ခဏ ဧည့်သည်


ဒီကနေ့ ညီလေး လင်းထက် မွေးနေ့၊ တခုခု ရေးမယ်ကြိုတင်စိတ်ကူးထားတယ်။ ခု ဒီကဗျာလေး
ရေးဖြစ်တော့ (သူလဲ ကိုယ့်မရေးရသေးတဲ့ စာအုပ်တွေထဲက အဓိကဇာတ်ကောင် တစ်ကောင်ပဲမို့)
သူ့ကို ဒီကဗျာလေး မွေးနေ့လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်။

ခဏ ဧည့်သည်

ကောင်းစွာ ချုပ်ထိန်းထားပြီးဖြစ်လို့ ပုံစံကျနေတဲ့ စိတ်ကို
ညက ဖြည်လွှတ်ပေးကြည့်တယ်။

ဝရံတာလိုလို ကပြင်လိုလို ဖိနပ်ချွတ်လိုလို
အလှကြွေပြားတွေ အပြည့်ခင်းထားတဲ့ အုတ်ခုံစွန်းတစ်ခုမှာ
စိတ်ကူးယဉ်တာလိုလို ခံစားနေတာလိုလို အတွေးပြန့်လွင့်နေတာလိုလို
ထုနဲ့ထည်နဲ့ ငွေ့ရည်စိုင်ခဲဖွဲ့ခဲ့သမျှ နှစ်ငါးဆယ်ကျော်ကျော်ရဲ့ အစွန်းအစပ်မှာ။

စကားဝါ ပန်းနံ့က မွှေးအီအီ
ခပ်လှမ်းလှမ်း တောစပ်(လိုလို) ထဲက ဘုတ်သံက တအီအီ
ဆာကုရ ဆိုတဲ့ မိတ်ဆွေရဲ့အချစ်တော်ခွေးကလေးကလဲ တအီအီ
ငါ တောင်တောင်အီအီ တွေးမိသမျှ အားလုံး မအီမလည်ချည့်သာ။

ငါ့ နောက်ကျောမှာ
စင်တွေနဲ့အပြည့် စီရီဖြည့်တင်းထားတဲ့ စာအုပ်တွေအများကြီး
(ငါ ဟာ နယ်စွန်နယ်ဖျားက စာကြည့်တိုက်ကလေးတခုမှာ တည်းခိုနေတာပါ)
ငါ့ အနောက်မှာ
ဖတ်ရှုလို့ မကုန်နိုင်အောင် ထွေပြား ရှည်လျား ရှုပ်ထွေးမှုများ တပုံတခေါင်းနဲ့
မရေးသားရသေးတဲ့ ဘဝဇာတ်ကြောင်း စာအုပ်တွေအများကြီး
(ငါ ဟာ ဆုံးစမရှိတဲ့ သံသရာခရီးသွားတစ်ယောက်အဖြစ် ခုလက်ရှိဘဝမှာ တည်းခိုနေတာပါ)

ညနက်လာလေ
ဖွင့်ထားတဲ့ သီချင်းသံ (လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က သီချင်းတွေ) လေးနက်လာလေ
ငါ့ ရဲ့ စားမြုံ့ပြန် လုပ်ငန်းဟာ အရသာ ပျစ်ချွဲထူးအမ်းနက်ရှိုင်းလာလေလေနဲ့ပေ့ါ။

နောက်ဆုံးတော့
အဆုံးသတ်တခုဟာ ရှိနှင့်ဖြစ်တည်ခဲ့ပြီးသား အဆုံးသတ်ကလေးပေါင်း
အရာအထောင်အသောင်းတို့လိုပဲ အဆုံးသတ်ခဲ့ပါတယ်။
(အောက်ဖော်ပြပါအတိုင်း အဆင့်ဆင့်)



- ကော်ဖီခွက်ကို ဘေစင်ထဲထည့်ခဲ့
- ရေအိမ်ဝင်ကာ ပုံမှန်ညစဉ်လုပ်နေကျအစီအစဉ်တွေ ဆောင်ရွက်ပြီးစီးခဲ့
- မသုံးဖြစ်ပဲ ပွင့်နေတဲ့ ကွန်ပြူတာကို ရှပ်ဒေါင်းလုပ်ခဲ့
- အသင့်ခင်းပြီးသားအိပ်ယာထဲ မဝင်မီ မီးခလုပ်ကို ပိတ်ခဲ့
- စိတ်တံခါးကို ပုံစံကျ ဖြည်းညှင်းငြင်သာစွာ အနှေးမှိန်ချခဲ့…..

ခင်အောင်အေး
၉၊ ဇွန်၊ ၂၀၁၁ မဲဆောက် ရး၂၆ နာရီ
Read more


ဇာတ်စင်ပေါ်တွင်ကား ဖရိုဖရဲ လွင့်ပျောက်သွားသော မပီမသ ညည်းတွားသံအသွင်ဖြင့်


(သမီး အလတ်မ သို့)

သေတ္တာကိုဖွင့်လိုက်သည်နှင့် နှင်းဆီပွင့်ပုံ သကြားလုံးက မွှေးမြလျက် ငှက်နှစ်ကောင်ထူးဆန်းစွာသေဆုံးပုံ
ခုလောလောဆည်(မတ်လရောက်နေပြီ) ပြက္ခဒိန်အဟောင်းပေါ်မှာပဲ လက်ရေးနဲ့ပြင်ပြီး သုံးတယ် တဂျစ်ဂျစ်
မြည်နေတဲ့ မော်တာလေးရဲ့အားနဲ့ကုတ်ကပ်တရွေ့ရွေ့တက်သွားငုံ့ကြည့်ရတာများတော့ဇက်ကြောတက်လာ
ဟန်တူရဲ့ အပျော်ရေးနဲ့ အပျော်ကြံ မျက်မှန်ထူထူ စာအုပ်ထူထူ စကားလုံးထူထူ သုံးပုံဖဲမှာ အကြီးအကျယ်
ချွေးပျံလို့ ပတ်မကြီး ထီ ကနဲထုလိုက်သံ မိုက်ခွက်ကို တတောက်တောက်ခေါက်သံ ဟယ်လို တက်စ်တင်
ဝမ်း တူး သရီး.. ‘ဟေးးးးသမီးတို့ပြည်ထောင်စုပွဲ’ မျက်ရည်များ တစုံတရာတွန်းအားမပါပဲ လိမ့်စီးကျလာ
ကြက်လျှာစွန်းက ကွေ့ပတ်ပြီး ဆုတောင်းပြည့်ဘုရားဆီ လူတယောက်ရဲ့အဓိပ္ပါယ် တကယ်ပဲထူထဲခဲ့ပြီလား
ပြက္ခဒိန်တွေ အလိုလိုပြောင်းသွားကြ နောင်တ ရမိတဲ့နေ့တွေကို အနီရောင်ကြက်ခြေခတ်နဲ့မှတ်သားထား
ခဲ့တယ် (ရဲပတောင်းခတ်လို့) ထောင့်ကွေးတခုမှာ ခြေတွေလက်တွေအားလုံးကွေးကျစ်ပြီး ဂျင်းဘောင်းဘီ
အနွမ်းရယ် ရာတန်ညစ်ညစ်တရွက်ရယ် စက်လှေအင်ဂျင်သံ တဂျုံးဂျုံး ပြန်လည်ပြောပြဖို့ ပုံပြင်တွေအထပ်
လိုက်နဲ့ အစွယ်ပေါက်မလာမချင်း ပျင်းရတယ်ကိုမရှိဘူး နောက် ဆယ်နှစ် အနှစ်နှစ်ဆယ် ကြော်ငြာတွေချည့် 
မင်း လာတို့စ်လုပ်တဲ့ ဖန်ခွက်ထဲမှာ ရှန်ပိန်လား မာတီနီလား ငါ့ဖန်ခွက်ထဲမှာ ကဗျာ ငါးပိဖုတ်နံ့သင်းလာပြီဆို လျှာရည်ယိုလာသလိုပဲ ကိုယ်ဟာနေ့တွေကို အငမ်းမရလိုက်စုပ်ယူနေမိတယ် ကြွေးကြော်သံများကို စွန့်လွှတ် 
(စွန့်လွှတ်) ခဲ့ပါသည် ရှပ်အင်္ကျီအဝါကို စွန့်လွှတ်ခဲ့ပါသည် စွန့်လွှတ်တာ မဟုတ်ဘူးလေ အဲ စွန်လွှတ်တာ စွန်လွှတ်တာ ပန်းတွေနဲ့ဝေ ဇာတ်ကားထဲကကိုအောင်ပြည့် သရုပ်ဆောင်ကွက် အထီးကျန်နေရခြင်းမှာ
သူ(မာရီနာ) နေချင်၍ နေရသော နေထိုင်နည်းမဟုတ်ပါ ကျိန်စာတခုသာဖြစ်ပါသည်။ ။

ခင်အောင်အေး
၁၀၊ မတ်၊ ၂၀၁၁ ဘန်ကောက် ၁၀း၃၅ နာရီ
inspired by ilya ehrenberg’s memoirs
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts