Summer Movie (Titanic 2)

လွန်ခဲ့သော နှစ်အတော် များများ က ကမ္ဘာနဲ့ အဝှမ်း နာမည် ကျော်ကြား လူကြိုက်များခဲ့ တဲ့ တိုက်တန်းနစ် ဇာတ်ကား ကြီးမှာ ဆင်းရဲသား လေး ဂျက် နဲ့ အထက်တန်းလွှာ က ရိုစ့် တို့ သငေ်္ဘာမြုတ် သွားတဲ့ အချိန် ရိုစ့်ဟာ ဂျက် ကို ရေထဲ မှာ စွှန့်လွှတ် ခဲ့ရပြီး ပရိသတ် အားလုံး ရင်ထဲ ဆို့နင့်စွာ နဲ့ မျက်ရည် မခိုင်သူတို့ မျက်ရည် လည်ရွဲ ရုပ်ရှင် ရုံ အပြင် ကို ထွက်ခဲ့ ကြရပါတယ်..။

အခု ဒီနှစ် နွေရာသီ မှာ အမေရိကား နဲ့ ဥရောပ မှာ သေဆုံးသွားပြီလို့ ထင်ထားတဲ့ ဂျက် တစ်ယောက် လူ့လောက ထဲ ပြန်လည် ရောက်ရှိလာပြီး သူ့ချစ်သူ ရိုစ့် ကိုပြန်လည် ရှာဖွေ ပါတော့မယ် ..။

လီယိုနာဒိုဒီကာပရီယို ကို ကြိုက်နှစ်သက်သော မမ ညီမ များ မျက်ရည်လည်ရွဲ ဖြစ်ဖို့သာ ပြင်ထားပေတော့ဗျို့..။

အောက်မှာ အစမ်းလေး မြည်းကြည့် သွားနိုင်ပါတယ်....။



ဒီတစ်ရက် နှစ်ရက် အတွင်း ရုပ်ရှင် တွေ အတော်ကြည့်ဖြစ် ရာက ၂၀၀၉ ခုနှစ် နွေရာသီမှာ နာမည် ကြီး ကားတွေ ရဲ့ အဆက် တွေ ဆက်တိုက် ထွက်လာမှာ ဖြစ်လို့ ရုပ်ရှင် ကြိုက်သူများ အတွက် အမြည်းလေး တွေ ဝေမျှ တာ သက်သက်ပါ ..
အရသာရှိရှိ ဇာတ်လမ်း အစအဆုံး ကတော့ စောင့်မျှော် လို့သာ ကြည့်ကြပေတော့ ဗျို့..။
Read more


ပိန်ညှောင်ညှောင် ကောင်လေးတစ်ယောက် အကြောင်း


သူ့ရဲ ကိုယ်ပိုင် ကမ္ဘာလေး တစ်ခု ကို သူပိုင်ဆိုင် ခဲ့တာ ဟာဆိုရင် တစ်နှစ်နဲ့ လေးလ ပြည့်မြောက်ခဲ့ ချိန်မှာ သူ့ရဲ့ လူ့လောက ကြီးကို ရောက်ခဲ့တာလဲ ရေတွက်ကြည့်မယ် ဆိုရင် လူ့သက်တမ်း ၂၃ နှစ်ပြည့်မြောက်ခဲ့ပြီပေါ့..။

မွေးရပ်မြေနဲ့ ချစ်တဲ့ ပျော်ရွှင် စရာ မိသားစုလေး ကိုခွဲခွာ ပြီးပျော်ရာမှာ မနေ တော်ရာမှာ နေခဲ့ ရတဲ့ ဘဝလေး မှာ သူ့ရဲ့ ကိုယ်ပိုင် ကမ္ဘာ လေးကို မောင်မျိုးနှင့်ပေစောင်းစောင်း ရိုက်ချက်များ ဆိုပြီး တည်ဆောက် ခဲ့တာပေါ့..။

ဒီ ကမ္ဘာလေးထဲမှာ သူ့အတွက် ပျော်ရွှင် ကြည်နူး စရာတွေ ဝမ်းနည်း အားငယ် မှုတွေ သူငယ်ချင်း မိတ်ဆွေ တွေ အကိုအမ၊ညီတွေ ညီမ တွေ..၊ တိုက်ခိုက်တတ်တဲ့ သူတွေ၊ ချစ်ခင် တတ်တဲ့ သူတွေ ၊ အားပေးသူ ၊ နှိမ်ချသူ၊ အို အများကြီးပါပဲ စုံလို့ စုံလို့ ပါ..အများ ကြီး နဲ့ ဆုံတွေ့ခဲ့လေရဲ့..။

မိသားစု ကို လွမ်းလို့ အိမ်ပြန်ချင်တဲ့ အချိန်တွေမှာ ဒီ ဘလော့ဂ် လေးထဲ မှာပဲ ရင်ဖွင့်မိပါရဲ့..

တစ်ခါ တစ်လေ အကြောင်းမလှ လို့ အတိုက်ခိုက် ခံရတဲ့ အချိန်တွေ မှာ ဆိုရင် သူ့ရင်ထဲ ကြေကွဲ ဝမ်းနည်း စွာ သူအမြတ်တနိုး တန်ဖိုး ထားတဲ့ သူ့ရဲ့ ဘလော့ဂ် လေးကို စွန့်ပစ် လိုက်ဖို့ အကြိမ်ကြိမ် တွေးတော မိဖူးပါရဲ့..။

တစ်ခါ တစ်လေလဲ မွေးရပ်မြေ ကို အပြီး ပြန်တော့မယ် လို့ စဉ်းစားပြီး နုတ်ဆက် မိပေါင်း ကလဲ အခါခါ နောက်တော့လဲ ဇာတိရပ်ရွာ မှာ မနေနိုင်လို့ ပြန်လာခဲ့ ရတော့လဲ သူ့ရဲ့ ဘလော့ဂ် လေးမှာ ကြည်နူး စွာ ပိုစ့်လေး တွေ ပြန်ရေး ရင်း ဘဝ ကြီး မှာ ဆက်ပြီး ရုန်းကန် လှုပ်ရှား ရပြန်ကော..ဒါကို နားမလည်ပေးနိုင် သူတွေက စတန့်ထွင်တယ် လို့ တိုက်ခိုက် မှုတွေကို သူခံစား ရပြန်ပါတယ်..။

ဘာပဲ ဖြစ်ဖြစ်လေ သူ့ရဲ့ ဒီကိုယ်ပိုင် ကမ္ဘာလေးကို သူချစ်တယ် တန်ဖိုးထားတယ် အခု အသက် ၂၃ နှစ်က နေ နောက် သေဆုံးချိန် အထိ သူ ကွန်ပြူတာနဲ့ နီးစပ် နိုင်သရွေ့ ဒီကမ္ဘာ လေးထဲ က သူ့ရဲ့ ဘာမှ မတော်စပ်တဲ့ ဆွေမျိုးတွေနဲ့ ပျော်ရွှင် စွာ နေသွားမှာပါ..။

PS:ကျွန်တော် နဲ့ တွေ့တိုင်း အကို က ညီအကို တွေထဲ မှာ ကျွန်တော့် ကို မချစ်ဆုံး ပဲ လို့ အမြဲ စကား နာထိုးတတ်တဲ့ ခရမ်းရင့်ရောင် အိုးပုတ်ပန်းတို့ပွင့်ရာမွေးရပ်မြေက ပိန်ညှောင်ညှောင် ကောင်လေးတစ်ယောက် ဖြစ်တဲ့ မောင်မျိုး ရဲ့ ၂၅ ရက် ၁ လ ၂၀၀၉ ခုနှစ် မှာ ကျရောက်တဲ့ မွေးနေ့အတွက် ဒီပိုစ့်လေး ရေးဖြစ်တာပါ..။
Read more


ငပိ လွမ်းသူများ


မြန်မာလူမျိုးနဲ့ ငပိ ၊ ငပိ နဲ့ မြန်မာလူမျိုး ကျောနဲ့ရင် တစ်သား ထဲဖြစ်နေသလို ဘယ်လိုမှ ခွဲခြားလို့ မရလောက် အောင်ပါပဲ..။

အဲဒီမှာ မြန်မာပြည် မှာနေထိုင် သွားဖူးတဲ့ နိုင်ငံခြားသား တွေဟာ သူတို့ နိုင်ငံ ပြန်သွားပြီး ငပိ ကိုစွဲစွဲ လမ်းလမ်း ဖြစ်နေတာလေး တွေ ကျွန်တော် ယ္ခင် သငေ်္ဘာလိုက်နေစဉ် တုန်းက ကြုံတွေ့ ခဲ့ရဖူးပါတယ်..။

မြင်တွေ့ခဲ့ရတာတော့ အိန္ဒိယ မှာပါ ပထမ ဦးဆုံးကတော့ ကာလကတ္တား ကို ကုန်ချဖို့သွားတဲ့ အချိန် ဆိပ်ကမ်းထဲ ကိုဝင်ဖို့ အတွက် ဒေါက်ထဲ ဝင်ရပါတယ် အဲဒီဒေါက် ထဲ ဝင်ပြီးမှ မြစ်ထဲက ရေနဲ့ သငေ်္ဘာ ဆိုက်ကပ်တဲ့ နေရာက ရေကို ချိန်ညှိ ပေးပြီးတော့မှ ဆိပ်ကမ်း ကို ဝင်ကပ် ရတာပါ..။

ဒီလိုနဲ့ ဒေါက်ထဲမှာ ရေချိန်နေတုံး ဒေါက်မာစတာ လို့ ခေါ်တဲ့ အိန္ဒိယ သား အရာရှိ တစ်ယောက် တက်လာပါတယ်..။

အဲဒါနဲ့ AB တစ်ယောက် က သွားမေးပါတယ် .။

ဘာလို့လဲ ဆိုတော့ ဒေါက်မာစတာ ဆိုတာ သငေ်္ဘာပေါ်မှ တက်လေ့ တက်ထ မရှိတာကိုး.

"ဘာများ အလိုရှိလို့ပါလဲ ဒေါက်မာစတာ" ပေါ့လေ

အဲဒီတော့ ဟိုက မြန်မာလို ပြန်ပြီး ပြောပါတယ်..

ညီလေး တို့ သငေ်္ဘာ က တစ်ခိုင်လုံး ရွှေ ( အငြိမ့်အဖွဲ့မဟုတ်ပါ သငေ်္ဘာတစ်စီးလုံး မြန်မာ လူမျိုးများချည်း ဖြစ်လျှင် တစ်ခိုင်လုံးရွှေ ဟု ခေါ်ကြသည်..။) လို့ ကြားလို့ လာလည်တာပါ ကပ္ပတိန် နဲ့တွေ့ပါရစေ..။

ဒါနဲ့ပဲ AB လဲ သငေ်္ဘာ မောင်းနှင် ထိန်းချုပ်ခန်း ကိုလိုက်ပို့လိုက်ပါတယ်..။

ဟိုရောက်တော့ စကားစမည် ပြောရင်း ဒေါက်မာစတာ က ကပ္ပတိန် ကို သူလိုချင်တာ တစ်ခုတောင်းပါတယ်
ဘာလဲ ဆိုတော့ ငပိ ပါ..

"ကျွန်တော် ဒီကို ပြန်ရောက်နေတာ နှစ်သုံးဆယ်လောက် ရှိပါပြီ ခလေးဘဝ ကပြန်ရောက်လာတယ်ပေါ့ဗျာ အခုတော့ ဒီမှာပဲကျောင်းတက် ပြီး ဒေါက်မာစတာ ဖြစ်လာတာပါ.. ငယ်ငယ်က စားခဲ့ရတဲ့ ငပိရည် နဲ့ ငပိထောင်း ကို ကျွန်တော် တို့ တစ်မိသားစုလုံး အမြဲတမ်း လွမ်းဆွတ် တသ နေတာ ပါဗျာ ဒီတော့ ဒီသငေ်္ဘာ ကလဲ မြန်မာချည်းဆိုတော့ ငပိ ရှိမယ် လို့ထင်ပါတယ် အရင် တစ်ခါ တစ်လေ ကြယ်ငါးပွင့် က သငေ်္ဘာတွေ ဒီမှာ ဒေါက်တင်ပြီး လာပြင်ရင်တော့ စားရပါတယ်"...။

ဒါနဲ့ ကပ္ပတိန်လဲ ငပိဗူးတွေ ပေးလိုက်ပါတယ်

ဟိုလူလဲ ပျော်ပြီး ပြန်သွားလေရဲ့ နောက်ပိုင်း ကျွန်တော်တို့ သငေ်္ဘာ အဲဒီသွားမယ် ဆိုရင် အဲဒီဒေါက်မာစတာ အတွက် ငပိ ဘူးတွေ ပိုပို ယူသွားပြီး လက်ဆောင်ပေးတာပေါ့ဗျာ..။

နောက်တစ်ခါ ကတော့ ဘိုင်ဆပ် လို့ခေါ်ပါတယ် အဲဒီမှာ လဲ ဒီလိုပါပဲ..
သငေ်္ဘာ ကုန်တွေ ချနေတုန်း သငေ်္ဘာ ဂန်းဝေး ( လူများ တက်ဆင်း လုပ်သည့် သငေ်္ဘာ ကုန်းပတ်) ကလှေခါး အတိုင်း လုံခြုံရေး ယူနီဖောင်းနဲ့ ကုလား နှစ်ယောက် တက်လာပါတယ်..။

အဲဒါနဲ့ ဂန်းဝေး ဂျူတီ ကျနေတဲ့ AB က အာ ဒီကောင်နှစ်ကောင် ဘာလာ ရှုပ်တာလဲ မသိဘူး ဆိုပြီး ပြောပါတယ် ..

အဲဒီနှစ်ယောက်က

"စိတ်မဆိုးပါနဲ့ အကိုရယ် မြန်မာ သငေ်္ဘာ ဆိုလို့ ဝမ်းသာ အားရ လာနုတ်ဆက်တာပါ ဗျာ.."
လို့ မြန်မာလို ပြန်ပြောတော့ အားလုံး အတော်လေး အားနာ သွားတယ် ..

သူတို့လဲ ငပိ လိုချင်တာပဲဗျ ဒါပေမယ့် သူတို့ ကလဲ ကိုယ်တွေကို အဖိုးတန် တာ တစ်ခု ပြန်ပေးပါတယ် ဘာလဲ သိလား?

ချဉ်ပေါင် ဗျို့ ချဉ်ပေါင်..

နိုင်ငံခြားတိုင်းပြည် တွေ ဘယ်သွားသွား ဝယ်လို့မရတဲ့ မြန်မာတွေပဲ စားတယ် လို့တောင် ပြောလို့ရတဲ့ ချဉ်ပေါင်တွေဗျား...

အဲဒီ ၁၉၉၆ လောက်တုန်း က စင်္ကာပူ ဝင်တိုင်း ဗီယက်နမ် ဈေး ယိုးဒယားဈေး ဈေးတကာ့ ဈေး လိုက်ရှာ တာမတွေ့တဲ့ ချဉ်ပေါင် ပါ.

သူတို့ကို ရူပီး လေးဆယ် ပေးလိုက်တာ အိုး ဘာပြောကောင်းမလဲ သူတို့ စက်ဘီးနှစ်စီး နောက် ကယ်ရီယာ မှာ အပြည့်ဗျာ သယ်လာလိုက်တာ ချဉ်ပေါင်တွေ အထုပ် ကိုက စက်ဘီးနင်းလာတဲ့ သူတို့ရဲ့ခေါင်း နဲ့တတိုင်းထဲ လောက်ရှိတယ်...

သူတို့ပြောတာက ကိုယ်ပိုင်စိုက်ထားတာတဲ့ ဘယ်မှာမှ မရှိဘူး လို့ပြောတယ် သူတို့က အရင် မိုးကောင်း နားမှာ နေခဲ့တယ် ဆိုတာနဲ့ တော်လှန်ရေး အစိုးရတက်ပြီး အိန္ဒိယ သားတွေ အိမ်ပြန်ပို့တဲ့ အထဲ ပါလာတယ် ပြောတာပဲ ဒီမှာ အဲဒီက ပြန်ပို့တဲ့သူတွေ ချည်း ရပ်ကွက် တစ်ရပ်ကွက် ရှိတယ် လို့ပြောတယ်..။

အိုး ...ဒီလိုနဲ့ သငေ်္ဘာ တစ်စီးလုံး ဂျူတီနားတဲ့ သူတွေ စားသောက်ခန်းထဲမှာ ချဉ်ပေါင် ဝိုင်းသင် ကြတာပေါ့ ဟီး အိမ်ကပါဆယ် မမှာ ရင် မစားရဘူးလေ ပါဆယ် လာလဲ သိတဲ့ အတိုင်း ဝိုင်းအားပေးကြတာ တစ်ယောက် တစ်ဇွန်းလောက်ပဲ စားရတာ ..

ဒီလိုနဲ့ အဲဒီနေ့က သငေ်္ဘာ ပေါ်မှာ ချဉ်ပေါင်ကြော် ပါတီကြီး ကျင်းပခဲ့ပါတယ် ချဉ်ပေါင်ယူလာပေးတဲ့ နှစ်ယောက်လဲ လွေးလိုက်တာ ဆိုတာ ဘာလို့ဆို သူတို့က ချဉ်ပေါင်ကြော်စားပေမယ့် ငပိမပါတဲ့ ချဉ်ပေါင်ကြော်ချည်း စားလာရတာ ကိုးဗျ သူတို့နှစ်ယောက် ကိုလဲ ငပိဘူးတွေ တော်တော် များများ လက်ဆောင်ပေးလိုက် တာပေါ့ဗျာ..

ဘာမှ မဟုတ်ဘူး အခု ဟင်းချက်ခါနီး ချဉ်ပေါင်ကြော်စားချင်တာ မရှိလို့ ချဉ်ပေါင်နဲ့ တူတဲ့ စပီးနက်ပ် ဆိုတဲ့ အရွက် ကြော်စားဖို့လုပ်ရင်း အရင် ချဉ်ပေါင်ကြော်စားခဲ့ တာလေး သတိရလို့ ပြန်ရေးလိုက်တာ ..။
Read more


အဖေပေးမယ် ဆိုတဲ့ အမွေ


ကျွန်တော်ငယ်စဉ် က ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချီးလို့ ပြောလို့ ရလောက် အောင် ပြန်မပြော နားမထောင် မဟုတ်တာ လဲ လုပ်တာ မဟုတ် ဟုတ်တာလဲ မလုပ် ဘာကြီးမှန်းလဲ မသိ ဆိုးသည်လဲ မဟုတ် ကောင်းသည် လဲ မဟုတ် အလည် အလတ် တန်းစားထဲ ပါမည် ထင်သည်..။

အဖေနဲ့ နေစဉ် အပေါ်ထပ် မှာ ကျွန်တော် တစ်ယောက်ထဲ နေရသည် အဖေ နှင့် ကြီးဒေါ်ကြီးက အောက်ထပ်မှာ နေသည်.. အပေါ်ထပ် ဆိုပေမယ့် အပြည့် မဟုတ်ပါ အိမ်၏ ထက်ဝက်ခန့်သာ ရှိပြီး ဟင်းလင်း ပြင် ဖြစ်ပါသည် ဒီတော့ အောက်ထပ် ဧည့်ခန်း မှ အပေါ်ကို မော့ကြည့်လျှင် အပေါ်ထပ် ၏ ထက်ဝက် ခန့်ကို မြင်တွေ့ ရနိုင်ပါသည်..။

ကျွန်တော် ၏ စာကြည့်စားပွဲ က လဲ အောက်မှ လှမ်းကြည့်လျှင် မြင်ရပါသည် ဒီတော့ ကျွန်တော် စာကျက်လိုစိတ် ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ အဖေ အချိန်ဇယား ဆွဲ ပေးထားသည့် အတိုင်း မနက် ငါးနာရီမှာ ကျောင်းသွားဖို့ ပြင်ဆင် ခါနီး ၈ နာရီ အချိန်ထိ ညနေ ခြောက်နာရီမှ ၇ နာရီ ပြီးလျှင် ၈ နာရီမှ တီဗွီ သတင်းပြီးသည် အထိ( ဘာလို့ အချိန်တွေကွဲ သွား သလဲ ဆိုတော့ အဲဒီအချိန်က ရ နာရီထိုးရင် တီဗွီ အစီအစဉ် စတယ်လေ ဘယ်လို မှ စာကျက်ခိုင်းလို့ မရမယ် မှန်း သိလို့ အဲလို ဆွဲပေးတာ mrgreen) တီဗွီ အစီအစဉ်ပြီးရင် နောက် တစ်နာရီလောက် ထပ်ထိုင်ပြီးရင် အိပ်ပေါ့..။

ဒါပေမယ့် သိတယ် မဟုတ်လား အောက်ကမြင်ရတယ် ဆိုတာ စာကြည့်စားပွဲ မှာ ကျွန်တော် ထိုင်နေတာပဲ မြင်ရတာ ဘာတွေလုပ်နေလဲ ဆိုတာ အတိအကျ မြင်ရတာ မဟုတ်ဘူးလေ ကျွန်တော်ကလဲ စာကြည့်မီးအုပ်ဆောင်းလေး ဖွင့်ပြီး ဝတ္တုဖတ်ချင် ဖတ်နေတာ ဟီး ဟီး..

အဲလိုနဲ့ နေလာတာ အဖေကသိတယ် ဒါနဲ့ တစ်နေ့တော့ ကျွန်တော့် ကို ငါ့သား ကို အဖေ ပြောစရာ ရှိတယ် လာထိုင် ဆိုပြီး ခေါ်ပါလေရော ကျွန်တော်လဲ ခပ်လန့်လန့်ပဲ ဘာများပြောမလို့လဲ မသိဘူးပေါ့လေ..။

ခဏနေတော့ အဖေက ကျွန်တော့်ကိုစပြီး စကားပြောပါတယ်.

"ငါ့သား အခုဆို အထက်တန်းကျောင်းသားကြီးလဲ ဖြစ်နေပြီ ကလေးလဲ မဟုတ်တော့ ရိုက်နှက် ဆုံးမရမယ့် အရွယ်လဲ မဟုတ်တော့ဘူး အခု ဒီအချိန် ဟာလဲ သားဘဝ ရဲ့ အဆုံးအဖြတ် အချိန် ဖြစ်နေပြီ ဆိုတော့ သား ရှေ့မှာ ဘာဖြစ်နိုင်တယ် ဆိုတာ အဖေ ဘာလုပ်ပေးနိုင်တယ် ဆိုတာ အဖေ ပြောပြမယ်.."

"ဟုတ်ကဲ့"

"သားစာမေးပွဲ အောင်ခဲ့မယ် ဆိုရင် တက္ကသိုလ် သွားချင်လား မင်းအရမ်း ဖြစ်ချင်တယ် ဆိုတဲ့ ဗိုလ်သင်တန်း တက်မလား အဲဒါတွေ အတွက် ဘာမှ ပူစရာမလိုဘူး တက္ကသိုလ် တက်ချင်ရင် ဆိုလဲ အဖေ သားကို ဆက်ထားနိုင်တယ် စစ်တက္ကသိုလ် တက်ချင်တယ် ဆိုလဲ ဗိုလ်လောင်းရွေးချယ် ပွဲမှာ ငါ့သား မပါလာခဲ့ရင် အဖေ့ကို ကြိုက်သလို သာပြော"
(ထိုအချိန်က အရေးအခင်း မဖြစ်သေးပါ ကျွန်တော့် ၏ ဘဝရည်မှန်းချက်မှာ စစ်ဗိုလ် ဖြစ်ရန် တစ်ခုထဲ ဖြစ်ခဲ့ဖူးပါသည် အဖေ့တပည့်ဟောင်း တွေကလဲ ဗိုလ်ရွေး တွင် အကောင်ကြီးများ ဖြစ်နေကြသဖြင့် အဖေ အာမခံ ရဲခြင်းဖြစ်ပါသည်..နောက်အရေးအခင်းဖြစ်ပြီးသော အခါ ရည်မှန်းချက်ပျောက်ပြီး သငေ်္ဘာသား သာလုပ်ခဲ့ရပါသည်..။)

"အဲ ငါ့သား စာမေးပွဲ မအောင်ခဲ့ဘူး ဆိုရင်တော့ ကွာ အဖေက သူများ တွေလို စီးပွားရေးလုပ်ငန်းကြီးလဲ ထူထောင်မပေးနိုင်ဘူး တက္ကစီလောက် ဆွဲစား ရအောင်လဲ ကားမဝယ်ပေးနိုင်ဘူး ဒီတော့ အဖေ သား အတွက် လုပ်ပေးနိုင်တာ ကတော့ ဆိုက်ကား လောက်တော့ အဖေ ဝယ်ထောင်ပေးနိုင်တယ် ကိုယ်ပိုင် ဆိုက်ကား နင်းစားတော့လဲ သပိတ်ဝင် အိပ်ဝင်ဆို မဆိုးလောက်ပါဘူး ဒီတော့ ငါ့သား စဉ်းစားပြီး ကိုယ့်ဘဝ အတွက် လမ်းကြောင်း ရွေးပေါ့ ကွာ " ဆိုပြီး ထသွားပါလေရော...။

အဲဒီအချိန် ကစလို့ ကျွန်တော်လေ လမ်းသွားလို့ ဆိုက်ကား တွေတွေ့တိုင်း စာမကျက်ချင် ဘူး ဆိုတဲ့ စိတ်တွေ ဖြစ်လာတိုင်း မျက်စိထဲ မှာ အဖေပေးမယ် ဆိုတဲ့ အမွေ ဆိုက်ကားကြီး နဲ့ ဆိုက်ကားနင်းနေတဲ့ ပုံကြီးပဲ မြင်ယောင် မိပြီး အင်း ငါစာမေးပွဲ မအောင်ခဲ့ ရင် ဒီလိုမျိုး ဆိုက်ကား နင်းရတော့မယ် ဆိုတဲ့ ကြောက်ရွံ့ မှုတွေက ကျွန်တော့် ဘဝကို တွန်းအားတွေ ဖြစ်စေခဲ့ပါတယ်..။
Read more


၁၅ ရက်ပျောက်သွားတဲ့ ပိတ်ရက်များ..။


ဒီပိုစ့်လေး ရေးဖြစ်တဲ့ အကြောင်း ကတော့ ကျွန်တော် ပိုစ့်တွေ မတင်ပဲ ဘာလို့ပျောက်နေတာလဲ ဆိုတာလေး ပြောရင်း လာရောက် ဖတ်ရှုသူတွေ ကို ဘလော့ဂ် ကို ဒေါင်းလုဒ် ဝိတ် ဘယ်လောက်လေး နေပြီလဲ ဆိုတာ စစ်လို့ ရတဲ့ ဆိုဒ်လေး တစ်ခု လဲ ပေးချင်လို့ပါ တော်တော် လေး အဖိုးတန်ပါတယ် ..။

ပြီးခဲ့တဲ့ လကုန်လောက်က ဆိုင်ပိတ်ခါ နီးတုန်းကတော့ အတွေးထဲမှာ က ငါတော့ အေးဆေးနားရပြီ ဘလော့ဂ်လေး ကို ပိုစ့်တွေ တင်မယ် ဘလော့ဂ် တွေလည်မယ် အိမ်မှာပဲ ကွန်ပြူတာ တစ်လုံးနဲ့ ကမ္ဘာပတ် ပြီး လျှောက်လည် မယ်လို့ စဉ်းစားထားတာပဲဗျ.။

ဒါပေမယ့် အခွင့်အရေး ကမရပါဘူးဗျာ..
အခွင့်အရေး မရဘူး ဆိုလို့ ကွန်ပြူတာနား မနေနိုင်လို့ လားလို့တော့ မထင်လိုက်ပါနဲ့ တစ်နေကုန် တစ်ညလုံး နေ့စဉ်ရက်ဆက် ဆိုသလို မနက် မိုးလင်း ၆ နာရီ ၇ နာရီ လောက်မှ အိပ်ရတယ် ပြီးတော့လဲ ၁၀ နာရီ ၁၁ နာရီ လောက်ကျ တော့ပြန်ထပြန်ရော.. မျက်နှာသစ် ကော်ဖီသောက် ပြီးတာနဲ့ ကွန်ပြူတာရှေ့ တစ်နေကုန် အစားအသောက်တောင် သူငယ်ချင်းတွေကို လမ်းက ဝယ်လာခဲ့ပေးဖို့ ပြောပြီး မှာစား ရတယ် ဟီး..။

ဘာတွေ အလုပ်ရှုပ်နေလဲ ဟုတ်လား ?

ဒီလို အလုပ်ပိတ်ပြီး နောက်တစ်နေ့ ကျွန်တော်လုပ်ထားတဲ့ မန်ယူဖိုရမ် နဲ့ သရဲနီတို့ပျော်စံရာ ဘလော့ဂ် လေး ကို ပစ်ထားတာ ကြာပီ ဆိုတော့ ဖိုရမ်ကတော့ မော်ဒီရေတာ တွေနဲ့ လည်ပတ်နေတယ် ဘလော့ဂ် က ပိုစ့်မတင် တာကြာပေါ့ ဒီတော့ နီးစပ်ရာ သတင်းလေးတွေ လိုက်ဖတ်ရင်း ပိုစ့်တွေတင်ပေါ့ဗျာ..။

နောက်တော့ ကျွန်တော် ကလဲ ကလိတာ အလွန်ဝါသနာ ပါတဲ့ကောင်ဆိုတော့ ဘလော့ဂ် လေးကို သပ်သပ်ရပ်ရပ် ဖြစ်အောင် တန်းပလိတ်လေး ပြောင်းအုံးမှ ဆိုပြီး လုပ်ပါလေရော အဲဒါက သိတဲ့ အတိုင်း တန်းပလိတ်ရှာ ပြောင်း ဟိုဟာလေးထည့်ဒီဟာလေး ထည့် ဘန်နာလေး ကိုလဲ ဖလက်ရှ် ကလေးနဲ့ အစစ အရာရာ ပြိုင်ဘက် ဘောလုံး ဖန် ဘလော့ တွေထက်သာအောင် လုပ်လိုက်ရတာ လူ့ကို တော်တော်လေး မောသွားတယ်..။

တစ်ဖက်မှာလဲ ဖိုရမ်အတွက် ပိုစ့်တွေ မှာ အပြုံးလေး တွေ ထည့်ပေးပါဆိုလို့ ပြေးထည့်ပေးရ ဘောလုံးပွဲ သတင်း တင်ရ ကြော်ငြာ အားနည်းနေလို့ ဘလော့ဂ်တွေ လိုက်အော် ရနဲ့ မိုးလင်းလာတာ တွေ့လို့ တာဝန် အရသာ အိပ်လိုက်ရတယ် လူက နောက်ဆံတင်းပြီး ကောင်းကောင်းတောင် အိပ်မပျော်ချင်ဘူး..။

နောက်တော့လဲ ဘောပွဲ ဟိုက်လိုက်လေးတွေ တင်ပေးဖို့ကလဲ Youtube က ဘောပွဲတွေ ကို မူပိုင်ခွင့်နဲ့ ငြိတယ် ဆိုပြီး တင်ခွင့်ကမပေး တစ်ခါ ဘယ်မှာ အပ်လုဒ် တင်လို့ ရမလဲ ရှာရ ပြန်ကော ရတဲ့ ဟာတွေ့ ပြန်တော့လဲ ဖိုရမ် မှာကလဲYoutube ကုဒ်တွေ ပဲ ထည့်လို့ ရအောင် လုပ်ထားတော့
အဲဒီ တင်လိုက်တဲ့ ဆီက embed ကုဒ်တွေ ကိုထည့်ဖို့က ကြိုးစားရပြန်ကော ဒီလိုနဲ့ပဲ လုံးလည် ချာလည် လိုက်ပြီး နေ့နဲ့ညတွေကလဲမှား..။

နောက်နေ့တွေလဲ သရဲနီ ဂျီမေးလ် ဖွင့်ထားပြီး အက်ဒ်လာတဲ့ မန်ယူဖန်တွေကို လက်ခံရ စကားပြောပြီး ဖိုရမ် မှာ ဝင်ဆွေးနွေးဖို့ ဘလော့ဂ်မှာလဲ ပိုစ့်တွေ တင်ဖို့ စည်းရုံးရေး ဆင်းရင်း နဲ့ အင်း ငါတော့ အတော်လေး လုပ်သင့်တာလေး တွေ လုပ်ပြီး သွားပြီ နားရတော့ မယ် ထင်နေတုန်း ဟော လာပါပြီဗျာ ..။

တူတော်မောင် သူ့ကို ဘလော့ဂ် လုပ်ပေးထားတာ တစ်နှစ် နီးပါးရှိတော့မယ် ပိုစ့်နှစ်ပုဒ် တင်ပြီး ပစ်ထားလို့ ကိုယ်လဲ သူ့အတွက် လုပ်ပေးနေတဲ့ တန်းပလိတ် ကို တန်းလန်းကြီး ပစ်ထားလိုက်တယ် mrgreen

အဲဒါက အခုမှ ဇာတ်လမ်း ပြန်ဆက်ပြီ သူလဲ အလုပ်ကနား ကွန်ပြူတာလဲ ကိုယ်ပိုင်ဝယ်လိုက်တယ် ဆိုတော့ ဘလော့ဂ် လေးကို ပြန်လုပ်ချင်လာရော ဒီတော့ ဦးလေး ဖြစ်သူ ကျွန်တော့ ကိုပဲ လုပ်လက်စ လေး လက်စသတ် ပေးပါ ဟိုဟာလေး လိုချင်တယ် ဒီလိုမျိုးလေး ထည့်ပေးပါ ဆိုပြီး အလုပ် အပ်ပါလေရော ဒါနဲ့ လုပ်ပေါ့ ညလုံးပေါက်. ...။

မနက်မိုးလင်း တော့တူတော်မောင် စိတ်တိုင်းကျအောင် နဲနဲ ပါးပါး ဟိုရွှေ့ဒီရွှေ့လေး တွေလုပ်ပေးပြီး မန်ယူဘလော့အတွက် သတင်းတွေစု ဗွီဒီယိုတွေ တင်နဲ့ ငါ့ အလုပ်လေးတွေ အပြီးသတ်တော့မယ် ဒါဆို ငါတော့ ငါ့ဘလော့ဂ် အတွက် ပိုစ့်ရေးလို့ ရပြီ ထင်နေတုံး ...

"ဝေးးးးးးးးးးး ချစ်ကိုကြီး နေကောင်းလား "

ဘာလား ညာလား တွေနဲ့ ဂျီတော့ ထဲကနေ ဝုန်းဒိုင်းကျဲ ပြီး ဝင်လာတာကတော့ ညီမတော် တစ်ယောက်
နောက်တော့လဲ ဘာပြောလဲ ဆိုတော့ ...

"ညီမလေး ဘလော့ဂ် ကလေ ဂတုံး ကြီးဖြစ်နေတယ်"

"ဟမ်..!! ဘာလဲ ဟ ဂတုံး ကြီး ဘလော့ဂ် ကတုံးကြီး ဖြစ်တာ ဘယ်လိုကြီးတုန်း"?

"ဟိုလေ သူများ ဘလော့ဂ် တွေလို ခန့်ခန့်ငြားငြား မရှိဘူး ပြောင်ချော်ချော် ကြီး ဖြစ်နေတယ် .... အဲဒီတော့ ထုံးစံ အတိုင်း အကိုကြီး ရဲ့ ညီမလေး မျက်နှာငယ်နေမှာ ကို ကြည့်မနေနဲ့နော် ညီမလေး လိုချင်တာ တွေ ထည့်ပေးပါ အိမ်ပြင်မယ်"..။

ဘန်နာက စာလုံးတွေ မှိန်နေတယ် !! ဟိုလေ ဘယ်နိုင်ငံတွေက လာတယ် ဆိုတဲ့ ကောင်တာလေး လဲ ထည့်ပေးနော် အင်းနောက်တော့ ကြော်ညာလေးတွေလဲ ထည့်ချင်တယ် နောက် နာရီလှလှလေး လဲ ရှာပေးနော် နောက် .. နောက်... နောက် ..................။

ဒါနဲ့ ကဲ ဒီတစ်ယောက်တော့ အမြန်လုပ်ပေးလိုက်ပြီး ရင်တော့ ငါလဲ နားအေး ပါးအေး စာလေး ရေးလို့ ရမယ်လေ ဆိုပြီး လုပ်ပေးလိုက်တယ် အမြန်ဆိုပေမယ့်လဲ သိတယ် မဟုတ်လား ဒါမျိုးဆိုတာက ရှာလိုက်ဖွေလိုက် ထည့်လိုက် နဲ့ ဆေးသုတ်ရုံလောက် တောင် တစ်ရက် နှစ်ရက် ကအနည်းဆုံး ကြာတာပဲ..။

ကဲ ဒါနဲ့ပဲ အားလုံး ပြီးသွားပါပြီ ညီမလေး လဲ ပျော်ပျော်ရွှင်ရွှင် ဖြစ်သွား ပြီ ဆိုတော့ ကဲ စမယ်ဟေ့ လို့တွေးနေတုန်း...။

နောက်ထပ် တစ်ယောက် ဂျီတော့ ထဲ ကနေ ဝုန်းဒိုင်း ကျဲ ဂျွန်းထိုး ဒိုင်ဗင် ပစ်ပြီး ဝင်လာပါတော့တယ်..။

သူက အစတော့ အေးဆေးပဲ..... ဝေါ့ပရက်စ် လုပ်ချင်တယ် တဲ့ ..

ဒါနဲ့ ကျွန်တော်လဲ ... "အေး ရော့ ဟောဒီမှာ ဝေါ့ပရက်စ် လုပ်နည်း စာအုပ် မြန်မာလိုပဲ ရေးထားတယ် ဖတ်ပြီး တစ်ဆင့် ချင်း အေးဆေးလုပ်ကြည့်"....။
"ဒါပေမယ့် တစ်ခုတော့ ရှိတယ် ဝေါ့ပရက်စ်ပြောင်းမှာ သေချာတယ် ဆိုရင်တော့ ငါ ဒီ ဂျီတော့ ကို ဘယ်တော့မှ မဖွင့်တော့ဘူး"... လို့ပြောလိုက်တယ်..။

"ဗျာ"!! "ဘာဖြစ် လို့လဲ ဆရာရဲ့"?

"ဟင် မင်းဒီလောက် ဘလော့ဂ် စပေါ့လေး လုပ်တာတောင် ရွာလည်နေတာကို ဝေါ့ပရက်စ် သွားလုပ် ရင်ငါဂျီတော့ ပေါ်တက်လာတိုင်း အအားနေရမှာ မဟုတ်ဘူး"..။

ဒါနဲ့ ကိုယ်တော်ချော လဲ ဝေါ့ပရက်စ် စာအုပ်လေး ရသွားပြီး ငြိမ်သွားတယ် နောက်မကြာပါဘူး သုံးလေးနာရီ လောက်လဲ ကြာရော ......၊

"ဘာတွေ ရေးထားတာလဲဗျာ စာအုပ်က လဲ ရှင်းအောင် လိုက်ရေးထားလွန်းလို့ နားကို မလည်တော့ဘူး ဗျာ"
ဆိုတဲ့ စကားလုံးတွေ နဲ့ လိုင်းပေါ်ပြန်တက်လာပါတယ်..။

ပြီးတော့မှ .. "လုပ်နည်း တောင်ဒီလောက် ရှုပ်နေရင် ကျွန်တော်လဲ မလုပ်ချင်တော့ ပါဘူးဗျာ သူများတွေ ဝေါ့ပရက်စ် ပြောင်းမယ် ပြောင်းမယ် ပြောကြလွန်းလို့ ခေတ်မှီအောင် ပြောင်းရင် ကောင်းမလားလို့ စဉ်းစားတာပါ..။

ခုတော့ ဘလော့ဂ် လေးပဲ အိမ်အသစ်ပြန်ဆောက်တော့မယ် ဆရာ အရင်ပြောထားတာ ရှိတယ် မဟုတ်လား ဆောင်းတွင်း အလုပ် ၂ လ နားရင် ကျွန်တော့် ကို သိချင်တာ လုပ်ချင်တာပြော လုပ်ပေးမယ် လို့ ပြောထားတယ်လေ အခု တော့ အလုပ်ပိတ်တာ တစ်ပါတ် လောက်တောင် ရှိပြီ တစ်ခါ မှ အားတယ် မပြောဘူး..။

အခု ဝေ့ါပရက်စ် လဲ မပြောင်းချင်တော့ဘူး ဆိုတော့ တန်းပလိတ်ပြောင်းပေး ကျွန်တော် ဒေါင်းထားပြီး သားတန်းပလိတ် ရှိတယ် ပို့လိုက်မယ်"..။
"ဟေ့ ... ငါ တစ်ကယ်ပြောတာ မအားဘူး ဟ"

"အော် ဆရာက ကောင်မလေး တွေကျ လုပ်ပေးပြီး ကျွန်တော့် ကျ မလုပ်ပေးချင်ဘူးပေါ့လေ ရပါတယ် ဗျာ"..။

"တိန်"
သေပြီ ဒီကောင် တော်တော်ဆိုးတဲ့ ကောင်ပါလား ဒီကကောင်ကတော့ ဘာဖြစ်လို့ ဖြစ်နေမှန်း မသိ သူပြောချင်တာ သူလုပ်ချင်တာတွေချည်း စွတ်ပြောနေသည် မအားဘူး ပြောပြန်တော့လဲ လူူကို ဘက်လိုက်သလိုလို ဘာလိုလို..။

ဒါနဲ့ ထုံးစံ အတိုင်းပဲ ကဲ မြန်မြန်ပြီး မြန်မြန်အေး ကွာ ဆိုပြီး သူပို့ပေးလိုက်တဲ့ တန်းပလိတ် တွေ ကြည့်လိုက်တော့ လားလား ကိုယ်တော်ချော ဒေါင်းထားတာတွေက အကုန် ဝေါ့ပရက်စ် အတွက်ချည်း ဖြစ်နေတယ် lol ..။

ဒါနဲ့ ..."ဟေ့ ဒါတွေ ကမရဘူး ဟ ဝေါ့ပရက်စ် အတွက် လို့"ပြောတော့ ကိုဂျပန်မူလီက အရစ်ကရှည်နေပြန်ရော ဘာလို့မရတာလဲ မတူဘူးလား ဘာလား ညာလားနဲ့ အလုပ်လုပ်ချိန်မရ သူမေးတာတွေ ချည်းဖြေနေရမဲ့ ပုံ ပေါက်နေ ရော...။

ပြီးသွားတော့ .."ဘလော့ဂ်တန်းပလိတ်က ဘယ်မှာရှာရမှာလဲဗျ"?

"ကဲ ရော့ ဟောဒီမှာ လိပ်စာ ကိုယ့်ဖာသာ ကြိုက်တာရွေး ရရင ်လင့်ပေး ငါ ဒေါင်းပြီး တန်းပလိတ် ချိန်းလိုက်မယ်"

ဒါပေမယ့် ခဏပါပဲ

"ဆရာက ပြောင်းမယ့်လူဆိုတော့ ဘာလေး အဆင်ပြေမလဲ ဆိုတာ ပိုသိမယ် ဒီတော့ ဆရာပဲ ကြည့်ရွေးလိုက်ပါ ကျွန်တော် အပြင်ခဏသွားလိုက်အုံးမယ် " ပြောပြီး ပျောက်သွားပါလေရောဗျား ..။

ဒါနဲ့ ကျွန်တော်လဲ သူကဝေါ့ပရက်စ် အားကျနေတယ်လေ ဆိုပြီး ဝေါ့ပရက်စ် စတိုင်လေး ရှာဖွေ ပြီး တန်းပလိတ်ပြောင်းမယ် လုပ်မှ သတိရလာတယ် ဘေးကဆိုဒ်ဘားတွေ ကုဒ်တွေယူထားရအုံးမှာပဲ ဆိုတာ အဲဒီအချိန် မန်ယူပွဲကလဲ လာခါနီးနေပြီ ဒီတော့ ပွဲကြည့်ပြီး ပိုစ့်တွေ ဗွီဒီယိုတွေ ပြန်တင်ရအုံးမယ် ဆိုတော့ သကောင့်သားကလဲ ပေါ်မလာ တော့ ဒုက္ခနဲ့ လှလှ တွေ့နေပြီပေါ့..။

ဒီအချိန် ကံကောင်းထောက်မစွာ ပဲ ဘိုးဘိုးအောင်က ပြန်ပေါ်လာပါတယ် .။

"ဆရာ ပြီးပြီလား"?

အင်း မေးပုံကတော့ သူ့အတွက် ထမင်းစားရေသောက် ပုံစံနဲ့ အလွယ်တကူ မေးရက်လိုက်လေခြင်း..။

"ဟေ့ ပြီးသေးဘူး ဆိုဒ်ဘားက ကောင်တွေ ပြန်ထည့်ဖို့အတွက် မင်းကုဒ်တွေ ကူးထားလိုက် ငါဘောလုံးပွဲ လာတော့မယ် ပွဲပြီးမှာနဲ့ မင်းကုဒ်တွေ မှတ်ပြီးမှာနဲ့ အတော်လောက်ပဲ "

အာ တစ်ခါထဲ ပြီးအောင်လုပ်လို့ မရဘူးလားဗျ ? မြန်မြန်လေး လုပ်ပေးပါ တစ်ခါထဲ ပြီးသွားတော့ ကောင်းတာပေါ့ ဗျ..

ကိုယ့်ဖာသာကို လည်ပင်းကြိုးကွင်းစွပ် ရမလား တိုက်ပေါ်က ခုန်ချ လိုက်ရင် ကောင်းမလား လမ်းထိပ် ထွက်ပြီး ရိုင်း မြစ် ကြီးထဲ ကျောက်တုံးဖက် ပြီး ဆင်းသွား ရမလား မသိနိုင်လောက်အောင် စိတ်ညစ်သွားမိတယ်ဗျာ.

"အေးပါ ငါလဲ အမြန်ပြီးချင်တာပဲ ဒါပေမယ့် ကိုယ့်အသင်းဘောပွဲ ရှိတဲ့နေ့ ငါက ဘောပွဲ မကြည့် ပိုစ့်မတင်ပဲ လုပ်ပေးရမှာလား နဲနဲလဲ အားနာပါအုံး. ဆရာလေးရဲ့"..။

"ဟီး ဟီး ဟုတ်ပြီ ဟုတ်ပြီ ဒါဆို ကျွန်တော် ကုဒ်တွေ ကူးထားလိုက်မယ် ဘောပွဲက ဘယ်တော့ပြီးမှာလဲ ဒီနေ့တော့ ပြီးအောင်လုပ်ပေးနော်"..။

ဒီလိုနဲ့ပါပဲ ဘောပွဲပြီးတော့ ပိုစ့်တင် ဘာညာ လုပ်ပြီး တန်းပလိတ် ထည့်လိုက် ပါတယ်..။

ဒါနဲ့ပြီးမယ် ထင်ပါသလား ဒီလို ထင်ရင် မှားသွား မှာပေါ့..။

ထုံးစံ အတိုင်း မုန့်ဟင်းခါး ပြီးတော့ အရည်သောက်လေး တွေက နောက်က ကပ်ပါလာပါပြီ..။

"ဟို ဘန်နာလေး ပြောင်းချင်တယ် ရီဆန့်ကွန်မန့်လေး ထည့်ပေးပါ စီဗောက် ကြီးကြီးလိုချင်တယ် ပိုစ့်ခေါက်တာပါ တစ်ခါထဲ လုပ်ပေးနော်"

ဆိုတဲ့ အမှာ စကားတွေ တစ်လှေကြီး ချွေပြီး အမျိုးကောင်းသားက စက်တော်ခေါ်သွားပါပြီ ဒါနဲ့ ကျွန်တော်လဲ ပရီဗျူးကြည့် အိုကေပြီဆိုတာနဲ့ ဆေ့ဖ် လုပ်ပြီး ဖိုရမ်မှာ လူသစ်တွေ ဝင်လာတာကို နုတ်ဆက် ပိုစ့်တွေ ရီပလိုင်းပြန် နဲ့ မိုးလင်းသွားပြန်ပါလေရော..

အိပ်ရာထပြီးတော့ ကိုယ်လက် သန့်စင် ပြီး ဘလော့ဂ်ကို အဆုံးသတ် လိုတာလေး တွေ ထည့်ပေးမယ် ဆိုပြီး ဖွင့်ကြည့်လိုက်ရော

အီးးးးးးးးးးးးးးးးးးးး

နေဗီဂေးရှင်းဗားပေါ်က အတုံးတွေကော အဲဒီတန်းပလိတ်ထဲပါသမျှ နောက်ခံ ဘက်ဂရောင်း အတုံးတွေ အကုန် မရှိပဲ ဘလော့က ပြောင်ချော်ချော် နဲ့ ဘယ်လိုဖြစ်တာပါလိမ့် ဆိုပြီး ပုံတွေရဲ့လင့်တွေ လိုက်ကြည့်တော့ သူတို့က ရှိတော့ရှိနေတယ် ဒါပေမယ့် လင့်တွေက support မလုပ်ဘူးဖြစ်နေကော ဒါနဲ့ အဲဒီနောက်ခံ တွေ ပုံပေါင်း ၂၀ လောက်ကို ကူး ပြီးတော့ တစ်ခါ အပ်လုပ်ဒ် ပြန်တင် ရလာတဲ့လင့်တွေ ကို သူ့နေရာနဲ့သူ အစီအစဉ် တကျ ပြန်ထည့် နဲ့တစ်နေကုန်ပါလေကော ကြားထဲ ကိုယ်တော်ချောက မပြီးသေးဘူးလား ပြီးရင် ဟိုဟာလေး မမေ့နဲ့နော် ဒီဟာလေးလဲ လုပ်ပေးအုံး ဆိုပြီး သတိက လာလာပေးနေသေးတယ်...။

ဒီလိုနဲ့ပဲ အားလုံး ပြီးသွားတယ် ဆိုပါတော့ဗျာ ..။
အဲဒီတော့မှ လူလဲ သက်ပြင်းကြီး ချပြီး ရုပ်ရှင် တစ်ကားလောက် ကြည့်ပစ်လိုက်တယ်..။

ပြီးသွားတဲ့ အချိန်လဲ ရောက်ကော ကွန်ပြူတာရှေ့ပြန်ထိုင်ရင်းနဲ့ ပိုစ့်တင်ဖို့ စဉ်းစားတာ ဘယ်လိုမှ စဉ်းစားလို့ မရပဲနဲ့ဟိုအရင် တန်းပလိတ် လေးခု ပြင်လိုက်တာ မှာ ရှာရဖွေရနဲ့ တွေ့မိတာလေး တွေ ကခေါင်းထဲ မှာ ရောက်နေတယ် အဲဒါကတော့ ဝေါ့ပရက်စ်မှာ တစ်ချိ့တန်းပလိတ် တွေမှာ သုံးတဲ့ ဆလိုက်ဘားပဲ သူက နောက်ဆုံးတင်ထားတဲ့ ပိုစ့်လေးတွေ က ဆလိုက်ရှိုးလို မျိုးလေး ပိုစ့်က ဓါတ်ပုံ လေးတွေ ပိုစ့်ရဲ့ အစစာလုံးလေး တွေ ခေါင်းစဉ် လေးတွေနဲ့ပေါ်နေတာ အဲဒါကို ကျွန်တော် အသဲ အသန် လိုချင်နေတယ် ဒါပေမယ့် ဘလော့ဂ် စပေါ့မှာ က မလွယ်ဘူးလေ...။

ဒါပေမယ့် သုံးရက်လောက် စမ်းဖို့လုပ်ထားတဲ့ ဘလော့သုံးခုလောက်ပျက်သွား နေ့မအိပ် ညမအိပ် ရူးကြောင်ကြောင်ဖြစ်အောင် စမ်းပြီး သွားတဲ့ အချိန်မှာ အောင်မြင်သွားတယ်ပေါ့ဗျာ..

ဒါနဲ့ ကိုယ့်ဘလော့ဂ် မှာထည့်ပြီး သွားတဲ့ အချိန်မှာ ဖလက်ရှ် ဘန်နာနဲ့ ကျန်တဲ့ တိုလီမိုလီတွေနဲ့ ဆိုတော့ နဂိုကမှ ကိုလင်းထက် ဘလော့ဂ် အရမ်းလေးတယ် ဆိုပြီး ချစ်ပါတယ် ခင်ပါတယ် ဆိုတဲ့ ညီတွေ ညီမတွေက အကိုကြီးက ပိုစ့်မှ မတင်တာကို ဒါကြောင့် မလာတာပေါ့ လို့ အပြောခံနေရတဲ့ ဟာ အခုတော့ ပိုဆိုးပြီ ထင်တယ် ဆိုပြီး ဘာလုပ်ရမလဲ နည်းလမ်းလိုက်ရှာ ရတော့တာပေါ့ ..။

အဲဒီမှာ အမှတ်မထင် တွေ့လိုက်တာလေး ကို အခု ပိုစ့်ကို အချိန်ကုန်ခံ မျက်စိအညောင်းခံ ပြီး လာဖတ်တဲ့သူတွေ အတွက် လက်ဆောင်ပေးလိုက်ပါမယ်..။

သင်တို့လဲ သွားစမ်းလိုက်ကြပါနော်..သူက ဘာတွေ စွမ်းဆောင်ပေးနိုင် သလဲ ဆိုတော့ သူ့ ဆိုဒ်ကို ရောက်ပြီ ဆိုရင် ဘာမှ လုပ်စရာမလိုပါဘူး အကိုတို့ အမတို့ ညီတို့ညီမ တို့ရဲ့ ဘလော့ဂ် လိပ်စာ ကိုထည့်ရိုက်ပေးလိုက်ရုံပါပဲ..ပြီးရင် ရိုဘော့လား လူလား စစ်တဲ့ ဆေ့ဖ်တီး ကုဒ်လေး တွေ အပေါ်မှာ ပြထားသလို အကြီးအသေး ထပ်တူရိုက်ထည့် ပေးပြီး ရင်တော့ သူက စစ်ပါပြီ ပေးလိုက်တဲ့ လိပ်စာရဲ့ ဒေါင်းလုပ်လုပ်ရမှာ ကြာချိန်တွေ ဘယ် css တွေများနေတယ် ဘယ် HTML ကဖြစ့် အန္တရယ် ဖြစ်လောက်အောင် များနေတယ် အို ကုန်ကုန်ဗျာ သင့် ဘလော့က ကျော်လွန်နေတဲ့ ဟာတွေကို သူက အကုန် လိပ်စာနဲ့ နာမည် နဲ့ တကွ ပြမယ် အဲဒါလေး တွေကို ကိုယ့်ဖာသာချင့်ချိန်ပြီး မရှိမဖြစ် အရေးပါတဲ့ Java နဲ့ပုံတွေလောက်ပဲ ထားမယ် ဆိုရင်တော့ သင့်ဘလော့ဂ်လေး ဟာ လူတိုင်းအလွယ်တကူ ဖတ်ရှုနိုင်မယ် ဖြစ်ပါကြောင်း နားရက် ၁၅ ရက်လောက် ပျောက်သွား ရတဲ့ အကြောင်းလေး ရင်ဖွင့်လိုက်ပါတယ် ဗျာ..။

ဟောဒီမှာ ဒီမျှားပုံလေး ကို နှိပ်ပြီး တော့သာ ကိုယ့်ဘလော့ဂ် ရဲ့ Loading ဝိတ်တွေ ဘယ်လောက် များနေပြီလဲ ဆိုတာ သွားရောက် စမ်းသပ်ပြီး ထွက်လာတဲ့ အဖြေကို ကြည့်ပြီး သူတွက်ချက်ပေးလိုက်တာ လေးတွေကို ကြည့်ပြီး ဝိတ်လျှော့ ကြပေတော့ဗျို့ အားလုံးပဲ ပေါ့ပါးသွက်လက်တဲ့ ဘလော့ဂ်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ..။
Read more


ခြောက်သွေ့သွားတဲ့ ခံစားချက်


တစ်ခုလောက် တော့ကိုယ့်ကိုပြောခွင့်ပြုပါ

ကိုယ်မင်းကို ပြောခဲ့ဖူးရင် ပြောခဲ့ဖူးမယ်
ကိုယ်ဟာ ဆာလောင်မွတ်သိပ် နေသူတစ်ယောက်ပါလို့

ဒါမှ မဟုတ် အချစ် နန်းတော် ကြီးထဲမှာ
ဘုရင် မင်းတရားကြီး လုပ်ချင်နေသူပါ လို့

ဒါပေမယ့် မင်းပေးခဲ့ တာတွေက
ဟင်းချိုမပါ အတို့အမြုတ် မပါ တဲ့
ထမင်းဝိုင်း တစ်ခုလို ခြောက်ကပ်လို့

ကိုယ်သိမ်းပိုက် ခဲ့မိတဲ့ နန်းတော်ကြီးကလဲ
မေတ္တာ စမ်းချောင်းတွေ ခြောက်ခမ်း နေတဲ့
ကန္တာရ အလည်က မိုးခေါင်ရေရှား ရပ်ဝန်းမှာ
တည်နေတဲ့ နန်းတော်ကြီးတစ်ခု ဖြစ်လို့ပေါ့

ဒီတော့ ကိုယ်ပြောချင်တာ က
ကိုယ် ဆာလောင်မွတ်သိပ် မှုတွေကို
သိနိုင်တဲ့ ခံစားချက်တွေ မရှိတော့တဲ့ အတွက်
မင်းရဲ့ ခြောက်သွေ့နေတဲ့ ထမင်းဝိုင်းကို
မစား နိုင်တော့တာ ခွင့်လွှတ်ပါ

ခြောက်သွေ့နေတဲ့ နန်းတော်ကြီးထဲမှာ
ဆက်ပြီး ပူလောင်မှုတွေ နဲ့နန်းသက် မရှည်ပါရစေနဲ့တော့
ကိုယ့်ရဲ့ ခံစားချက်တွေ အားလုံးသေဆုံးခဲ့ ပြီးပါပြီ..


Read more


နှစ်သစ်ကူးနည်း

၂၀၀၉ ခုနှစ် နှစ်သစ်ကြီးသို့ ရောက်တော့မည် ဒီတော့လဲ ဘာရယ် ညာရယ် မဟုတ် ဂျီတော့ ထဲက မက်ဆေ့ဂျ် မှာ ၂၀၀၉ ခုနှစ် နှစ်သစ်ကြီးမှာ ဘော်ဘော်တွေ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ လို့ ဆုတောင်းစာလေး ရိုက်ပြီး တင်ထားလိုက်တယ် ခဏပါပဲ မကြာပါဘူး ညီငယ် တစ်ယောက်က အားကျ မခံ ၂၀၀၉ ခုနှစ် နှစ်သစ်ကြီးမှာ ဘော်ဘော် တွေအားလုံး နှစ်တောင့်ထိုး ဓါတ်မီးလို လင်းနိုင် ကြပါစေဆိုပြီး မက်ဆေ့ဂျ် ပြန်ရေးလာတယ် ဟက် ဟက်..။

ဒါနဲ့ပဲ နှစ်သစ်နဲ့ ဘော်ဘော်တွေ ဘော်ဘော်တွေ နဲ့ နှစ်သစ် လုံးလည်ချာလပတ်ရမ်း တဲ့ အတွေးတွေ နောက်မှာတော့ ကျွန်တော့ ဘော်ဘော် တစ်ယောက်ရဲ့ နှစ်သစ်ကူးနည်း လေး ကို သွားပြန်သတိရ သွားတယ်ဗျ..။

သူ့နှစ်သစ်ကူးနည်းက ဘလော့ဂ်ဂါ ကိုကို ညီညီ တွေ ကတော့ သဘောကျနိုင်လောက်ပေမယ့် ဘလော့ဂ်ဂါ မမ နဲ့ ညီမငယ် တွေကတော့ နှစ်သစ်ကူးည မှာ လူစုလူဝေး ရှိတဲ့ နေရာသွားရင် အတော်လေး သတိကြီးစွာနဲ့ လူကြောက်တဲ့ ရောဂါ စွဲကပ်သွားနိုင်လောက်တဲ့ နှစ်သစ်ကူးနည်းပါ.....။

ကဲ... အားလုံး စိတ်ဝင်စားသွား ကြပြီထင်ရဲ့ ဟဲ...ဟဲ

ဒီလိုဗျ............

ကြယ်ဇင်သော် တစ်ယောက် အထူးစိတ်လှုပ်ရှားနေမိတယ် ဘာကြောင့်လဲ ဆိုတော့ သူ စိတ်ကူးယဉ် ခဲ့ဖူးတဲ့ နှစ်သစ်ကူး ကိုဆင်နွဲနိုင်ဖို့ သူ့ကို လောကကြီး က အခွင့်အရေး ပေးလာလို့ပဲ...။

သူ လဲ လူငယ်ပီပီ နှစ်တစ်နှစ်ရဲ့ နောက်ဆုံး ရက်ဖြစ်တဲ့ ဒီဇင်ဘာ၃၁ ရက် ဆောင်းညတိုင်းလိုလို မှာ တစ်ညလုံး သူငယ်ချင်းတွေ နဲ့စုဝေးပြီး နှစ်ကူးခဲ့ဖူးပေါင်း များပါပြီ ဒါပေမယ့် သူ့ရဲ့စိတ်ကူးယဉ် နှစ်သစ်ကူးအိပ်မက် တစ်ခု ရှိတယ် အဲဒါ ကို နှစ်ပေါင်းများစွာ စောင့်ဆိုင်းလာခဲ့တာ ဒီတစ်ခါတော့ ပြည့်လုပြည့်ခင် လေးဖြစ်နေပြီလေ...။

သူ အခုရောက်ရှိနေတဲ့ နေရာက နယူးယောက်မြို့ရဲ့ မြို့လည်ခေါင်မှာ ရှိတဲ့ သဘာဝဥယျာဉ်ကြီး ထဲက နှစ်သစ်ကူး ပွဲကျင်းပမယ့် နေရာမှာပေါ့ အရင်နှစ်တွေက မြန်မာပြည် မှာနဲ့ သငေ်္ဘာပေါ် ရောက်နေစဉ်က သငေ်္ဘာပေါ်တွေ မှာသာ နှစ်ကူးပွဲတွေ ကျင်းပခဲ့ ရရာက ဒီနှစ်တော့ ကြုံတောင့် ကြုံခဲ နယူးယောက်မှာ သငေ်္ဘာကမ်းလာကပ်ပြီး ကမ်းဆင်းခွင့် ရခဲ့တာကြောင့် ဒီ ဥယျာဉ် ကြီးထဲမှာ သူ့အိပ်မက် ကို အကောင်အထည် ဖော်ဖို့ အဖော်တစ်သင်းနဲ့ ချီတက်လာခဲ့ခြင်း ဖြစ်ပါတယ်..။

သူတို့ ရောက်တော့ လူတွေကလဲ များမှများ နှစ်ကူးဖို့ အချိန်ကလဲ အတော်လေး နီးကပ်နေပါပြီ ဒါနဲ့ သူလဲ ကမန်းကတမ်း သူ့ရဲ့ ပစ်မှတ် ကို ရှာဖွေလိုက်တော့ မိန်းကလေး တစ်အုပ်စု ထဲက တော်တော်လေး ချောတဲ့ ကောင်မလေး တစ်ယောက်ကို သွားတွေ့ပါတယ်..။

သူလဲ အဲဒီအုပ်စု နား အသာကပ် သွားပြီး ကောင်မလေး ကို ပြုံးပြရင်းနဲ့ ဟယ်လို လို့နုတ်ဆက် လိုက်ပါတယ်..
ကောင်မလေးကလဲ ပြန်ပြုံးပြ ပြီး ဟယ်လို လို့ပြန်နုတ်ဆက် သဗျ..
ဒါနဲ့ ကြယ်ဇင်သော်လဲ ပီတိတွေ ဖြစ်ပြီး ပြုံးပြုံးကြီးနဲ့ ရှေ့ရေးကို တွေးပြီး ကျေနပ်စွာ မိန့်မိန့်ကြီး ပြုံးလို့ပေါ့..။

စတိတ်ရှိုးစင် ကြီးရဲ့ နဖူးစည်းပေါ် မှာ တင်ထားတဲ့ ဒစ်ဂျစ်တယ် နာရီကြီးကလဲ နှစ်ကူးမယ့် အချိန်ကို တဖြည်းဖြည်းချင်း ရေတွက်လို့ပေါ့ ကြယ်ဇင်သော်လဲ ကောင်မလေးနား နီးသထက် နီးအောင် တိုးတိုးပြီး ကပ်သွားလိုက်ပါတယ်..။

အဲဒီလို နဲ့ ဒစ်ဂျစ်တယ် ဂဏန်းတွေ 00:00 ဆိုပြီးတော့ ပြလိုက်တဲ့ အချိန်မှာပဲ လူတွေ အားလုံး ဟက်ပီနယူးရီးယား လို့အော်သူတွေကအော် မီးရှုးမီးပန်းတွေ ဖောက်တဲ့လူကဖောက် ချစ်သူတွေလဲ တစ်ဦးကို တစ်ဦး နှစ်သစ် အနမ်းလက်ဆောင် တွေ ပေးနေကြတဲ့ အချိန်မှာပဲ ကျွန်တော်တို့ ဇာတ်လိုက်ကျော် ကြယ်ဇင်သွေး ကလဲ သူ့ အိပ်မက် ထဲက နှစ်သစ်ကူး ကို လက်တွေ့ အကောင် အထည် ဖော်လိုက်ပါတယ်..။

အနားမှာ ကပ်နေပြီ ဖြစ်တဲ့ ကောင်မလေးကို ကြယ်ဇင်သော် တစ်ယောက် မိမိ ချစ်သူ ပမာ သဘောထား ပြီး ကောင်မလေး ရဲ့ နုတ်ခမ်း အစုံကို မိမိ ရရကြီးကို နမ်းစုတ် လိုက်ပါတယ်..။

ကောင်မလေး လဲ အံသြတစ်ကြီးနဲ့ အကြောင်သား ငေးကြည့်လို့ ရုန်းထွက်ဖို့ သတိမရ ဖြစ်သွားဟန်တူရဲ့
ကြယ်ဇင်သော်နဲ့ လိုက်လာတဲ့ တစ်အုပ်စုလုံးလဲ အားလုံး မျက်လုံး အပြူးသား ငေးကြည့်လို့....
အဲဒီ ထဲမှာ ဘာမှ မဖြစ်သလို နဲ့ ခပ်တည်တည် သူမဟုတ်သလို ပြန်ပြီး စတိတ်ရှိုးကို စိတ်ဝင်စားသလို ပြန်ကြည့်နေတာကတော့ ကြယ်ဇင်သော်ပါ...။

ဒါပေမယ့် ဘာမှမဖြစ်သလိုနေလို့ ကတော့ မရတော့ပါ..

ကောင်မလေး ကအခုမှ သတိပြန်ဝင်လာပြီး ဘလာ .. ဘလာ... တွေ လာတော့တာပေါ့..
ကောင်မလေး သူငယ်ချင်းတွေလဲ ဝင်ပါလာပြီ ဘေးပါတ်ဝန်းကျင်တွေကလဲ စူးစမ်းတဲ့ မျက်ဝန်းအကြည့်တွေနဲ့ ဝိုင်းကြည့်လို့ပေါ့...။

ခဏနေတော့ ပွဲလုံခြုံရေး တွေ ရောက်လာပြီး ကောင်မလေး တွေပြောတာတွေ နားထောင်ပြီး ကြယ်ဇင်သော် ကို ပွဲလုံခြုံရေး စခန်းကို ဆွဲခေါ် သွားပါတော့တယ်...

လုံခြုံရေး စခန်း ကိုသွားရာလမ်းတစ်လျှောက် မှာ ကြယ်ဇင်သော် ဒီလို စိတ်ကူးယဉ်နှစ်သစ်ကူး မိအောင် လှုံ့ဆော် ခဲ့တဲ့ သူတို့လမ်းထဲက နိုင်ငံခြားပြန် အောင်ဝေဖြိုး ရဲ့ စကားသံ တွေကိုသာ ကြယ်ဇင်သော့် နားထဲ ကြားယောင်မိနေလေရဲ့...။

"ဟေ့ ကြယ်ဇင်သော် ရေ မင်းလေ နိုင်ငံခြားများ ရောက်လို့ နှစ်သစ်ကူးပွဲ နဲ့များတိုးရင်လေ မင်းတော့ ပွပြီလို့သာ အောက်မေ့လိုက် ကိုယ့်လူရေ"..။

"ငါရောက်ခဲ့တုန်းကလေ နှစ်သစ်ကူးပွဲနဲ့ တော့ကြုံပါရဲ့ ကံများ မကောင်းချင်တော့ နှစ်ကူးခါနီး အပေါ့သွားချင်တာနဲ့ ခဏလေး သန့်စင်ခန်း ဝင်လိုက်တာ ပြန်ထွက်လာတော့ နှစ်သစ်ကူး နေပြီကွ အဲဒီမှာကွာ ငါလဲ အတော်လေး ရင်ထုမနာ ဖြစ်သွားရတယ် ကိုယ့်လူရေ ..
ကောင်လေး တွေကကွာ ဘေးမှာ ရှိတဲ့ ကောင်မလေး တွေကိုလေ နုတ်ခမ်းချင်း တေ့ပြီး နမ်းလိုက်တာများ အကုန်လုံး လိုလိုပါပဲကွာ ငါတော့ ဘေးမှာ ဘယ်သူမှ မရှိလို့ မနမ်းလိုက် ရဘူးကွ ..

ဒီတော့ နိုင်ငံခြားများ ရောက်လို့ နှစ်သစ်ကူး နဲ့ကြုံရင် ငါ့လို အခွင့်အရေး လက်မလွတ်စေနဲ့"...............။

ဆိုတဲ့ စကားများကို နားထဲ ကြားယောင် ရင်း ကြယ်ဇင်သော် တစ်ယောက် !!!!!

ကဲ ဘလော့ဂ်ဂါ ကိုကို ညီညီ တို့ ကြယ်ဇင်သော့် လိုတော့ ယောင်ပြီး အဲလို နှစ်သစ်ကူးမယ် မကြံကြနဲ့နော် ဟဲ ဟဲ ဘလော့ဂ်ဂါ မမ ညီမ တို့လဲ နှစ်သစ်ကူး ပွဲသွားရင် ကိုယ့်နား တစ်စိမ်း ကပ်လာရင် ကြယ်ဇင်သော့်လို နှစ်ကူးမယ့် လူဖြစ်နေအုံးမယ် သတိထားကြ ဟက် ဟက်...။

အားလုံးသော လာရောက်လည်ပတ်သူ အပေါင်း ၂၀၀၉ ခုနှစ် နှစ်သစ်ကြီးမှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းများ နဲ့ပြည့်ဝ ကြပါစေလို့ ဆုတောင်း မေတ္တာပို့သအပ်ပါတယ် ဗျာ..။


Read more


myanmar genius forum

ဒီနေ့ အလုပ်က ပြန်အရောက် မေးလ်ဖွင့် ကြည့်လိုက်တော့ မေတ္တာရပ်ခံပန်ကြားချက် ဆိုတာတွေ့လိုက်ရတော့ အကြွေးရှင်များ အကြွေး တောင်းခံလွှာ ပို့လားလို့ လန့်သွားတာပဲ mrgreen

နောက်မှ ညီတော်မောင် ဘလက်ဒရင်း က သူ ကြိုးစားတည်ထောင် ထားတဲ့ ဖိုရမ်လေး ကို ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ နှစ်သစ် နဲ့ အတူ ဖိုရမ် လေးကို ဖွင့်လှစ်မှာ မို့လို့ အကြောင်းကြားတဲ့ စာဖြစ်နေတော့ မှ ဟင်းကနဲ သက်ပြင်းချလိုက် နိုင်ပါတော့တယ်..။

ဒီတော့ သူကြိုးပမ်း တည်ထောင်ထားတဲ့ ဖိုရမ် လေးကို လေ့လာနိုင်အောင် ကြော်ငြာပေး ပါရစေ သူ ဒီဖိုရမ်လေး ကို ဖြစ်လာချင်လွန်းလို့ သူ့ဘဝ ရဲ့ အကျပ်တည်း ဆုံးလို့ ခေါ်လို့ ရနိုင်တဲ့ အချိန်မှာတောင် ပြဿနာတွေ အားလုံး ကို ခေါင်းထဲက ထုတ်ထားပြီး နေ့မအိပ် ည မအိပ် အကောင်းဆုံး အစုံလင်ဆုံး ဖြစ်အောင် သူကြိုးပမ်းခဲ့ တာပါ ဒီတော့ သူဘယ်လို အားထုတ် ကြိုးပမ်း ထားသလဲ ဆိုတာ သွားရောက် လေ့လာ ကြစေချင်ပါတယ် ခင်ဗျာ..။

သွားချင်ရင်တော့ လွယ်ပါတယ် အောက်က ပုံလေးကို ပဲ ဖြစ်ဖြစ် ကျွန်တော့် ဘလော့ဂ်ညာဖက် ဆိုဒ်ဘားက ပုံလေးကိုပဲ ဖြစ်ဖြစ် နှိပ်လိုက်ပါ သင့်ကို
myanmargenius forum ကလှိုက်လှဲစွာ ကြိုဆိုနေမှာပါ..။

အောက်က အကြောင်းကြားစာလေးက တော့ ညီတော်မောင် ရဲ့ မူရင်း အကြောင်းကြားစာလေးပါဗျာ ကဲ ဖတ်ပြီးရင်တော့ သွားဖြစ်အောင် သွားလိုက်နော်...။






စက္ကန့် နှင့်အမျှပြောင်းလဲနေတဲ့ ကျွန်တော်တို့ ရဲ့ ၂၁ ရာစုခေတ်ထဲမှာ အသိပညာ၊ အတတ်ပညာ များဟာ အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲလို့ လာနေပြီ ဖြစ်ပါတယ်...။ ဒီလိုတိုးတက်ပြောင်းလဲနေ တဲ့ နည်းပညာများ၊ အသိပညာများကို မျက်ခြေမပြတ်လိုက်နိုင်ဖို့ ဆိုရင်တော့ ကျွန်တော်တို့ ရဲ့ မျက်စိတွေ၊ နားတွေကို အစွမ်းကုန် ဖွင့်ထားဖို့လိုပါလိမ့်မယ်...။

ထို့ကြောင့် ကျွန်တော်တို့ သိထား၊ တတ်ထားသည်များကို ဝေမျှရန်၊ မသိသေးတာတွေကို မေးမြန်း၊ တိုင်ပင်ကြနိုင်စေရန်အတွက် ကျွန်တော်တို့ ရဲ့ Myanmar Genius Forum ကိုတည်ထောင်လိုက်ခြင်းရခြင်း ဖြစ်ပါတယ်...။ အားလုံးပူးပေါင်းပါဝင်လက်တွဲပြီး ကျွန်တော်တို့ ချစ်သောနိုင်ငံနှင့် အနာဂတ်အတွက် မိမိကျရာအခန်းအခန်းကဏ္ဍမှ ပါဝင်ကြိုးစားရင်း မိမိတို့ရဲ့ တိမ်မြုပ်နေသော အရည်အချင်းများကို ထုတ်ဖော်ပြသကြဖို့ ကျွန်တော်တို့ရဲ့ Myanmar Genius ဝိုင်းတော်သားများမှ လေးစားစွာ ဖိတ်ခေါ်၊ ကြိုဆိုပါကြောင်း အသိပေး အပ်ပါသည်။

ကျွန်တော်တို့ ရဲ့ Forum မှာ Member များအဖြစ် ပါဝင်လက်တွဲကြမယ့် Genius များအတွက် အောက်ပါအစီအစဉ်များကိုလည်း ပြုလုပ်ထားပါတယ်...။

Novice Member (0 Post to 50) - Download Role

Beginner Member (50 Posts to 100 Posts) - Wordpress with subdomain (yourdomain.myanmargenius.com)

Permanent Member (100 Posts to 500 Posts) - Wordpress+Subdomain+ FTP account with Database

VIP Member & Special Member - (Wordpress, Joomla, Phpbb3, Icyphoenix, Vbulletin) + Subdomain + FTP account with Database

စသောအစီအစဉ်များနှင့် အခြားသော အစီအစဉ်ပေါင်းများစွာကို အခမဲ့ အသုံးပြုခွင့် ပေးသွားမှာ ဖြစ်ပါတယ်။



Read more


ခရစ်စမတ်အတွက်ပြင်ဆင်ခြင်း.။

ကျွန်တော် အလုပ်က နှစ်ပတ် နားစဉ်ကတော့ ဘလော့ဂ်တွေ လည်ဖြစ်ခဲ့ပါတယ်..။
အခုတော့ အလုပ်ပြန်ဝင်နေပြီ ဆိုတော့ ဘလော့ဂ်လဲ မလည်နိုင် ပိုစ့်လဲ မတင်နိုင် ဖြစ်နေပါတယ်..

လောလောဆယ်တော့ ကျွန်တော် တို့ ဆိုင်မှာ ခရစ်စမတ် အတွက် အလှဆင် နေတာ လေးတွေကိုပဲ ဓါတ်ပုံ လေးတွေက တစ်ဆင့် ခံစားသွား ကြပါအုံး ခင်ဗျာ...။

ခရစ်စမတ်သစ်ပင်ကြီးတော့ရောက်လာပြီ.။



ဒီနေရာမှာထားမယ်..။



ထောင်ဖို့အတွက်ဒီလိုတိုင်စိုက်



ပြီးတော့ဝိုင်းပြီးအပင်စိုက်လိုက်ကြပြီ..။



လှေခါးနဲ့တက်ပြီးမီးလုံးတွေဆင်နေတာပါ..။



ကျန်တဲ့သူတွေလဲပြင်ကြဆင်ကြပေါ့..။



အားလုံးပြီးသွားတော့ညဦးပိုင်းမီးစထွန်းပြီ..။



စန်တာကလော့ကြီးလဲ သူ့စီးတော်ယာဉ်ကြီးနဲ့..။



အဝေးကမြင်ကွင်း..။



နှင်းတွေကလဲကျလို့ပေါ့


နှင်းကြားထဲကခရစ်စမတ်သစ်ပင်ကြီး



Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts