကို တော်တော်လေး မောသွားတယ်..။

တစ်ဖက်မှာလဲ ဖိုရမ်အတွက် ပိုစ့်တွေ မှာ အပြုံးလေး တွေ ထည့်ပေးပါဆိုလို့ ပြေးထည့်ပေးရ ဘောလုံးပွဲ သတင်း တင်ရ ကြော်ငြာ အားနည်းနေလို့ ဘလော့ဂ်တွေ လိုက်အော် ရနဲ့ မိုးလင်းလာတာ တွေ့လို့ တာဝန် အရသာ အိပ်လိုက်ရတယ် လူက နောက်ဆံတင်းပြီး ကောင်းကောင်းတောင် အိပ်မပျော်ချင်ဘူး..။

နောက်တော့လဲ ဘောပွဲ ဟိုက်လိုက်လေးတွေ တင်ပေးဖို့ကလဲ Youtube က ဘောပွဲတွေ ကို မူပိုင်ခွင့်နဲ့ ငြိတယ် ဆိုပြီး တင်ခွင့်ကမပေး တစ်ခါ ဘယ်မှာ အပ်လုဒ် တင်လို့ ရမလဲ ရှာရ ပြန်ကော ရတဲ့ ဟာတွေ့ ပြန်တော့လဲ ဖိုရမ် မှာကလဲYoutube ကုဒ်တွေ ပဲ ထည့်လို့ ရအောင် လုပ်ထားတော့
အဲဒီ တင်လိုက်တဲ့ ဆီက embed ကုဒ်တွေ ကိုထည့်ဖို့က ကြိုးစားရပြန်ကော ဒီလိုနဲ့ပဲ လုံးလည် ချာလည် လိုက်ပြီး နေ့နဲ့ညတွေကလဲမှား..။

နောက်နေ့တွေလဲ သရဲနီ ဂျီမေးလ် ဖွင့်ထားပြီး အက်ဒ်လာတဲ့ မန်ယူဖန်တွေကို လက်ခံရ စကားပြောပြီး ဖိုရမ် မှာ ဝင်ဆွေးနွေးဖို့ ဘလော့ဂ်မှာလဲ ပိုစ့်တွေ တင်ဖို့ စည်းရုံးရေး ဆင်းရင်း နဲ့ အင်း ငါတော့ အတော်လေး လုပ်သင့်တာလေး တွေ လုပ်ပြီး သွားပြီ နားရတော့ မယ် ထင်နေတုန်း ဟော လာပါပြီဗျာ ..။

တူတော်မောင် သူ့ကို ဘလော့ဂ် လုပ်ပေးထားတာ တစ်နှစ် နီးပါးရှိတော့မယ် ပိုစ့်နှစ်ပုဒ် တင်ပြီး ပစ်ထားလို့ ကိုယ်လဲ သူ့အတွက် လုပ်ပေးနေတဲ့ တန်းပလိတ် ကို တန်းလန်းကြီး ပစ်ထားလိုက်တယ် mrgreen

အဲဒါက အခုမှ ဇာတ်လမ်း ပြန်ဆက်ပြီ သူလဲ အလုပ်ကနား ကွန်ပြူတာလဲ ကိုယ်ပိုင်ဝယ်လိုက်တယ် ဆိုတော့ ဘလော့ဂ် လေးကို ပြန်လုပ်ချင်လာရော ဒီတော့ ဦးလေး ဖြစ်သူ ကျွန်တော့ ကိုပဲ လုပ်လက်စ လေး လက်စသတ် ပေးပါ ဟိုဟာလေး လိုချင်တယ် ဒီလိုမျိုးလေး ထည့်ပေးပါ ဆိုပြီး အလုပ် အပ်ပါလေရော ဒါနဲ့ လုပ်ပေါ့ ညလုံးပေါက်. ...။

မနက်မိုးလင်း တော့တူတော်မောင် စိတ်တိုင်းကျအောင် နဲနဲ ပါးပါး ဟိုရွှေ့ဒီရွှေ့လေး တွေလုပ်ပေးပြီး မန်ယူဘလော့အတွက် သတင်းတွေစု ဗွီဒီယိုတွေ တင်နဲ့ ငါ့ အလုပ်လေးတွေ အပြီးသတ်တော့မယ် ဒါဆို ငါတော့ ငါ့ဘလော့ဂ် အတွက် ပိုစ့်ရေးလို့ ရပြီ ထင်နေတုံး ...

"ဝေးးးးးးးးးးး ချစ်ကိုကြီး နေကောင်းလား "

ဘာလား ညာလား တွေနဲ့ ဂျီတော့ ထဲကနေ ဝုန်းဒိုင်းကျဲ ပြီး ဝင်လာတာကတော့ ညီမတော် တစ်ယောက်
နောက်တော့လဲ ဘာပြောလဲ ဆိုတော့ ...

"ညီမလေး ဘလော့ဂ် ကလေ ဂတုံး ကြီးဖြစ်နေတယ်"

"ဟမ်..!! ဘာလဲ ဟ ဂတုံး ကြီး ဘလော့ဂ် ကတုံးကြီး ဖြစ်တာ ဘယ်လိုကြီးတုန်း"?

"ဟိုလေ သူများ ဘလော့ဂ် တွေလို ခန့်ခန့်ငြားငြား မရှိဘူး ပြောင်ချော်ချော် ကြီး ဖြစ်နေတယ် .... အဲဒီတော့ ထုံးစံ အတိုင်း အကိုကြီး ရဲ့ ညီမလေး မျက်နှာငယ်နေမှာ ကို ကြည့်မနေနဲ့နော် ညီမလေး လိုချင်တာ တွေ ထည့်ပေးပါ အိမ်ပြင်မယ်"..။

ဘန်နာက စာလုံးတွေ မှိန်နေတယ် !! ဟိုလေ ဘယ်နိုင်ငံတွေက လာတယ် ဆိုတဲ့ ကောင်တာလေး လဲ ထည့်ပေးနော် အင်းနောက်တော့ ကြော်ညာလေးတွေလဲ ထည့်ချင်တယ် နောက် နာရီလှလှလေး လဲ ရှာပေးနော် နောက် .. နောက်... နောက် ..................။

ဒါနဲ့ ကဲ ဒီတစ်ယောက်တော့ အမြန်လုပ်ပေးလိုက်ပြီး ရင်တော့ ငါလဲ နားအေး ပါးအေး စာလေး ရေးလို့ ရမယ်လေ ဆိုပြီး လုပ်ပေးလိုက်တယ် အမြန်ဆိုပေမယ့်လဲ သိတယ် မဟုတ်လား ဒါမျိုးဆိုတာက ရှာလိုက်ဖွေလိုက် ထည့်လိုက် နဲ့ ဆေးသုတ်ရုံလောက် တောင် တစ်ရက် နှစ်ရက် ကအနည်းဆုံး ကြာတာပဲ..။

ကဲ ဒါနဲ့ပဲ အားလုံး ပြီးသွားပါပြီ ညီမလေး လဲ ပျော်ပျော်ရွှင်ရွှင် ဖြစ်သွား ပြီ ဆိုတော့ ကဲ စမယ်ဟေ့ လို့တွေးနေတုန်း...။

နောက်ထပ် တစ်ယောက် ဂျီတော့ ထဲ ကနေ ဝုန်းဒိုင်း ကျဲ ဂျွန်းထိုး ဒိုင်ဗင် ပစ်ပြီး ဝင်လာပါတော့တယ်..။

သူက အစတော့ အေးဆေးပဲ..... ဝေါ့ပရက်စ် လုပ်ချင်တယ် တဲ့ ..

ဒါနဲ့ ကျွန်တော်လဲ ... "အေး ရော့ ဟောဒီမှာ ဝေါ့ပရက်စ် လုပ်နည်း စာအုပ် မြန်မာလိုပဲ ရေးထားတယ် ဖတ်ပြီး တစ်ဆင့် ချင်း အေးဆေးလုပ်ကြည့်"....။
"ဒါပေမယ့် တစ်ခုတော့ ရှိတယ် ဝေါ့ပရက်စ်ပြောင်းမှာ သေချာတယ် ဆိုရင်တော့ ငါ ဒီ ဂျီတော့ ကို ဘယ်တော့မှ မဖွင့်တော့ဘူး"... လို့ပြောလိုက်တယ်..။

"ဗျာ"!! "ဘာဖြစ် လို့လဲ ဆရာရဲ့"?

"ဟင် မင်းဒီလောက် ဘလော့ဂ် စပေါ့လေး လုပ်တာတောင် ရွာလည်နေတာကို ဝေါ့ပရက်စ် သွားလုပ် ရင်ငါဂျီတော့ ပေါ်တက်လာတိုင်း အအားနေရမှာ မဟုတ်ဘူး"..။

ဒါနဲ့ ကိုယ်တော်ချော လဲ ဝေါ့ပရက်စ် စာအုပ်လေး ရသွားပြီး ငြိမ်သွားတယ် နောက်မကြာပါဘူး သုံးလေးနာရီ လောက်လဲ ကြာရော ......၊

"ဘာတွေ ရေးထားတာလဲဗျာ စာအုပ်က လဲ ရှင်းအောင် လိုက်ရေးထားလွန်းလို့ နားကို မလည်တော့ဘူး ဗျာ"
ဆိုတဲ့ စကားလုံးတွေ နဲ့ လိုင်းပေါ်ပြန်တက်လာပါတယ်..။

ပြီးတော့မှ .. "လုပ်နည်း တောင်ဒီလောက် ရှုပ်နေရင် ကျွန်တော်လဲ မလုပ်ချင်တော့ ပါဘူးဗျာ သူများတွေ ဝေါ့ပရက်စ် ပြောင်းမယ် ပြောင်းမယ် ပြောကြလွန်းလို့ ခေတ်မှီအောင် ပြောင်းရင် ကောင်းမလားလို့ စဉ်းစားတာပါ..။

ခုတော့ ဘလော့ဂ် လေးပဲ အိမ်အသစ်ပြန်ဆောက်တော့မယ် ဆရာ အရင်ပြောထားတာ ရှိတယ် မဟုတ်လား ဆောင်းတွင်း အလုပ် ၂ လ နားရင် ကျွန်တော့် ကို သိချင်တာ လုပ်ချင်တာပြော လုပ်ပေးမယ် လို့ ပြောထားတယ်လေ အခု တော့ အလုပ်ပိတ်တာ တစ်ပါတ် လောက်တောင် ရှိပြီ တစ်ခါ မှ အားတယ် မပြောဘူး..။

အခု ဝေ့ါပရက်စ် လဲ မပြောင်းချင်တော့ဘူး ဆိုတော့ တန်းပလိတ်ပြောင်းပေး ကျွန်တော် ဒေါင်းထားပြီး သားတန်းပလိတ် ရှိတယ် ပို့လိုက်မယ်"..။
"ဟေ့ ... ငါ တစ်ကယ်ပြောတာ မအားဘူး ဟ"

"အော် ဆရာက ကောင်မလေး တွေကျ လုပ်ပေးပြီး ကျွန်တော့် ကျ မလုပ်ပေးချင်ဘူးပေါ့လေ ရပါတယ် ဗျာ"..။

"တိန်"
သေပြီ ဒီကောင် တော်တော်ဆိုးတဲ့ ကောင်ပါလား ဒီကကောင်ကတော့ ဘာဖြစ်လို့ ဖြစ်နေမှန်း မသိ သူပြောချင်တာ သူလုပ်ချင်တာတွေချည်း စွတ်ပြောနေသည် မအားဘူး ပြောပြန်တော့လဲ လူူကို ဘက်လိုက်သလိုလို ဘာလိုလို..။

ဒါနဲ့ ထုံးစံ အတိုင်းပဲ ကဲ မြန်မြန်ပြီး မြန်မြန်အေး ကွာ ဆိုပြီး သူပို့ပေးလိုက်တဲ့ တန်းပလိတ် တွေ ကြည့်လိုက်တော့ လားလား ကိုယ်တော်ချော ဒေါင်းထားတာတွေက အကုန် ဝေါ့ပရက်စ် အတွက်ချည်း ဖြစ်နေတယ် lol ..။

ဒါနဲ့ ..."ဟေ့ ဒါတွေ ကမရဘူး ဟ ဝေါ့ပရက်စ် အတွက် လို့"ပြောတော့ ကိုဂျပန်မူလီက အရစ်ကရှည်နေပြန်ရော ဘာလို့မရတာလဲ မတူဘူးလား ဘာလား ညာလားနဲ့ အလုပ်လုပ်ချိန်မရ သူမေးတာတွေ ချည်းဖြေနေရမဲ့ ပုံ ပေါက်နေ ရော...။

ပြီးသွားတော့ .."ဘလော့ဂ်တန်းပလိတ်က ဘယ်မှာရှာရမှာလဲဗျ"?

"ကဲ ရော့ ဟောဒီမှာ လိပ်စာ ကိုယ့်ဖာသာ ကြိုက်တာရွေး ရရင ်လင့်ပေး ငါ ဒေါင်းပြီး တန်းပလိတ် ချိန်းလိုက်မယ်"

ဒါပေမယ့် ခဏပါပဲ

"ဆရာက ပြောင်းမယ့်လူဆိုတော့ ဘာလေး အဆင်ပြေမလဲ ဆိုတာ ပိုသိမယ် ဒီတော့ ဆရာပဲ ကြည့်ရွေးလိုက်ပါ ကျွန်တော် အပြင်ခဏသွားလိုက်အုံးမယ် " ပြောပြီး ပျောက်သွားပါလေရောဗျား ..။

ဒါနဲ့ ကျွန်တော်လဲ သူကဝေါ့ပရက်စ် အားကျနေတယ်လေ ဆိုပြီး ဝေါ့ပရက်စ် စတိုင်လေး ရှာဖွေ ပြီး တန်းပလိတ်ပြောင်းမယ် လုပ်မှ သတိရလာတယ် ဘေးကဆိုဒ်ဘားတွေ ကုဒ်တွေယူထားရအုံးမှာပဲ ဆိုတာ အဲဒီအချိန် မန်ယူပွဲကလဲ လာခါနီးနေပြီ ဒီတော့ ပွဲကြည့်ပြီး ပိုစ့်တွေ ဗွီဒီယိုတွေ ပြန်တင်ရအုံးမယ် ဆိုတော့ သကောင့်သားကလဲ ပေါ်မလာ တော့ ဒုက္ခနဲ့ လှလှ တွေ့နေပြီပေါ့..။

ဒီအချိန် ကံကောင်းထောက်မစွာ ပဲ ဘိုးဘိုးအောင်က ပြန်ပေါ်လာပါတယ် .။

"ဆရာ ပြီးပြီလား"?

အင်း မေးပုံကတော့ သူ့အတွက် ထမင်းစားရေသောက် ပုံစံနဲ့ အလွယ်တကူ မေးရက်လိုက်လေခြင်း..။

"ဟေ့ ပြီးသေးဘူး ဆိုဒ်ဘားက ကောင်တွေ ပြန်ထည့်ဖို့အတွက် မင်းကုဒ်တွေ ကူးထားလိုက် ငါဘောလုံးပွဲ လာတော့မယ် ပွဲပြီးမှာနဲ့ မင်းကုဒ်တွေ မှတ်ပြီးမှာနဲ့ အတော်လောက်ပဲ "

အာ တစ်ခါထဲ ပြီးအောင်လုပ်လို့ မရဘူးလားဗျ ? မြန်မြန်လေး လုပ်ပေးပါ တစ်ခါထဲ ပြီးသွားတော့ ကောင်းတာပေါ့ ဗျ..

ကိုယ့်ဖာသာကို လည်ပင်းကြိုးကွင်းစွပ် ရမလား တိုက်ပေါ်က ခုန်ချ လိုက်ရင် ကောင်းမလား လမ်းထိပ် ထွက်ပြီး ရိုင်း မြစ် ကြီးထဲ ကျောက်တုံးဖက် ပြီး ဆင်းသွား ရမလား မသိနိုင်လောက်အောင် စိတ်ညစ်သွားမိတယ်ဗျာ.

"အေးပါ ငါလဲ အမြန်ပြီးချင်တာပဲ ဒါပေမယ့် ကိုယ့်အသင်းဘောပွဲ ရှိတဲ့နေ့ ငါက ဘောပွဲ မကြည့် ပိုစ့်မတင်ပဲ လုပ်ပေးရမှာလား နဲနဲလဲ အားနာပါအုံး. ဆရာလေးရဲ့"..။

"ဟီး ဟီး ဟုတ်ပြီ ဟုတ်ပြီ ဒါဆို ကျွန်တော် ကုဒ်တွေ ကူးထားလိုက်မယ် ဘောပွဲက ဘယ်တော့ပြီးမှာလဲ ဒီနေ့တော့ ပြီးအောင်လုပ်ပေးနော်"..။

ဒီလိုနဲ့ပါပဲ ဘောပွဲပြီးတော့ ပိုစ့်တင် ဘာညာ လုပ်ပြီး တန်းပလိတ် ထည့်လိုက် ပါတယ်..။

ဒါနဲ့ပြီးမယ် ထင်ပါသလား ဒီလို ထင်ရင် မှားသွား မှာပေါ့..။

ထုံးစံ အတိုင်း မုန့်ဟင်းခါး ပြီးတော့ အရည်သောက်လေး တွေက နောက်က ကပ်ပါလာပါပြီ..။

"ဟို ဘန်နာလေး ပြောင်းချင်တယ် ရီဆန့်ကွန်မန့်လေး ထည့်ပေးပါ စီဗောက် ကြီးကြီးလိုချင်တယ် ပိုစ့်ခေါက်တာပါ တစ်ခါထဲ လုပ်ပေးနော်"

ဆိုတဲ့ အမှာ စကားတွေ တစ်လှေကြီး ချွေပြီး အမျိုးကောင်းသားက စက်တော်ခေါ်သွားပါပြီ ဒါနဲ့ ကျွန်တော်လဲ ပရီဗျူးကြည့် အိုကေပြီဆိုတာနဲ့ ဆေ့ဖ် လုပ်ပြီး ဖိုရမ်မှာ လူသစ်တွေ ဝင်လာတာကို နုတ်ဆက် ပိုစ့်တွေ ရီပလိုင်းပြန် နဲ့ မိုးလင်းသွားပြန်ပါလေရော..

အိပ်ရာထပြီးတော့ ကိုယ်လက် သန့်စင် ပြီး ဘလော့ဂ်ကို အဆုံးသတ် လိုတာလေး တွေ ထည့်ပေးမယ် ဆိုပြီး ဖွင့်ကြည့်လိုက်ရော

အီးးးးးးးးးးးးးးးးးးးး

နေဗီဂေးရှင်းဗားပေါ်က အတုံးတွေကော အဲဒီတန်းပလိတ်ထဲပါသမျှ နောက်ခံ ဘက်ဂရောင်း အတုံးတွေ အကုန် မရှိပဲ ဘလော့က ပြောင်ချော်ချော် နဲ့ ဘယ်လိုဖြစ်တာပါလိမ့် ဆိုပြီး ပုံတွေရဲ့လင့်တွေ လိုက်ကြည့်တော့ သူတို့က ရှိတော့ရှိနေတယ် ဒါပေမယ့် လင့်တွေက support မလုပ်ဘူးဖြစ်နေကော ဒါနဲ့ အဲဒီနောက်ခံ တွေ ပုံပေါင်း ၂၀ လောက်ကို ကူး ပြီးတော့ တစ်ခါ အပ်လုပ်ဒ် ပြန်တင် ရလာတဲ့လင့်တွေ ကို သူ့နေရာနဲ့သူ အစီအစဉ် တကျ ပြန်ထည့် နဲ့တစ်နေကုန်ပါလေကော ကြားထဲ ကိုယ်တော်ချောက မပြီးသေးဘူးလား ပြီးရင် ဟိုဟာလေး မမေ့နဲ့နော် ဒီဟာလေးလဲ လုပ်ပေးအုံး ဆိုပြီး သတိက လာလာပေးနေသေးတယ်...။

ဒီလိုနဲ့ပဲ အားလုံး ပြီးသွားတယ် ဆိုပါတော့ဗျာ ..။
အဲဒီတော့မှ လူလဲ သက်ပြင်းကြီး ချပြီး ရုပ်ရှင် တစ်ကားလောက် ကြည့်ပစ်လိုက်တယ်..။

ပြီးသွားတဲ့ အချိန်လဲ ရောက်ကော ကွန်ပြူတာရှေ့ပြန်ထိုင်ရင်းနဲ့ ပိုစ့်တင်ဖို့ စဉ်းစားတာ ဘယ်လိုမှ စဉ်းစားလို့ မရပဲနဲ့ဟိုအရင် တန်းပလိတ် လေးခု ပြင်လိုက်တာ မှာ ရှာရဖွေရနဲ့ တွေ့မိတာလေး တွေ ကခေါင်းထဲ မှာ ရောက်နေတယ် အဲဒါကတော့ ဝေါ့ပရက်စ်မှာ တစ်ချိ့တန်းပလိတ် တွေမှာ သုံးတဲ့ ဆလိုက်ဘားပဲ သူက နောက်ဆုံးတင်ထားတဲ့ ပိုစ့်လေးတွေ က ဆလိုက်ရှိုးလို မျိုးလေး ပိုစ့်က ဓါတ်ပုံ လေးတွေ ပိုစ့်ရဲ့ အစစာလုံးလေး တွေ ခေါင်းစဉ် လေးတွေနဲ့ပေါ်နေတာ အဲဒါကို ကျွန်တော် အသဲ အသန် လိုချင်နေတယ် ဒါပေမယ့် ဘလော့ဂ် စပေါ့မှာ က မလွယ်ဘူးလေ...။

ဒါပေမယ့် သုံးရက်လောက် စမ်းဖို့လုပ်ထားတဲ့ ဘလော့သုံးခုလောက်ပျက်သွား နေ့မအိပ် ညမအိပ် ရူးကြောင်ကြောင်ဖြစ်အောင် စမ်းပြီး သွားတဲ့ အချိန်မှာ အောင်မြင်သွားတယ်ပေါ့ဗျာ..

ဒါနဲ့ ကိုယ့်ဘလော့ဂ် မှာထည့်ပြီး သွားတဲ့ အချိန်မှာ ဖလက်ရှ် ဘန်နာနဲ့ ကျန်တဲ့ တိုလီမိုလီတွေနဲ့ ဆိုတော့ နဂိုကမှ ကိုလင်းထက် ဘလော့ဂ် အရမ်းလေးတယ် ဆိုပြီး ချစ်ပါတယ် ခင်ပါတယ် ဆိုတဲ့ ညီတွေ ညီမတွေက အကိုကြီးက ပိုစ့်မှ မတင်တာကို ဒါကြောင့် မလာတာပေါ့ လို့ အပြောခံနေရတဲ့ ဟာ အခုတော့ ပိုဆိုးပြီ ထင်တယ် ဆိုပြီး ဘာလုပ်ရမလဲ နည်းလမ်းလိုက်ရှာ ရတော့တာပေါ့ ..။

အဲဒီမှာ အမှတ်မထင် တွေ့လိုက်တာလေး ကို အခု ပိုစ့်ကို အချိန်ကုန်ခံ မျက်စိအညောင်းခံ ပြီး လာဖတ်တဲ့သူတွေ အတွက် လက်ဆောင်ပေးလိုက်ပါမယ်..။

သင်တို့လဲ သွားစမ်းလိုက်ကြပါနော်..သူက ဘာတွေ စွမ်းဆောင်ပေးနိုင် သလဲ ဆိုတော့ သူ့ ဆိုဒ်ကို ရောက်ပြီ ဆိုရင် ဘာမှ လုပ်စရာမလိုပါဘူး အကိုတို့ အမတို့ ညီတို့ညီမ တို့ရဲ့ ဘလော့ဂ် လိပ်စာ ကိုထည့်ရိုက်ပေးလိုက်ရုံပါပဲ..ပြီးရင် ရိုဘော့လား လူလား စစ်တဲ့ ဆေ့ဖ်တီး ကုဒ်လေး တွေ အပေါ်မှာ ပြထားသလို အကြီးအသေး ထပ်တူရိုက်ထည့် ပေးပြီး ရင်တော့ သူက စစ်ပါပြီ ပေးလိုက်တဲ့ လိပ်စာရဲ့ ဒေါင်းလုပ်လုပ်ရမှာ ကြာချိန်တွေ ဘယ် css တွေများနေတယ် ဘယ် HTML ကဖြစ့် အန္တရယ် ဖြစ်လောက်အောင် များနေတယ် အို ကုန်ကုန်ဗျာ သင့် ဘလော့က ကျော်လွန်နေတဲ့ ဟာတွေကို သူက အကုန် လိပ်စာနဲ့ နာမည် နဲ့ တကွ ပြမယ် အဲဒါလေး တွေကို ကိုယ့်ဖာသာချင့်ချိန်ပြီး မရှိမဖြစ် အရေးပါတဲ့ Java နဲ့ပုံတွေလောက်ပဲ ထားမယ် ဆိုရင်တော့ သင့်ဘလော့ဂ်လေး ဟာ လူတိုင်းအလွယ်တကူ ဖတ်ရှုနိုင်မယ် ဖြစ်ပါကြောင်း နားရက် ၁၅ ရက်လောက် ပျောက်သွား ရတဲ့ အကြောင်းလေး ရင်ဖွင့်လိုက်ပါတယ် ဗျာ..။

ဟောဒီမှာ ဒီမျှားပုံလေး ကို နှိပ်ပြီး တော့သာ ကိုယ့်ဘလော့ဂ် ရဲ့ Loading ဝိတ်တွေ ဘယ်လောက် များနေပြီလဲ ဆိုတာ သွားရောက် စမ်းသပ်ပြီး ထွက်လာတဲ့ အဖြေကို ကြည့်ပြီး သူတွက်ချက်ပေးလိုက်တာ လေးတွေကို ကြည့်ပြီး ဝိတ်လျှော့ ကြပေတော့ဗျို့ အားလုံးပဲ ပေါ့ပါးသွက်လက်တဲ့ ဘလော့ဂ်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ..။
Read more


ခြောက်သွေ့သွားတဲ့ ခံစားချက်


တစ်ခုလောက် တော့ကိုယ့်ကိုပြောခွင့်ပြုပါ

ကိုယ်မင်းကို ပြောခဲ့ဖူးရင် ပြောခဲ့ဖူးမယ်
ကိုယ်ဟာ ဆာလောင်မွတ်သိပ် နေသူတစ်ယောက်ပါလို့

ဒါမှ မဟုတ် အချစ် နန်းတော် ကြီးထဲမှာ
ဘုရင် မင်းတရားကြီး လုပ်ချင်နေသူပါ လို့

ဒါပေမယ့် မင်းပေးခဲ့ တာတွေက
ဟင်းချိုမပါ အတို့အမြုတ် မပါ တဲ့
ထမင်းဝိုင်း တစ်ခုလို ခြောက်ကပ်လို့

ကိုယ်သိမ်းပိုက် ခဲ့မိတဲ့ နန်းတော်ကြီးကလဲ
မေတ္တာ စမ်းချောင်းတွေ ခြောက်ခမ်း နေတဲ့
ကန္တာရ အလည်က မိုးခေါင်ရေရှား ရပ်ဝန်းမှာ
တည်နေတဲ့ နန်းတော်ကြီးတစ်ခု ဖြစ်လို့ပေါ့

ဒီတော့ ကိုယ်ပြောချင်တာ က
ကိုယ် ဆာလောင်မွတ်သိပ် မှုတွေကို
သိနိုင်တဲ့ ခံစားချက်တွေ မရှိတော့တဲ့ အတွက်
မင်းရဲ့ ခြောက်သွေ့နေတဲ့ ထမင်းဝိုင်းကို
မစား နိုင်တော့တာ ခွင့်လွှတ်ပါ

ခြောက်သွေ့နေတဲ့ နန်းတော်ကြီးထဲမှာ
ဆက်ပြီး ပူလောင်မှုတွေ နဲ့နန်းသက် မရှည်ပါရစေနဲ့တော့
ကိုယ့်ရဲ့ ခံစားချက်တွေ အားလုံးသေဆုံးခဲ့ ပြီးပါပြီ..


Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts