အမှန်တရားအတွက်ကြက်ခြေခတ်{x}

ရုတ်တရက် ဆိုသလို သူလမ်းမကြီး တခုပေါ် ရောက်နေသည် ကိုသိလိုက်ရသည်၊

ဒါနှင့် ဟိုဟို သည်သည် ကြည့်လိုက်ရာ ရွှေတိဂုံ ဘုရား အရှေ့ဘက် မုဒ် သို့သူရောက် ရှိနေသည်ကို တွေ့လိုက်ရ၏ ထိုမှတဆင့် မည်သို့သောတွန်းအား ကြောင့်လဲ မသိ ဘုန်းကြီး ကျောင်းဝင်း တခု အတွင်းသို့သူလျှောက်လှမ်း ၍ ဝင်သွား မိသည့်အခါ ကျောင်းဝင်း ကြီး တခုလုံး တိတ်ဆိတ် ငြိမ်သက် ခြင်းက လွှမ်းမိုး နေ၏

စာသင် သံဃာ တို့၏ စာရွတ်ဖတ်သံများ လည်း မကြားရ ပြေးလွှား ဆော့ကစား နေလေ့ ရှိသည့် ဘုန်းကြီးကျောင်း သားများ ကိုရင် ငယ်လေးများ တို့ကိုလဲ မတွေ့ရ ယုတ်စွ အဆုံး ဘုန်းကြီး ကျောင်းဝင်း တိုင်းလိုလို တွင်တွေ့ရလေ့ ရှိသော ကျောင်းခွေး များကို ပင်မတွေ့ရပေ......၊

ဒါနှင့် ကျောင်းတိုက် အတွင်းသို့လှမ်းဝင်လိုက် ချိန်တွင် မတော့ စားပွဲတလုံး တွင်ထိုင်နေ သော မျက်နှာထား တင်းတင်း နှင့် ပုဂ္ဂိုလ် တဦး က ကျွန်တော့် ကိုလှမ်းပြီး မေးခွန်း ထုတ်ပါတော့သည်..။

“ဟေ့ ဒီကိုဘာလာလုပ်တာလဲ ”..

သူ၏ နောက်လိုက် နောက်ပါ များဖြစ်ဟန်တူသူ တို့ကလဲ စားတော့ ဝါးတော့ ရိုက်တော့ နှက်တော့ မယောင် ကျွန်တော့်အား ဝိုင်းဝန်း လာကြပါတော့သည်..။

ထိုအခါ ကျွန်တော့ ပါးစပ်မှ လွှတ်ခနဲ ထွက်သွားမိ တာက..

“ကျွန်တော် သင်္ကန်း စီးချင်လို့ပါ”

ကျွန်တော့် အဖြေမှာ ဘာတွေများ အမှား ပါသွား သလဲတော့ မသိပါ စောစောက ဝိုင်းရံထား သောသူများ ပိုလို့ပင် လှုပ်လှုပ် ရှားရှား ဖြစ်သွားကြပုံ ရသည်..

ဝိုင်းဝန်း ပြောဆိုသံများ ကိုလဲကြားလိုက် ရသည်..။

“လာပြန်ပြီ တစ်ကောင် အလုပ် မလုပ်ချင်လို့ ဘုန်းကြီး ဝတ်ပြီး အလုပ်မရှိ အကိုင်မရှိနဲ့ နောက်ပြီး ရင် သင်္ကန်း ဝတ်အရေခြုံပြီး နိုင်ငံတော် ကို ဆူပူအောင်လုပ်မယ့်ကောင်”

ထိုသို့ဝိုင်းဝန်းပြောဆိုသံများ ကြားမှ ခေါင်းဆောင် လုပ်သူ၏ အသံက ဖောက်ထွက်လာ ၏

“ကဲ ကဲ ထားပါတော့ ငါတို့က တကယ့် ဘုန်းကြီး စစ်စစ် ဖြစ်ချင်တဲ့သူတွေ ကိုပဲ ဘုန်းကြီး ဝတ်နိုင်အောင် စိစစ်တဲ့ ဘုန်းကြီး စိစစ်ရေး အဖွဲ့ကလူတွေပဲ”

ဗုဒ္ဓေါ ကမ္ဘာကြီး ဘာတွေဖြစ်ကုန်ပြီလဲ ဘုန်းကြီး ဝတ်ဖို့အရေးတွင် ကျောင်းထိုင်ဆရာတော် နှင့် မတွေ့ရဘဲ ဒီ အပေါက်ဆိုးဆိုး လူမိုက်လိုလို လူရမ်းကားလိုလို လူတွေရဲ့ စစ်ဆေးမှု ကိုအရင်ခံ ရအုံးမတဲ့လား..

ကျွန်တော့် အတွေး မဆုံးခင်မှာပင် ထို လူမိုက်ခေါင်းဆောင်ပုံ ပေါက်နေသူက ..

“မင်း ဘုန်းကြီး ဝတ်ချင်တယ် ဆိုရင် သက်ဆိုင်ရာ ရယက,မယကနဲ့ရဲစခန်း က နိုင်ငံရေး ကင်းရှင်းကြောင်း ထောက်ခံစာနဲ့ ပြည်ခိုင်ဖြိုး အသင်းဝင် ဖြစ်ကြောင်း အသင်းက ထောက်ခံစာ ပါလား?”

“ဗျာ”

ကျွန်တော် အရမ်း အံအား သင့်သွားတယ် ကျွန်တော်ကြားဖူးတာက သင်္ကန်းစည်းမယ် ဆိုရင် သိမ် ထဲမှာ သံဃာတွေ ဝိုင်းရံပြီး ဥပမာ သင့်မှာ သူများအကြွေးကင်းရှင်းလား ယောင်္ကျား စင်စစ်ဖြစ်သလား အနာကြီး ရောဂါမျိုး ရှိသလား ဘာညာ အစရှိ သဖြင့်ပေါ့လေ မေးလေ့ ရှိတယ်လို့ပဲ သိဖူူးကြားဖူးတာပါ အခုမှ အဆန်းတကျယ် ထောက်ခံ စာနဲ့မှတဲ့ ...

“ကျွန်တော့် မှာ ဘာထောက်ခံ စာမှမပါ ပါဘူး ဒီကို ရုတ်တရက် ရောက်လာရင်း ဘုန်းကြီးဝတ် ချင်စိတ်ပေါက်လာ လို့ ဆရာတော် ကိုလျှောက်ပြီး ဘုန်းကြီး ဝတ်ပြီး တရားအားထုတ် မလို့ပါ”..

ဒီအခါမှာ လူကြီး က မခိုးမခန့်ရယ်သံ ပြုပြီး

“ဟား ဟား ဒါမျိုးတွေ ရိုးနေပြီကွ ငါက ၂၀၁၀ ရွေးကောက်ပွဲ ပြီးကတဲက တပ်မတော် လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ သာသနာတော် သန့်ရှင်းတည်တံ့ရေး အစီအစဉ် ကို အထက်လွှတ်တော် အောက်လွှတ်တော် တို့ရဲ့တခဲနက် ထောက်ခံချက်နဲ့ဖွဲ့စည်းထားတဲ့ သံဃာစိစစ်ရေးမှာ လုပ်လာတာ နှစ်ပေါင်း မနည်းတော့ဘူး မင်း တရား အားထုတ်ချင်တယ် ဆိုရင်တော့ တောထဲသာ သွားပြီး ကိုယ့်ဖာသာ သွား တရားအားထုတ် ဒီမှာတော့ ရုတ်ရုတ် ရုတ်ရုတ် လာမလုပ်နဲ့ သေသွားမယ် ဘာအောက်မေ့နေလဲ ”...

လူကြီးရဲ့ စကား အဆုံးမှာတော့ သူ့ရဲ့နောက်လိုက် တွေက လဲ သခင် အချက်ပေး တာနဲ့ဝိုင်းကိုက်တော့မဲ့ ခွေးတွေ လို ကျွန်တော့် ကို ရန်ရှာ ဖို့အဆင်သင့် ဖြစ်နေကြလေရဲ့

ဒီလိုနဲ့ ရုတ်တရက် ဆိုသလို ကျွန်တော်လဲ လေထဲ မှာ လွင့်သလို ဖြစ်သွားပြီး တခြား နေရာ တခုကို ရောက်သွား ပြန်တယ် ..

ဒီတခါတော့ ကျွန်တော် တယောက်ထဲ မဟုတ်တေ့ာ ဘူး ဘေးမှာ လူငယ်တစ်ယောက်လဲ ပါတယ် နှစ်ယောက်သား ရပ်ကွက်ထဲ လမ်းလျှောက်လာ တုံး

ဝှီး ဝေါ ဝေါ ဘုန်း ဘုတ်

အသံတွေ ကတော့ နောက်ကနေ အရှိန်ပြင်းပြင်း နဲ့မောင်းလာတဲ့ ဆိုင်ကယ်တစ်စင်း က ကျွန်တော့် ဘေးက လူငယ်ကိုဝင်တိုက်လိုက် ပြီး လူငယ်လေး လွင့်ထွက်သွား တဲ့ အသံတွေပါ..

ဒါနဲ့တဆက် တည်း မှာပဲ ဆိုင်ကယ်ပေါ် က မောင်းနှင်လာသူနဲ့ နောက်က စီးနင်းလိုက်ပါလာသူ နှစ်ဦး စလုံးဟာ တုတ်တစ်ချောင်း စီ ကိုယ်စီ စွဲကိုင်လို့ ဆိုင်ကယ် ကို ဒေါက်ထောက် ရပ်လိုက်ပြီး ဆင်းလာကာ လဲနေသူ လူငယ်လေး ကို ဝိုင်းဝန်း ရိုက်နှက် ကြပါတော့တယ်..။

ဒါနဲ့ကျွန်တော် လည်း ပတ်ဝန်းကျင် ကို အကူအညီ ရလိုရငြား ကြည့်လိုက်မိတော့ ကျွန်တော်သိတဲ့ အပိုင်ရဲစခန်း က နယ်ထိန်း တဦး လဲ ဆိုင်ကယ် တစီးဖြင့် ရပ်ကြည့်နေတာ ကိုတွေ့လိုက်ရလို့ အားကိုး တကြီး နဲ့ လှမ်းပြီး

“ ဟေး နယ်ထိန်းကြီး ကယ်ပါ ဒီမှာ ကောင်လေးကို လူ၂ ယောက် ဝိုင်းရိုက် နေလို့”

နယ်ထိန်းက ဂရုတောင် မစိုက်ပါဘူး ကျွန်တော့် ကိုတောင် သူ့ကို ကယ်ပါ လို့ခေါ်ရကောင်းလား ဆိုပြီး မကြည်တဲ့အကြည့် နဲ့တချက်စိုက် ကြည့်ပြီး ဆိုင်ကယ်ကို မောင်းထွက် သွားပါတော့တယ်..။

နယ်ထိန်း ထွက်သွားတာနဲ့ ကောင်လေး ကို ဝိုင်းရိုက်နေ တဲ့ လူ နှစ်ယောက် ကလဲ ဆိုင်ကယ် ပေါ်ပြန်တက်ပြီး မောင်းထွက် သွားတာနဲ့ ကျွန်တော် လဲ ကောင်လေး အနား ကို ကပ်သွားပြီး ..

“ညီလေး ဘာဖြစ်သွားသေးလဲ ဒီကောင်တွေ ကကော ဘယ်သူတွေလဲ ဘာလို့ညီလေးကို ရန်ရှာကြတာလဲ ဟို ရဲ နယ်ထိန်း ကောင်ကလဲကွာ ဒီလောက် တရားဥပဒေမဲ့ လုပ်ရပ်ကိုမြင်ရဲ့သား နဲ့မသိချင်ယောင် ဆောင်သွားတယ်”
ကျွန်တော် ကအဲဒီလို မေးမေး ပြောပြောနဲ့ကောင်လေး ကို ဆွဲထူပေးလိုက်ပါတယ်
ကောင်လေးလဲ ရှုံ့ရှုံ့မဲ့မဲ့ နဲ့ထလာရင်း က

“ဒီကောင်တွေ ဘယ်သူလဲဆိုတော့ ပြည်ခိုင်ဖြိုး ဆိုတဲ့ အသင်းက စွမ်းအားရှင် အမည်ခံထား တဲ့ ရပ်ကွက်ထဲက အရက်ပုန်းရောင်း ဖာခန်း ထောင် လောင်းကစား ဒိုင် ကိုင်နေတဲ့ ကောင်တွေလေ အရင်တုန်း က တော့ ဆိုက်ကား နင်း အရက်သောက် မူးယစ်ရမ်းကား နေတဲ့ ကောင်တွေပေါ့ နောက်ပိုင်း လူကောင်းသူကောင်းတွေ ဘယ်သူမှ မဝင်ချင်တဲ့ ကြံ့ဖွံ့ဆိုတဲဟာထဲဝင် အစိုးရကိုဆန့်ကျင်နေတဲ့ မျိုးချစ်နိုင်ငံရေး သမားတွေ ကျောင်းသား တွေ ကို ရဲကို သတင်းပေး လို အပ်ရင် ချောင်းရိုက် ဆိုတာမျိုးတွေ လုပ်ရင်းနဲ့အခုဆို ရင် ဖွတ်မိကျောင်း ဖြစ် မြစ်မချမ်းသာ ဆိုသလို ရပ်ကွက်ထဲ မှာ သူတို့လုပ်ချင်သလို လုပ်နေတာရဲကလဲ ဘာမှမပြောဘူး တိုင်းပြည်ကြီး ကတော့ လူဆိုးသူခိုး ဒါးပြ တွေလက်ထဲ ဖြစ်ချင်သလို ကိုဖြစ်နေတာပါဘဲဗျာ”

အင်း ဒုက္ခ ဒုက္ခ မြင်ရ..ကြားရ..ကြုံတွေ့ရတာတွေကတော့ စိတ်မချမ်း သာစရာ ဘာသာရေး သာသနာရေး လူမှုရေး စီးပွားရေး ဘာတခုမှ စိတ်ချမ်းမြေ့ ဖွယ်မရှိပါလားနော်..

တွေးနေတုန်း မှာပဲ ကောင်လေး ကဆက်ပြောပါတယ် ...

“အခုဝင်ရိုက်တာ က ဘာမှမဟုတ်ဖူး ဗျ ဟို တနေ့က ကျွန်တော့် ညီမလေး ကျောင်းကပြန်လာ တာကို ဒီကောင် တွေက လိုက်ပြီးတော့ ... ကျောင်းတက်မနေပါနဲ့ ဘာလုပ်မှာလဲ အကိုတို့ဆီမှာ အလုပ်လုပ်ပါလား ပိုက်ဆံလဲ ကောင်းကောင်း ရမယ် အရသာလဲရှိတယ် အကိုကြီး တို့ရဲ့စောင့်ရှောက်မှု အောက်မှာဆို ညီမလေး ဘာမှပူစရာ မလိုဘူး ဆိုပြီး တော့ဗျာ သူများ သားပျို သမီးပျိုလေး ကို မကောင်းတာလုပ်စား ဖို့လိုက်ဆွယ်တယ်လေ ဒါကို ကျွန်တော် သိလို့ ရယက ကိုတိုင်ဖို့ဆိုတာ ကလဲ တရုံးလုံး က သူတို့တွေပဲ ရဲစခန်း သွားတိုင်တော့လဲ စိတ်မဝင် စားတဲ့ အပြင် ဒီလူတွေ ဟာတဲ့ လူကြီးလူကောင်းတွေ တဲ့ ပြည်ခိုင်ဖြိုး အဖွဲ့က စွမ်းအားရှင်တွေတဲ့ တာဝန်သိ လုပ်သားပြည်သူတွေတဲ့ သူတို့တွေ လိုတာဝန်သိ ပြည်သူတွေ ရှိနေလို့ နိုင်ငံတော်ကြီး ဟာ အဘက်ဘက် က တိုးတက်ပြီး အေးချမ်းသာယာ နေတာတဲ့ မင်းအဲလို မဟုတ်တရုတ် တွေ လျှောက်ပြောနေရင် မင်းကိုနိုင်ငံတော်ပုံကန် မှုနဲ့ ပုဒ်မ တတ်ပြီး ဆွဲထည့်လိုက်လို့ ကျောင်းတော်ကြီးမှာ တဘဝ လုံးနေသွားရမယ် ဆိုပြီး ချိမ်းချောက် လွှတ်လိုက်တယ်လေ အခု အဲဒီ အကြောင်း ကိုသူတို့သိသွားလို့လာရန်ရှာတာပဲ နယ်ထိန်း က သူတို့ကိုစောင့်ရှောက်ပေး ဖို့လိုက်လာတာ အကို သွားပြီး အကူအညီတောင်းလဲ အပိုပဲ အခုခေတ်ကြီးက လူတွေမှာ ကျောထောက်နောက်ခံ စစ်တပ် သို့မဟုတ် ရဲ နဲ့ပါက်သက်မှသာ နေသာထိုင်သာ ရှိတာ သာမန်ပြည်သူတွေ ကတော့ လူလို့တောင် သတ်မှတ်မခံ ရတော့ဘူး”

ကောင်လေး ရဲ့စကား အဆုံး မှာ တော့ ကျွန်တော် လဲ ဘာလုပ်ရမှာလဲ တောင်မသိတော့ပါဘူး ၂၀၀၈ မေ လ ၁၀ ရက်နေ့တုန်းက အခြေခံဥပဒေ ဆန္ဒခံယူပွဲကြီး မှာဒီလို ဥပဒေတွေ လုပ်မှာသိရက်နဲ့




ပြတ်ပြတ်သားသား ကြက်ခြေမခတ်ခဲ့မိ ကြလို့ ၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်လာတဲ့ အရွေးချယ်ခံ လိုက်ရတဲ့ အစိုးရသစ်ဟာ အာဏာရူး စစ်ဗိုလ်ချုပ် နဲ့အပေါင်း အပါတွေရဲ့ ကြိုးဆွဲရာ ကကြရတဲ့ ရုပ်သေး အစိုးရအဖြစ် ရောက်ရှိနေလို့ ဒီအာဏာရူး တွေ ရဲ့ လက်ကိုင်တုတ် အဖွဲ့အစည်း တွေဟာတရားဥပဒေ တွင်းက လွပ်လပ်စွာ ရာဇဝတ်မှု ကျူးလွန်ခွင့်ရနေကြတယ်လေ ဒါကြောင့် ကျွန်တော် တွေးမိတာ က ၂၀၀၈ မေ လ ၁၀ ရက်နေ့ကိုသာ လူတွေ ပြန်သွားနိုင်မယ် ဆိုရင် ဒီနေ့လို အဖြစ်ဆိုးတွေ မကြုံ ကြရလေအောင် အားလုံးက ပြတ်ပြတ် သားသား ကြက်ခြေခတ် မဲတွေကို ထည့်ကြမှာ ပဲလို့......။

ဒီလို နဲ့မျက်လုံးထဲ ကို စူးရှတဲ့ နေရောင်ခြည် ရဲ့ အလင်းတန်း က တိုးဝင်လာ တဲ့ အခိုက် သတိပြန်ဝင်လာလို့ ကြည့်လိုက်တော့ ...

အင်း တော်ပါသေးရဲ့ ငါအိပ်မက် မက်နေတာပါလား အိပ်မက်ထဲ က အဖြစ်တွေ ဟာဖြင့် တော်တော်လေး ကို ဆိုး ရွား လွန်းလှပါတယ် အခုတော့ ငါ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလို့ရသွားပြီ အရင်ကတော့ အမှန် ခြစ်ရမလား ကြက်ခြေခတ် ရမလား မသေမချာ မရေမရာ ဖြစ်နေမိသေးတယ် အခုတော့ အိပ်မက်ထဲ ကလို အချိန်လွန်မှ နောက်ပြန်ဆုတ် ချင်တာမျိုး မဖြစ်ရလေ အောင် အခုပဲ ပြတ်ပြတ်သားသား ကြက်ခြေခတ် ပြီး ဒီ အခြေခံ ဥပဒေ ကြီး ကို သွားကန့်ကွက်တော့မယ်...

~~~~~~~~~ဘာလို့လဲ ဆို တော့ ဒီနေ့က ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နေ့လေ~~~~~~~~~~~~


6 ယောက်ကဒီလိုမြင်တယ် to "အမှန်တရားအတွက်ကြက်ခြေခတ်{x}"

  • အရေးအသားလည်းကောင်းတယ်....အယူအဆ ကိုလည်း အပြည့်အ၀ ထောက်ခံပါတယ်အစ်ကို။ လေးစားပါတယ်...။ ကျွန်တော်တို့ ချစ်တဲ့ တိုင်းပြည်ကြီး အမြန်ဆုံးတိုးတက် ကောင်းစားဖို့ အတွက် ကျွန်တော်တို့ တက်ညီလက်ညီ ကြိုးစားကြတာပေါ့ အစ်ကိုရေ....။

  • Prophecy လုပ်တဲ့ အိမ်မက်ကြီးက ကြောက်စရာပါလာနော်…
    ကိုလင်းရယ်.. မှားခဲ့ဒါတွေအတွက်…ဝန်ခံပါတယ်..    

  • အတွေး၊ အရေး၊ အားလုံးကောင်းတယ်၊ ကျမ မသိတဲ့ မြန်မာပြည်ထဲက အသင်းအဖွဲ့နာမည် တချို့ကိုသိလိုက်ရတယ်။

  • ကိုလင်းထက်ရေ.... ကောင်းလိုက်တဲ့ အတွေးဗျာ။

  • ကြတ်ခြေလာခတ်ပါတယ် အမှန်တွေကြီးပဲ ရေးထားပါလားနော် အဲ့ဒါ ရပ်ကွက်ထဲမှာတကယ်ဖြစ်နေတာတွေပဲ ကောင်းတယ်ဗျာ ။ ဒါကြောင့်ပြောတာပေါ့ စာမတက်လည်း ရပ်ကွက်လူကြီးဖြစ်တယ် ဟီးး ကြုံတုန်းကြွားလိုက်အုံးမယ် ကျနော်ကျောင်းတက်တုန်းက ရပ်ကွက်လူကြီးလက်မှတ်လိုတယ်ဆိုလို့ သွားတာလေ ဟိုရောက်တော့အဖိုးကြီး က အင်္ဂလိပ်စာမှမတက်တာဗျ း) ဦးနှောက်မရှိတဲ့ သူတွေက အုပ်ချုပ်နေတော့ သူတို့လည်း ထိုနည်းလည်းကောင်းပေါ့ း)

  • အကိုကျေနပ်နိုင်မယ်လိုထင်ပါတယ်တယ် ကျွန်တော်အကို့ပို့ကို လူများသော ချတ် တခုမှာ စာတကြောင်းချင်းကော်ပီကူးပြီ ပုံပြင်တခုလို့ချပြနိုင်ခဲ့တယ် အားလုံးလဲ သဘောကြတယ် အားလုံကိုစာ း ကောင်းတယ်လို့ပြောပါရစေ
    ဖြစ်ပုံက အကိုရာ အဲ့ဒိချတ်ကလဲ စာ နှစ်ကြောင်းပဲပေးရိုက်တယ် အဲ့တော့ တကြောင်းချင်းကော်ပီလုပ်ပြီးပြရတော့တာပေါ့ လက်ကိုညောင်းသွာတာပဲ

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts