ဗီယင်နာ ၃



လေယာဉ်ကြီး ပျံတက်သွားခဲ့တယ် ဗီယင်နာ..

လေဆိပ်မှာ မင်းကို ထားခဲ့ရတယ်
တရိပ်ရိပ်နဲ့ချန်ထားခဲ့ရတယ်
ပင့်သက်မောရှုခင်း အလှအပတွေကိုလည်း ထားခဲ့ရတယ်
လက်မှတ်ကုန်သွားလို့ မကြည့်လိုက်ရတဲ့
‘Heute im Foyer..’ အော်ပရာ ပြဇာတ်ကိုလည်း ထားခဲ့ရတယ်
ဗီသိုဗင်၊ မိုဇတ်နဲ့ သြခက်စထြာဘုရားတွေ ကိန်းအောင်းရာ
ဘုရားကျောင်း စုလစ်မွန်းချွန်တွေနဲ့ ရောမဟန် အဆောက်အဦတွေနဲ့
ကိုယ်ခံတွင်းတွေ့တဲ့ Leek Soup ဆိုင်ကလေးကိုလည်း ထားခဲ့ရတယ်
နေရာအနှံ့တွေ့ရတတ်တဲ့ Noodle နဲ့ Kebab ဆိုင်လေးတွေနဲ့
U (အူ လို့အသံထွက်တဲ့) မြေအောက်ရထား ဘူတာနဲ့
သံလမ်းတွေပေါ်မနားတမ်းပြေးနေတဲ့ Tram ကို တမင် နံပါတ်တလွဲ တက်စီးပြီး
မြို့ရဲ့ အရှေ့အနောက် တောင်မြောက်ကို နှံ့အောင် လည်ပတ်ဖြစ်ခဲ့တယ်။

ဘယ်လိုကြီးလဲကွယ်..
မပြန်ချင်ပဲ ပြန်ခဲ့ရတယ်။

လေဆိပ်မှာ မင်းကို ချန်ထားရစ်ခဲ့ရတယ် ဗီယင်နာ
ငါ့ရင်ထဲမှာ တမျိုးကြီးပဲ။  

ခင်အောင်အေး
၈၊ နိုဝင်ဘာ၊ ၂၀၁၂  ချေလ်တန်ဂရို့ဗ်၊ လန်ဒန် ၁၀း၀၄ နာရီ
Read more


ကဗျာဆရာနဲ့ မန်ချက်စတာ




ကိုယ့်သူငယ်ချင်းကတော့
ဖုံးနဲ့လှမ်းချိန်းတဲ့ နောက် ဗမာ မိတ်ဆွေတစ်ယောက်နဲ့
တွေ့ဖို့ မြို့ထဲကို ကတိုက်ရိုက်ထွက်သွားလေရဲ့ --

ကိုယ့်မှာသာ ၁၂ ထပ်အမြင့်ပေါ်က
သူ့တိုက်ခန်းထဲ ကွန်ပြူတာ ခပ်နွမ်းနွမ်းတစ်လုံး
မြန်နှုန်းအတန်အသင့်မြင့်တဲ့ အင်တာနက်ချိတ်ဆက်ထားမှု အားကိုးနဲ့
တစ်ယောက်တည်း ကျန်ရစ်တယ်

သိပ် နောက်တတ် စ,တတ်တဲ့ မန်ချက်စတာပဲ
သူ့မြို့ကြီးပေါ် ဟိုတစ်ကွက် ဒီတစ်ကွက် နေရောင် ပျောက်ကြားထိုးပြီး
ကိုယ့်ကို လှည့်စား မြှူဆွယ်တယ် မင်း ကဗျာဆရာဆိုရင် ဖွဲ့ပေ့ါ တဲ့

အရှုံးပေးပါတယ် မန်ချက်စတာရယ်
မင့် ကျော်ကြားမှုက ကမ္ဘာကြီးနဲ့ မဆံ့အောင် ကျယ်ပြောလွန်းလှတယ်
ကိုယ် ကဗျာကလေး မဖြစ်ညစ်ကျယ်နဲ့ မင့်ကို တု မနှိုင်းသာပါဘူး
ဒါပေမယ့် ကိုယ် အခု အချစ်စိတ်တွေ ပြည့်လျှံနေတယ် မန်ချက်စတာ
မင်း ကိုယ့် အချစ်ကိုတော့ စံတုမှီနိုင်မယ် မထင်ဘူး
ဒီစကားနဲ့ပဲ မင့်ကို အနိုင်ပိုင်းလိုက်တော့မယ်

ကိုယ်မင်းကို ကဗျာမဖွဲ့ရက်ပါဘူး မန်ချက်စတာရယ်..။ ။

ခင်အောင်အေး
၂၇၊ နိုဝင်ဘာ၊ ၂၀၁၂ ဆဲလ်ဖို့ဒ်၊ မန်ချက်စတာ ၁၅း၂၂ နာရီ
Read more


ဗီယင်နာ ၂

အနှစ် ငါးဆယ်ကျော်ကာလ တစ်လျှောက်လုံး
တစ်လ တစ်ခါ မြင်နေကျ အဲဒီ လဝန်းပဲ။

ဒါပေမယ့် ခု မြင်ရတာက ညည့်အချိန်မတော် အေးစိမ့်စိမ့်ကြီးထဲ
မာပယ်လ်ရွက်တွေနဲ့ ပွတ်ရှပ်တိုးတိုက်ပြီး မြင်ရတဲ့ လ။  

၆၊ နိုဝင်ဘာ၊ ၂၀၁၂။  ဗီယင်နာ၊ သြစထရီးယား   ၀၂း၃၄ နာရီ

Read more


ဗီယင်နာ


မင်းသိပ်လှတယ် ဗီယင်နာ
ဒါပေမယ့် ငါ့ မှာ ခြောက်ခြားရတယ်။

မင်းအလှမှာ မင်သက်မိနေခဲ့တယ်
ငါ့ရဲ့ ကဗျာဆရာ အဖြစ်ကို ငါစွန့်ပစ်လိုက်ပါတော့မယ်။

မင်းကို စာဖွဲ့ဖို့ ငါ မတတ်နိုင်ဘူး
ငါ့ပါးစပ်က ယောင်ယမ်းထွက်ကျလာတဲ့ စကားက
တစ်ခွန်းထဲရယ်..

မင်းသိပ်လှတယ် ဗီယင်နာ။ ။

ခင်အောင်အေး ၅၊ နိုဝင်ဘာ၊ ၂၀၁၂ ဗီယင်နာ၊ သြစထရီးယား ၁၆း၀၁ နာရီ
Read more


ပြူတင်းမှန်မှာ ရိုက်မှုန်နေတဲ့ မိုးငွေ့တွေ


စက်တင်ဘာ မေပယ်လ်ရွက်များ
(သီမာသို့..)

ပြူတင်းမှန်မှာ ရိုက်မှုန်နေတဲ့ မိုးငွေ့တွေ
အအေးဓါတ်ဟာ နေရာတိုင်းအနှံ့ အခန်းထောင့်တိုင်းအနှံ့
အရည်ပြားပေါ်ချိတ်တွယ်နေတဲ့ အတွေ့အကြုံတစိမ်း
နေနေကျ သိနေကျမဟုတ်တာကို မသိယောင်ဝိုးဝါးနဲ့
ဘဝရဲ့ အရသာဟာ အချဉ်တစ်ဝက် အချိုတစ်ဝက်
သစ်ပင်တွေ ယိမ်းက နေသလို ငါ ထပြီး က, လို့ဖြစ်မလား
လူစိမ်း မဟုတ်ပေမယ့် လူစိမ်းအဖြစ်နဲ့ တစ်ပါးသူတို့အရပ်မှာ -
အေးစိမ့်စိမ့်အထိအတွေ့တိုင်းဟာ
စိတ်ပျက်ညည်းငွေ့ခြင်းဘက်ကို မယိုင်လဲမီ
သဲထဲရေသွန် အဓိပ္ပါယ်များဆီ မချဉ်းကပ်နိုင်မှုရဲ့
စိမ်းတစ်ဝက် ဝါတစ်ဝက် မေပယ်လ်ရွက်များ။  

ခင်အောင်အေး
၂၄-၂၆ စက်တင်ဘာ၊ ၂၀၁၂ ချေလ်တန်ဂရို့ဗ်၊ လန်ဒန် ၁၁း၅၀ နာရီ
Read more


ရုဒက်ရှိုင် ၄



ဘုရားကျောင်းက ခေါင်းလောင်းသံဟာ
အမှောင်ရောင်အောက်ခံ ပန်းချီကားထဲက ထိုးထွက်လာတယ်
တောင်ပေါ်မှာ သေးသေးလက်လက် မီးရောင်တစ်ချို့
အရမ်းချည့်နဲ့နေတဲ့ အလင်းရောင်ရဲ့ အားကိုးနဲ့
နိုင်ထက်စီးနင်း အုပ်စိုးသိမ်းပိုက်ရေး မိုးတိမ်ထူထူများ
မိုးချုန်းသံဟာ ဘယ်လောက်ဝေးတယ် ဘယ်လောက်နီးတယ်ဆိုတာ
မှန်းဆရ ခက်နေရဲ့ ငယ်သံပါအောင်ဆွဲငင်လိုက်တဲ့ ဥသြသံနဲ့အတူ
မနီးမဝေးက တောမြို့ဘူတာလေးကို ကုန်တွဲတွေ အရှည်ကြီးချိတ်တွယ်ထားတဲ့
ရထားတစ်စင်း ဖြတ်မောင်းသွားတာ သိနေရ နေ့တစ်ဓူ၀ လှမ်းမြော်ကြည့်ငေးနေကျ
စပျစ်ခင်းတွေကိုတော့ မမြင်ရတော့ဘူး အခန်းထဲမှာ ဥရောပဆန်တာဆိုလို့ ညီလေး
ရဲ့ အနွေးကုတ်အင်္ကျီတစ်ထည်ပဲ တွေ့တယ် တစ်နေ့လုံး ခေါင်းထဲပစ်သွင်းနေတဲ့
အာရင်ဘတ်ရဲ့မီမွာကလဲ ကိုယ့်ကို ဥရောပနဲ့ ဆိုဗီယက်ရုရှားကို ခေါက်တုံ့ခေါက်ပြန်
တွန်းပို့ ကစားနေတယ် အတွင်းနဲ့အပြင်နဲ့ဟာ ရန်ဖက်ဖြစ်လိုက်မိတ်ဖက်ဖြစ်လိုက်
စိတ်ထဲ ချေးညှော်တွေ ခိုးလိုးခုလု ရယ်သွမ်းသွေးဖွယ် ကိုယ်ရေကိုယ်သွေးဟာ ဖုန်စုပ်စက်
နဲ့သန့်ပစ်လိုက်ဖို့လိုနေတဲ့ ကြမ်းခင်းစ လိုပဲ ဘယ်လောက်ထူထဲတဲ့ ကိုယ်ရေးရာဇဝင်ပဲဖြစ်
နေပလေ့စေ ကောင်းကင်ဟာ ညထဲမှာ မြုပ်နေတဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်လို့ နောက်
နာရီတစ်ချို့ ကျော်လွန်သွားပြီးတဲ့အခါ ညစာဖိတ်ကြွေးတဲ့  Thomas တို့ အိမ်ကနေပြန်ထွက်
လာတော့ ပြည့်အင့်နေတဲ့ခံစားမှုနဲ့အတူ တိမ်တစ်စရဲ့အုပ်ငုံနေမှုကလွတ်ကာစ ပြည့်ဝန်းလုလု
လ တွဲလောင်းချိတ်တွယ်နေတာကို ရောမန္တိက ဆန်ချင်စိတ်နဲ့ လှမ်းခံစားကြည့်ပေမယ့် ဒင်ပြည့်
ကျပ်ပြည့် စိတ်ကူးယဉ်လို့မရနိုင်ပဲ လေးတွဲ့ဆိုင်းငင်ခြေလှမ်းများနဲ့ နားခိုရာ အခန်းကလေးထဲက
ကျောခင်းစရာ နေရာလေးဆီ ရုပ်နာမ် ၂ ပါးလုံး တိမ်းညွတ်လို့…။       

၂၉၊ သြဂတ်စ်၊ ၂၀၁၂ ရုဒက်ရှိုင်၊ ဂျာမဏီ ၂၃း၅၅ နာရီ
Read more


ရုဒက်ရှိုင် ၃

မြစ်နဲ့စင်ယော်အုပ်တစ်အုပ်ကို တွဲတွေ့ရတဲ့အခါ
စိတ်ထဲဘာမှ မဆန်းသလိုတော့ ထင်မိသေးတယ်
တဖက်ကမ်း တောင်ကုန်းတစ်လျှောက် မြင်နေကျ
ပုံစံ မဟုတ်တဲ့ အိမ်ကလေးတွေ ပြွတ်သိပ်နေပုံနဲ့
တောင်ကုန်းထိပ်ပေါ် ခရစ်ယန် ဘုရားရှိခိုးကျောင်း
တစ်ခုက ဥရောပတစ်နေရာမှာ ရောက်နေတာလို့
သတိဝင်စေလိုက်တဲ့အခါ ရိုင်းမြစ်ရဲ့ရေစီးနေပုံဟာ
ညင်သာတိုးညှင်းတဲ့ ဂီတနောက်ခံနဲ့ သူ့သမိုင်းကို
လှမ်းပြောပြနေတယ်လို့ ခံစားရစေတယ် နေရောင်
ဟာ တမင်ညီအောင်ညှိပြီး အတန်းလိုက်စိုက်ထားတဲ့
မာပယ်လ်ပင်တွေကြား ပြောက်ကျား ထိုးချလိုက်တယ်
အသားဖြူနီစပ် ကလေးတစ်သိုက် ဗရုတ်ကျနေတဲ့နား
က ဖြတ်လျှောက်သွားတော့ သူတို့ချင်း တစ်ခုခုပြော
လိုက်ပုံဟာ ကိုယ်နဲ့တနည်းတဖုံ ပတ်သက်နေမလား
လို့ စိတ်ထဲထင်မိလို့မှ မဆုံးသေးဘူး အဲဒီ ဆယ်နှစ်
သားသာသာ ကလေး သုံးလေးယောက် ကိုယ့်နောက်
က လိုက်လာတာ သိလိုက်လို့ ပြန်လှည့်ကြည့်တော့
လန့်ပြီး သူတို့ ခြေလှမ်းနည်းနည်းဆုတ်သွားကြတယ်
ပြီးတော့ ဂျာမာန်လို စကား တစ်ခွန်း၊ နှစ်ခွန်း လှမ်းပြော
တယ် ရန်လိုချင်တဲ့ အရိပ်အငွေ့တချို့ယှက်သန်းနေတာ
သတိထားမိလို့ မျက်နှာကို အချိုသာဆုံး ပြုံးရင်း ဟိုင်း’
လို့ ကမ္ဘာသုံး နှုတ်ဆက်သံပြုကြည့်တော့ တစ်ယောက်
က ‘ဟယ်လိုလို့ပြန်နှုတ်ဆက်တယ် စင်ယော်တွေရဲ့
အော်မြည်နေတဲ့အသံတွေက ရေထဲက ဘဲငန်းအုပ်နဲ့
အစာလုရင်း ဟစ်ကြွေးသံတွေပေ့ါ မသိမသာ လှုပ်ရှား
လန့်ထိတ်သွားတဲ့ စိတ်ကို ငြိမ်အောင်ထိန်းရင်း သူတို့
နဲ့လွှဲရှောင်သွားမယ့် ပန်းခြံဖြတ်လမ်းဖက်ကို ချိုးချလိုက်
တယ် သူတို့ချင်း တွန်းထိုးနောက်ပြောင် ကျန်ရစ်ခဲ့ကြ
ကလေး တွန်းလှည်းကလေးနဲ့ အမျိုးသမီးကို ပြုံးပြပြီး
ရထားသံလမ်း အောက်က လှိုဏ်ကလေးသဖွယ် လူ
သွားလမ်းကလေးက ဖြတ်ထွက်လိုက်တော့ Netto
Mart ကို ပေါက်တဲ့ ကားပါ့ကင်ကွင်းကလေးကို လှမ်း
မြင်လိုက်ရ စိတ်ထဲအေးသွားပြီး ကားရှင်းအောင်စောင့်
ကာ လမ်းကူးလာခဲ့ စင်ယော်တွေ ဘာလို့ ဒီလောက်
ယောက်ယက်ခတ်နေသလဲ လို့ မဆီမဆိုင် တွေးမိပြီး
သံပုရာသီးလှလှတစ်လုံး၊ ဝက်ဘေကွန်အထုပ်သေး
တစ်ထုပ်နဲ့ ငရုပ်သီးစိမ်းနည်းနည်းဝယ်ပြီး အိမ်ဖက်
ကို ပြန်လာတော့ အအေးဓါတ်က သိသိသာသာလွှမ်း
ခြုံစပြုလာပြီ ဝေါကနဲ ဖြတ်သွားတဲ့ ရထားတန်းရှည်ကြီး
လွန်သွားတော့ ညာဖက်လမ်းကြားကလေးထဲ ချိုးကွေ့
ဝင်ရောက်ကာ လှပတဲ့ ရောင်စုံတောက်  ညနေခင်းကို
မထားရက် ထားရက်နဲ့ ချစ်ထားရစ်ခဲ့ရတော့တယ်။   

ခင်အောင်အေး
၂၅၊ သြဂတ်စ်၊ ၂၀၁၂ ရုဒက်ရှိုင်၊ ဂျာမဏီ ၂၁း၂၆ နာရီ
Read more


ရုဒက်ရှိုင်း ၂

ဟောဒီနေ့ကို အကျဉ်းချုံ့ပြီး သံခိပ်လုပ်လိုက်တဲ့အခါ
Bee Gees သီချင်းတွေသာ အနည်ကျ ကျန်ခဲ့တယ်

နေရောင်ဟာ မြင်ဖူးခဲ့သမျှ ဘယ် နေရောင်နဲ့မှ မတူဘူး
ကျိန်တွယ်ပြောလိုက်ပါရဲ့ ကိုယ့်မျက်စေ့ နည်းနည်းမှုံတုံတုံ

ဖြစ်နေတဲ့ကြားကပဲ မျက်နှာကျက် ပြူတင်းထဲ ခေါင်းထိုးစိုက်
ရာစုနဲ့ချီပြီး တည်ရှိခဲ့ပြီးသား အဆောက်အဦတွေရဲ့ ဦးခေါင်းပိုင်း

ပြတ်ပုံကို တောင်ကုန်းမို့မိုရဲ့ စိမ်းမှောင်မှုက အနားကွပ်ထားတာဟာ
အကြည့်ပြန်ရုတ်သိမ်းဖို့ ရုတ်တရက် မဖြစ်နိုင်သေးတာ မျှင်တန်းနေတဲ့

တိမ်ချည်ခင်စ လေးတွေ လူဝါး၀ ချင်တိုင်း၀ နေတဲ့ ကောင်းကင်ရဲ့ ပြာလွင်
မှု ‘ဒေါင်..’ ဆို ဒေါင်ကနဲ ‘ဒင်..’ ဆို ဒင်ကနဲ အားရပါးရ သိမ်းကြုံး မြည်ဟိန်း

သွားတဲ့ ဘုရားကျောင်းက ခေါင်းလောင်းသံက ‘Farewell: Robin Gibb Fun-
eral’ ဆိုတဲ့ သီချင်းကို ပဲ့တင်ထပ်လိုက်တယ် အပြာရောင်လွှမ်းမိုးခြင်း ဖြစ်စဉ်ဟာ

အုံ့မှိုင်းတော့မယောင် မိုးသားတွေကို ဖယ်ရှားပြီး နေဝန်းရဲ့ ချော်ရည်တွေကို
ရုဒက်ရှိုင်မြို့ကလေး တခွင်တပြင်လုံးပေါ် သွန်းလောင်းချ လိုက်တယ်

ရိရွဲပဲ့ပျော်ကျနေတဲ့ ဘဝဖြစ်တည်မှုဆိုတဲ့ စကားလုံးအဟောင်းအဆွေးရဲ့ အော်ဂလီ
ဆန်ဖွယ် မှိုနံ့ သိက္ခာတော်ရ တရားဟောဆရာတော်ဟာ စပျစ်ပင်တန်းတွေကြားမှာ

လှစ်ကနဲ ပျောက်ကွယ်သွားတယ် နောက် ၂ ရက်လောက် ဒါမှမဟုတ် လပိုင်းလောက်
ဒါမှမဟုတ် နှစ် အနည်းငယ် ကုန်လွန်သွားခဲ့ပြီးရင် အားလုံးဟာ လူသေကောင်တွေ စီတန်း

ထားသလို ဒါပေမယ့် ကံအားလျော်စွာ ဒီအခန်းကလေးထဲက ဘယ်မှ မထွက်ဖြစ်ပဲ ရိုင်းမြစ်
ရေစီးသံကို အာရုံနဲ့ပဲ နားထောင်ရင်း ဒီစာသား Text တွေ ကီးဘုတ်ပေါ် ရိုက်နှိပ်နေမိ။   

ခင်အောင်အေး
၂၃၊ သြဂတ်စ်၊ ၂၀၁၂ ရုဒက်ရှိုင်း၊ ဂျာမဏီ ၁၃း၁၇ နာရီ
Read more


ရုဒက်ရှိုင်း ၁




ကောင်းကင်ပြာပုံက
ဒဂုန်တာရာသာဆို ဘယ်လိုဖွဲ့လိမ့်မလဲ
တွေးမောမိ။

ရုဒက်ရှိုင်း မှာ
ငါ နေရောင်ကို တစ်ခါမှ မခံစားဖူးသူလို စုပ်ယူ
အရိပ်တွေရဲ့ စိုရွှဲတဲ့ ဆွဲဆောင်မှုထဲ
လှိုင်းမူးသလို မူးပြီ။

ကိုချော ပြောတဲ့ ဂျာမန်တောပိုင်းအရပ်မှာ
ရိုင်းမြစ်ဟာ ငါ့ဘေးနားက ကပ်ပြီး တသွင်သွင်စီးသွားတယ်။

မေပယ်လ်ပင် စိမ်းစိုလတ်ဆတ်ရွက်သန်သန်တွေကြားက
ကူကူး ကူကူး ကူကူး ကိုယ်ရောက်ဖျောက်ချိုးငှက် ကူသံ
ငါ့ကို ကိုယ့်ရပ်ဌာနေ သီချင်း တပိုင်းတစ ညည်းမိစေရဲ့။

ခြေထောက်တွေက ဂျာမဏီမြေပေါ် အချီ အချ..
စိတ်အာရုံ ငွေ့လျှံတွေက ကမ္ဘာအနှံ့ကို ပတ်လူလို့
ဘဝရဲ့ ဟောဒီ နာရီ၊ မိနစ် စက္ကန့် အခိုက်ကလေးတစ်ခုမှာ
ငါ မူးမင် ညံ့သက် ပျော်ဝင်မိပုံ။    

ခင်အောင်အေး
၁၈၊ သြဂတ်စ်၊ ၂၀၁၂ ရုဒက်ရှိုင်း၊ ဂျာမဏီ ၁၁း၃၅ နာရီ
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts