ခြောက်သွေ့သွားတဲ့ ခံစားချက်


တစ်ခုလောက် တော့ကိုယ့်ကိုပြောခွင့်ပြုပါ

ကိုယ်မင်းကို ပြောခဲ့ဖူးရင် ပြောခဲ့ဖူးမယ်
ကိုယ်ဟာ ဆာလောင်မွတ်သိပ် နေသူတစ်ယောက်ပါလို့

ဒါမှ မဟုတ် အချစ် နန်းတော် ကြီးထဲမှာ
ဘုရင် မင်းတရားကြီး လုပ်ချင်နေသူပါ လို့

ဒါပေမယ့် မင်းပေးခဲ့ တာတွေက
ဟင်းချိုမပါ အတို့အမြုတ် မပါ တဲ့
ထမင်းဝိုင်း တစ်ခုလို ခြောက်ကပ်လို့

ကိုယ်သိမ်းပိုက် ခဲ့မိတဲ့ နန်းတော်ကြီးကလဲ
မေတ္တာ စမ်းချောင်းတွေ ခြောက်ခမ်း နေတဲ့
ကန္တာရ အလည်က မိုးခေါင်ရေရှား ရပ်ဝန်းမှာ
တည်နေတဲ့ နန်းတော်ကြီးတစ်ခု ဖြစ်လို့ပေါ့

ဒီတော့ ကိုယ်ပြောချင်တာ က
ကိုယ် ဆာလောင်မွတ်သိပ် မှုတွေကို
သိနိုင်တဲ့ ခံစားချက်တွေ မရှိတော့တဲ့ အတွက်
မင်းရဲ့ ခြောက်သွေ့နေတဲ့ ထမင်းဝိုင်းကို
မစား နိုင်တော့တာ ခွင့်လွှတ်ပါ

ခြောက်သွေ့နေတဲ့ နန်းတော်ကြီးထဲမှာ
ဆက်ပြီး ပူလောင်မှုတွေ နဲ့နန်းသက် မရှည်ပါရစေနဲ့တော့
ကိုယ့်ရဲ့ ခံစားချက်တွေ အားလုံးသေဆုံးခဲ့ ပြီးပါပြီ..


Read more


နှစ်သစ်ကူးနည်း

၂၀၀၉ ခုနှစ် နှစ်သစ်ကြီးသို့ ရောက်တော့မည် ဒီတော့လဲ ဘာရယ် ညာရယ် မဟုတ် ဂျီတော့ ထဲက မက်ဆေ့ဂျ် မှာ ၂၀၀၉ ခုနှစ် နှစ်သစ်ကြီးမှာ ဘော်ဘော်တွေ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ လို့ ဆုတောင်းစာလေး ရိုက်ပြီး တင်ထားလိုက်တယ် ခဏပါပဲ မကြာပါဘူး ညီငယ် တစ်ယောက်က အားကျ မခံ ၂၀၀၉ ခုနှစ် နှစ်သစ်ကြီးမှာ ဘော်ဘော် တွေအားလုံး နှစ်တောင့်ထိုး ဓါတ်မီးလို လင်းနိုင် ကြပါစေဆိုပြီး မက်ဆေ့ဂျ် ပြန်ရေးလာတယ် ဟက် ဟက်..။

ဒါနဲ့ပဲ နှစ်သစ်နဲ့ ဘော်ဘော်တွေ ဘော်ဘော်တွေ နဲ့ နှစ်သစ် လုံးလည်ချာလပတ်ရမ်း တဲ့ အတွေးတွေ နောက်မှာတော့ ကျွန်တော့ ဘော်ဘော် တစ်ယောက်ရဲ့ နှစ်သစ်ကူးနည်း လေး ကို သွားပြန်သတိရ သွားတယ်ဗျ..။

သူ့နှစ်သစ်ကူးနည်းက ဘလော့ဂ်ဂါ ကိုကို ညီညီ တွေ ကတော့ သဘောကျနိုင်လောက်ပေမယ့် ဘလော့ဂ်ဂါ မမ နဲ့ ညီမငယ် တွေကတော့ နှစ်သစ်ကူးည မှာ လူစုလူဝေး ရှိတဲ့ နေရာသွားရင် အတော်လေး သတိကြီးစွာနဲ့ လူကြောက်တဲ့ ရောဂါ စွဲကပ်သွားနိုင်လောက်တဲ့ နှစ်သစ်ကူးနည်းပါ.....။

ကဲ... အားလုံး စိတ်ဝင်စားသွား ကြပြီထင်ရဲ့ ဟဲ...ဟဲ

ဒီလိုဗျ............

ကြယ်ဇင်သော် တစ်ယောက် အထူးစိတ်လှုပ်ရှားနေမိတယ် ဘာကြောင့်လဲ ဆိုတော့ သူ စိတ်ကူးယဉ် ခဲ့ဖူးတဲ့ နှစ်သစ်ကူး ကိုဆင်နွဲနိုင်ဖို့ သူ့ကို လောကကြီး က အခွင့်အရေး ပေးလာလို့ပဲ...။

သူ လဲ လူငယ်ပီပီ နှစ်တစ်နှစ်ရဲ့ နောက်ဆုံး ရက်ဖြစ်တဲ့ ဒီဇင်ဘာ၃၁ ရက် ဆောင်းညတိုင်းလိုလို မှာ တစ်ညလုံး သူငယ်ချင်းတွေ နဲ့စုဝေးပြီး နှစ်ကူးခဲ့ဖူးပေါင်း များပါပြီ ဒါပေမယ့် သူ့ရဲ့စိတ်ကူးယဉ် နှစ်သစ်ကူးအိပ်မက် တစ်ခု ရှိတယ် အဲဒါ ကို နှစ်ပေါင်းများစွာ စောင့်ဆိုင်းလာခဲ့တာ ဒီတစ်ခါတော့ ပြည့်လုပြည့်ခင် လေးဖြစ်နေပြီလေ...။

သူ အခုရောက်ရှိနေတဲ့ နေရာက နယူးယောက်မြို့ရဲ့ မြို့လည်ခေါင်မှာ ရှိတဲ့ သဘာဝဥယျာဉ်ကြီး ထဲက နှစ်သစ်ကူး ပွဲကျင်းပမယ့် နေရာမှာပေါ့ အရင်နှစ်တွေက မြန်မာပြည် မှာနဲ့ သငေ်္ဘာပေါ် ရောက်နေစဉ်က သငေ်္ဘာပေါ်တွေ မှာသာ နှစ်ကူးပွဲတွေ ကျင်းပခဲ့ ရရာက ဒီနှစ်တော့ ကြုံတောင့် ကြုံခဲ နယူးယောက်မှာ သငေ်္ဘာကမ်းလာကပ်ပြီး ကမ်းဆင်းခွင့် ရခဲ့တာကြောင့် ဒီ ဥယျာဉ် ကြီးထဲမှာ သူ့အိပ်မက် ကို အကောင်အထည် ဖော်ဖို့ အဖော်တစ်သင်းနဲ့ ချီတက်လာခဲ့ခြင်း ဖြစ်ပါတယ်..။

သူတို့ ရောက်တော့ လူတွေကလဲ များမှများ နှစ်ကူးဖို့ အချိန်ကလဲ အတော်လေး နီးကပ်နေပါပြီ ဒါနဲ့ သူလဲ ကမန်းကတမ်း သူ့ရဲ့ ပစ်မှတ် ကို ရှာဖွေလိုက်တော့ မိန်းကလေး တစ်အုပ်စု ထဲက တော်တော်လေး ချောတဲ့ ကောင်မလေး တစ်ယောက်ကို သွားတွေ့ပါတယ်..။

သူလဲ အဲဒီအုပ်စု နား အသာကပ် သွားပြီး ကောင်မလေး ကို ပြုံးပြရင်းနဲ့ ဟယ်လို လို့နုတ်ဆက် လိုက်ပါတယ်..
ကောင်မလေးကလဲ ပြန်ပြုံးပြ ပြီး ဟယ်လို လို့ပြန်နုတ်ဆက် သဗျ..
ဒါနဲ့ ကြယ်ဇင်သော်လဲ ပီတိတွေ ဖြစ်ပြီး ပြုံးပြုံးကြီးနဲ့ ရှေ့ရေးကို တွေးပြီး ကျေနပ်စွာ မိန့်မိန့်ကြီး ပြုံးလို့ပေါ့..။

စတိတ်ရှိုးစင် ကြီးရဲ့ နဖူးစည်းပေါ် မှာ တင်ထားတဲ့ ဒစ်ဂျစ်တယ် နာရီကြီးကလဲ နှစ်ကူးမယ့် အချိန်ကို တဖြည်းဖြည်းချင်း ရေတွက်လို့ပေါ့ ကြယ်ဇင်သော်လဲ ကောင်မလေးနား နီးသထက် နီးအောင် တိုးတိုးပြီး ကပ်သွားလိုက်ပါတယ်..။

အဲဒီလို နဲ့ ဒစ်ဂျစ်တယ် ဂဏန်းတွေ 00:00 ဆိုပြီးတော့ ပြလိုက်တဲ့ အချိန်မှာပဲ လူတွေ အားလုံး ဟက်ပီနယူးရီးယား လို့အော်သူတွေကအော် မီးရှုးမီးပန်းတွေ ဖောက်တဲ့လူကဖောက် ချစ်သူတွေလဲ တစ်ဦးကို တစ်ဦး နှစ်သစ် အနမ်းလက်ဆောင် တွေ ပေးနေကြတဲ့ အချိန်မှာပဲ ကျွန်တော်တို့ ဇာတ်လိုက်ကျော် ကြယ်ဇင်သွေး ကလဲ သူ့ အိပ်မက် ထဲက နှစ်သစ်ကူး ကို လက်တွေ့ အကောင် အထည် ဖော်လိုက်ပါတယ်..။

အနားမှာ ကပ်နေပြီ ဖြစ်တဲ့ ကောင်မလေးကို ကြယ်ဇင်သော် တစ်ယောက် မိမိ ချစ်သူ ပမာ သဘောထား ပြီး ကောင်မလေး ရဲ့ နုတ်ခမ်း အစုံကို မိမိ ရရကြီးကို နမ်းစုတ် လိုက်ပါတယ်..။

ကောင်မလေး လဲ အံသြတစ်ကြီးနဲ့ အကြောင်သား ငေးကြည့်လို့ ရုန်းထွက်ဖို့ သတိမရ ဖြစ်သွားဟန်တူရဲ့
ကြယ်ဇင်သော်နဲ့ လိုက်လာတဲ့ တစ်အုပ်စုလုံးလဲ အားလုံး မျက်လုံး အပြူးသား ငေးကြည့်လို့....
အဲဒီ ထဲမှာ ဘာမှ မဖြစ်သလို နဲ့ ခပ်တည်တည် သူမဟုတ်သလို ပြန်ပြီး စတိတ်ရှိုးကို စိတ်ဝင်စားသလို ပြန်ကြည့်နေတာကတော့ ကြယ်ဇင်သော်ပါ...။

ဒါပေမယ့် ဘာမှမဖြစ်သလိုနေလို့ ကတော့ မရတော့ပါ..

ကောင်မလေး ကအခုမှ သတိပြန်ဝင်လာပြီး ဘလာ .. ဘလာ... တွေ လာတော့တာပေါ့..
ကောင်မလေး သူငယ်ချင်းတွေလဲ ဝင်ပါလာပြီ ဘေးပါတ်ဝန်းကျင်တွေကလဲ စူးစမ်းတဲ့ မျက်ဝန်းအကြည့်တွေနဲ့ ဝိုင်းကြည့်လို့ပေါ့...။

ခဏနေတော့ ပွဲလုံခြုံရေး တွေ ရောက်လာပြီး ကောင်မလေး တွေပြောတာတွေ နားထောင်ပြီး ကြယ်ဇင်သော် ကို ပွဲလုံခြုံရေး စခန်းကို ဆွဲခေါ် သွားပါတော့တယ်...

လုံခြုံရေး စခန်း ကိုသွားရာလမ်းတစ်လျှောက် မှာ ကြယ်ဇင်သော် ဒီလို စိတ်ကူးယဉ်နှစ်သစ်ကူး မိအောင် လှုံ့ဆော် ခဲ့တဲ့ သူတို့လမ်းထဲက နိုင်ငံခြားပြန် အောင်ဝေဖြိုး ရဲ့ စကားသံ တွေကိုသာ ကြယ်ဇင်သော့် နားထဲ ကြားယောင်မိနေလေရဲ့...။

"ဟေ့ ကြယ်ဇင်သော် ရေ မင်းလေ နိုင်ငံခြားများ ရောက်လို့ နှစ်သစ်ကူးပွဲ နဲ့များတိုးရင်လေ မင်းတော့ ပွပြီလို့သာ အောက်မေ့လိုက် ကိုယ့်လူရေ"..။

"ငါရောက်ခဲ့တုန်းကလေ နှစ်သစ်ကူးပွဲနဲ့ တော့ကြုံပါရဲ့ ကံများ မကောင်းချင်တော့ နှစ်ကူးခါနီး အပေါ့သွားချင်တာနဲ့ ခဏလေး သန့်စင်ခန်း ဝင်လိုက်တာ ပြန်ထွက်လာတော့ နှစ်သစ်ကူး နေပြီကွ အဲဒီမှာကွာ ငါလဲ အတော်လေး ရင်ထုမနာ ဖြစ်သွားရတယ် ကိုယ့်လူရေ ..
ကောင်လေး တွေကကွာ ဘေးမှာ ရှိတဲ့ ကောင်မလေး တွေကိုလေ နုတ်ခမ်းချင်း တေ့ပြီး နမ်းလိုက်တာများ အကုန်လုံး လိုလိုပါပဲကွာ ငါတော့ ဘေးမှာ ဘယ်သူမှ မရှိလို့ မနမ်းလိုက် ရဘူးကွ ..

ဒီတော့ နိုင်ငံခြားများ ရောက်လို့ နှစ်သစ်ကူး နဲ့ကြုံရင် ငါ့လို အခွင့်အရေး လက်မလွတ်စေနဲ့"...............။

ဆိုတဲ့ စကားများကို နားထဲ ကြားယောင် ရင်း ကြယ်ဇင်သော် တစ်ယောက် !!!!!

ကဲ ဘလော့ဂ်ဂါ ကိုကို ညီညီ တို့ ကြယ်ဇင်သော့် လိုတော့ ယောင်ပြီး အဲလို နှစ်သစ်ကူးမယ် မကြံကြနဲ့နော် ဟဲ ဟဲ ဘလော့ဂ်ဂါ မမ ညီမ တို့လဲ နှစ်သစ်ကူး ပွဲသွားရင် ကိုယ့်နား တစ်စိမ်း ကပ်လာရင် ကြယ်ဇင်သော့်လို နှစ်ကူးမယ့် လူဖြစ်နေအုံးမယ် သတိထားကြ ဟက် ဟက်...။

အားလုံးသော လာရောက်လည်ပတ်သူ အပေါင်း ၂၀၀၉ ခုနှစ် နှစ်သစ်ကြီးမှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းများ နဲ့ပြည့်ဝ ကြပါစေလို့ ဆုတောင်း မေတ္တာပို့သအပ်ပါတယ် ဗျာ..။


Read more


myanmar genius forum

ဒီနေ့ အလုပ်က ပြန်အရောက် မေးလ်ဖွင့် ကြည့်လိုက်တော့ မေတ္တာရပ်ခံပန်ကြားချက် ဆိုတာတွေ့လိုက်ရတော့ အကြွေးရှင်များ အကြွေး တောင်းခံလွှာ ပို့လားလို့ လန့်သွားတာပဲ mrgreen

နောက်မှ ညီတော်မောင် ဘလက်ဒရင်း က သူ ကြိုးစားတည်ထောင် ထားတဲ့ ဖိုရမ်လေး ကို ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ နှစ်သစ် နဲ့ အတူ ဖိုရမ် လေးကို ဖွင့်လှစ်မှာ မို့လို့ အကြောင်းကြားတဲ့ စာဖြစ်နေတော့ မှ ဟင်းကနဲ သက်ပြင်းချလိုက် နိုင်ပါတော့တယ်..။

ဒီတော့ သူကြိုးပမ်း တည်ထောင်ထားတဲ့ ဖိုရမ် လေးကို လေ့လာနိုင်အောင် ကြော်ငြာပေး ပါရစေ သူ ဒီဖိုရမ်လေး ကို ဖြစ်လာချင်လွန်းလို့ သူ့ဘဝ ရဲ့ အကျပ်တည်း ဆုံးလို့ ခေါ်လို့ ရနိုင်တဲ့ အချိန်မှာတောင် ပြဿနာတွေ အားလုံး ကို ခေါင်းထဲက ထုတ်ထားပြီး နေ့မအိပ် ည မအိပ် အကောင်းဆုံး အစုံလင်ဆုံး ဖြစ်အောင် သူကြိုးပမ်းခဲ့ တာပါ ဒီတော့ သူဘယ်လို အားထုတ် ကြိုးပမ်း ထားသလဲ ဆိုတာ သွားရောက် လေ့လာ ကြစေချင်ပါတယ် ခင်ဗျာ..။

သွားချင်ရင်တော့ လွယ်ပါတယ် အောက်က ပုံလေးကို ပဲ ဖြစ်ဖြစ် ကျွန်တော့် ဘလော့ဂ်ညာဖက် ဆိုဒ်ဘားက ပုံလေးကိုပဲ ဖြစ်ဖြစ် နှိပ်လိုက်ပါ သင့်ကို
myanmargenius forum ကလှိုက်လှဲစွာ ကြိုဆိုနေမှာပါ..။

အောက်က အကြောင်းကြားစာလေးက တော့ ညီတော်မောင် ရဲ့ မူရင်း အကြောင်းကြားစာလေးပါဗျာ ကဲ ဖတ်ပြီးရင်တော့ သွားဖြစ်အောင် သွားလိုက်နော်...။






စက္ကန့် နှင့်အမျှပြောင်းလဲနေတဲ့ ကျွန်တော်တို့ ရဲ့ ၂၁ ရာစုခေတ်ထဲမှာ အသိပညာ၊ အတတ်ပညာ များဟာ အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲလို့ လာနေပြီ ဖြစ်ပါတယ်...။ ဒီလိုတိုးတက်ပြောင်းလဲနေ တဲ့ နည်းပညာများ၊ အသိပညာများကို မျက်ခြေမပြတ်လိုက်နိုင်ဖို့ ဆိုရင်တော့ ကျွန်တော်တို့ ရဲ့ မျက်စိတွေ၊ နားတွေကို အစွမ်းကုန် ဖွင့်ထားဖို့လိုပါလိမ့်မယ်...။

ထို့ကြောင့် ကျွန်တော်တို့ သိထား၊ တတ်ထားသည်များကို ဝေမျှရန်၊ မသိသေးတာတွေကို မေးမြန်း၊ တိုင်ပင်ကြနိုင်စေရန်အတွက် ကျွန်တော်တို့ ရဲ့ Myanmar Genius Forum ကိုတည်ထောင်လိုက်ခြင်းရခြင်း ဖြစ်ပါတယ်...။ အားလုံးပူးပေါင်းပါဝင်လက်တွဲပြီး ကျွန်တော်တို့ ချစ်သောနိုင်ငံနှင့် အနာဂတ်အတွက် မိမိကျရာအခန်းအခန်းကဏ္ဍမှ ပါဝင်ကြိုးစားရင်း မိမိတို့ရဲ့ တိမ်မြုပ်နေသော အရည်အချင်းများကို ထုတ်ဖော်ပြသကြဖို့ ကျွန်တော်တို့ရဲ့ Myanmar Genius ဝိုင်းတော်သားများမှ လေးစားစွာ ဖိတ်ခေါ်၊ ကြိုဆိုပါကြောင်း အသိပေး အပ်ပါသည်။

ကျွန်တော်တို့ ရဲ့ Forum မှာ Member များအဖြစ် ပါဝင်လက်တွဲကြမယ့် Genius များအတွက် အောက်ပါအစီအစဉ်များကိုလည်း ပြုလုပ်ထားပါတယ်...။

Novice Member (0 Post to 50) - Download Role

Beginner Member (50 Posts to 100 Posts) - Wordpress with subdomain (yourdomain.myanmargenius.com)

Permanent Member (100 Posts to 500 Posts) - Wordpress+Subdomain+ FTP account with Database

VIP Member & Special Member - (Wordpress, Joomla, Phpbb3, Icyphoenix, Vbulletin) + Subdomain + FTP account with Database

စသောအစီအစဉ်များနှင့် အခြားသော အစီအစဉ်ပေါင်းများစွာကို အခမဲ့ အသုံးပြုခွင့် ပေးသွားမှာ ဖြစ်ပါတယ်။



Read more


ခရစ်စမတ်အတွက်ပြင်ဆင်ခြင်း.။

ကျွန်တော် အလုပ်က နှစ်ပတ် နားစဉ်ကတော့ ဘလော့ဂ်တွေ လည်ဖြစ်ခဲ့ပါတယ်..။
အခုတော့ အလုပ်ပြန်ဝင်နေပြီ ဆိုတော့ ဘလော့ဂ်လဲ မလည်နိုင် ပိုစ့်လဲ မတင်နိုင် ဖြစ်နေပါတယ်..

လောလောဆယ်တော့ ကျွန်တော် တို့ ဆိုင်မှာ ခရစ်စမတ် အတွက် အလှဆင် နေတာ လေးတွေကိုပဲ ဓါတ်ပုံ လေးတွေက တစ်ဆင့် ခံစားသွား ကြပါအုံး ခင်ဗျာ...။

ခရစ်စမတ်သစ်ပင်ကြီးတော့ရောက်လာပြီ.။



ဒီနေရာမှာထားမယ်..။



ထောင်ဖို့အတွက်ဒီလိုတိုင်စိုက်



ပြီးတော့ဝိုင်းပြီးအပင်စိုက်လိုက်ကြပြီ..။



လှေခါးနဲ့တက်ပြီးမီးလုံးတွေဆင်နေတာပါ..။



ကျန်တဲ့သူတွေလဲပြင်ကြဆင်ကြပေါ့..။



အားလုံးပြီးသွားတော့ညဦးပိုင်းမီးစထွန်းပြီ..။



စန်တာကလော့ကြီးလဲ သူ့စီးတော်ယာဉ်ကြီးနဲ့..။



အဝေးကမြင်ကွင်း..။



နှင်းတွေကလဲကျလို့ပေါ့


နှင်းကြားထဲကခရစ်စမတ်သစ်ပင်ကြီး



Read more


ဒီကစောင့်နေသူ

ဒီနေ့ ရုံးကို လူသစ် တစ်ယောက် အလုပ် စဆင်းတယ်...

သူက သစ်သမှ သိပ်သစ် တစ်ခါဘူးမှ ရုံးတွေ မှာ မလုပ်ဖူး သေးဘူး...

ဒီတော့ မန်နေဂျာ က လူသစ် လေးကို ကူညီဖို့ တစ်ရုံး လုံး ကို မှာထားလေရဲ့....

နေ့လည် ချိန်လောက် မှာ ရုံးက စာရွက် တွေ ဖျက်ဆီး တဲ့ စက်ဘေး မှာ လူသစ် ကလေး ကို စာရွက် တွေ ကိုင်ပြီး အလုပ် ရှုပ်နေတာကို တွေ့လိုက်ရတယ် စက်ကို ဟိုကြည့် လိုက် ဒီကြည့်လိုက် နဲ့ပေါ့ အတော် လေး အကြံအိုက် နေပုံပဲ ဒါနဲ့ပဲ........

ကျွန်ုပ်၊ ၊ညီလေး အကူအညီလိုလား မသိဘူး ဘာအခက် အခဲ ရှိလို့လဲ?

လူသစ်၊ ၊ဒီစက် ကို ဘယ်လို အသုံးပြုရမှာလဲ ဟင်?
ကျွန်တော် ဖွင့်တာ ဖွင့်လို့ မရဘူး ဖြစ်နေလို့၊

ကျွန်ုပ်၊ ၊အော် ဒါလား လွယ်ပါတယ် ဟောဒီမှာ ပလပ်ပေါက် ကို ထိုးလိုက် ပြီးရင် ဒီခလုပ်ကို ဖွင့်လိုက် နောက်တော့ ဒီအပေါက်လေးထဲကို စာရွက်တွေ ထည့်လိုက် ။

လူသစ်၊ ၊ဟုတ်ကဲ့ ကျေးဇူးပဲ အကိုရေ အခုလို သိသွားတော့ လဲ စက်အသုံးပြုရတာ လွယ်လွယ်လေးပဲ....

၁၅ မိနစ်ခန့်ကြာသော်........၊

လူသစ်လေး တစ်ယောက် စက်အနီး တွင် လှည့်ပတ်ကြည့်နေဆဲ......

ကျွန်ုပ်၊ ၊ အဆင် မပြေဘူးလား? စက် က အလုပ်မလုပ် ဘူးလား ဘာအခက်အခဲ တွေ့နေလဲ?

လူသစ်၊ ၊ စက်ကအလုပ်လုပ် ပါတယ် ခင်ဗျ၊
ဒါပေမယ့် ကျွန်တော် မိတ္တူကူး လိုက်တဲ့ စာရွက်တွေ ဘယ်က ထွက်လာမှာလဲ မသိလို့ အပေါက်လိုက်
ရှာနေတာပါ ခင်ဗျာ...။

{ကျွန်တော် ဖတ်ခဲ့ ဖူးတဲ့ သတင်းစာထဲက ဟာသ လေးတစ်ပုဒ်ပါ...။}
Read more


အေး ဓါးပြ

ရှေးလူကြီး တွေ ပြောစကား ကြားဖူးပါတယ် အေး ဓါးပြ တဲ့ ...။
အေး ဓါးပြ ဆိုတာ အေးကွာ မင်းရဲ့ဓါးငါ့ကို ပြပါ လို့ပြောတာ မဟုတ်ပါဘူး..။
လက်နက် မပါ အကြမ်း မဖက်ပဲ သူများ ရဲ့ ဥစ္စာ ပစ္စည်း တွေ ကိုလုယူတဲ့ သူတွေကို အေးဓါးပြ လို့ခေါ်တာပါ...
ကျွန်တော် တို့ မြန်မာနိုင်ငံသူနိုင်ငံသား တွေ ကတော့ ပြောစရာ မလိုတော့ လောက်အောင်ကို အေးဓါးပြ အကြောင်း နောကျေ နေပြီးသား ဖြစ်မှာပါ ဘာလို့ဆို နိုင်ငံအတွင်း မှာက အေးဓားပြ ပေါင်း သောင်းခြောက်ထောင် ကိုးဗျ...

ဗျာ~~ မဟုတ်ဘူး ?? သူတို့က သူတောင်းစားတွေ ဟုတ်စ....
နိုး,နိုး,နိုး..... သူတောင်းစား ဆိုတာ တောင်းတယ် မရရင်လဲ အန္တရာယ် မပြုဘူးဗျ...
သူတို့ကတော့ ကောင်းကောင်း မိတ်ဆွေ တို့ကို အနှောင့်အယှက် ပေးနိုင်တယ် ဗျ....

ကဲ ထားပါတော့ဗျာ ကျွန်တော် ကြုံဖူးတဲ့ ရွှေနိုင်ငံ ရဲ့ ပြင်ပက တစ်ခြားနိုင်ငံ တစ်ခုက အေးဓါးပြ တွေ အကြောင်း ပြောပြ ပါရစေ ဘယ်သူသာလို့ လုပါတော့ နိုင်ဆို တာကတော့ စာဖတ်သူ အပေါင်း တို့ ကိုယ့်ဖာသာ ကိုယ်သာ စဉ်းစား ချင့်ချိန် ကြည့်ကြပါတော့ဗျာ..။

သငေ်္ဘာ လိုက်တဲ့ တစ်လျှောက် ပေါ့ဗျာ တစ်ခြား ကျွန်တော် ရောက်ဖူး သမျှ နိုင်ငံ တွေ အတော် များများ မှာ ဘယ်နိုင်ငံ မဆို ကာစတန် ဆိုတာ ရှိကြတာပဲ ဒါပေမယ့် တစ်ချို့ နိုင်ငံတွေ မှာ ကာစတန် တွေ လဝက တွေ သငေ်္ဘာ ပေါ် မလာလို့ မြင်တောင် မမြင် ဖူးဘူးဗျ ဥပမာ စင်္ကာပူ ပေါ့ဗျာ.....။

အဲ အိန္ဒိယ ကတော့ နိုင်ငံချင်း နီး သမိုင်းကြောင်းပဲ ဆက်စပ် နေလို့လား မသိဘူး ကိုရွှေနိုင်ငံ ကြီးက ဓါးပြ ဂိုဏ်းတွေ နဲ့ အတော်တူ သဗျ....

သူတို့ရဲ့ လုပုံ ယက်ပုံ အေးဓါးပြ တိုက်ပုံ လေးတွေ က ဒီလိုခင်ဗျ...

သငေ်္ဘာ ကမ်းကပ် ပြီး နာရီဝက် လောက် ဆိုရင် ဒီကောင်တွေ ဟိုက်အေ့စ် လိုကားမျိုး ကြီးနဲ့ အဖွဲ့လိုက် ချီတက်လာကြပါပြီ..။

ပြီးရင်တော့ အိပ်ကြီးအိပ်ငယ် တွေနဲ့ပေါ့ဗျာ အပေါ်ကို တက်လာပြီး သူကြီး အခန်း ကို တန်းတက် တော့တာပါပဲ အဲဒီမှာ ညှိနှိုင်း ဆွေးနွေးပွဲတွေ လုပ်ကြပေါ့ ဗျာ ဂျော်နီ လမ်းလျှောက် ဘယ်နှစ်လုံး မာလ်ဘိုရို ဘယ်နှစ်တောင့် ဟန်နီကမ် ဘယ်နှစ်ကေ့စ် ဆိုပြီး ဈေးခေါ်တော့ တာပဲဗျာ အဲဒီလို ဆိုလို့ ကျွန်တော် တို့ သငေ်္ဘာမှာ ဘာမဟုတ်တာတွေ လုပ်ထားလဲ ဆိုပြီး မထင်နဲ့နော် ဘာမှ မလုပ်ဘူး အဲ မလုပ်ရင် မပေးနဲ့ပေါ့ လို့ ပြောချင်ရင်တော့ မရလို့ပေါ့ဗျာ သိရဲ့သားနဲ့.......။

အဲ ဒီကောင်တွေ လိုတာ ရသွားပြီ ဆိုရင် တော့ အေးအေး ဆေးဆေး ပါပဲ စားသောက်ခန်း ထဲမှာ ဆင်းရဲသားကား ဖွင့်ခိုင်းပြီး စားချင်တာ တွေ မှာစား ဘီယာ အရက် တွေသောက်(သူတို့တောင်းထားတဲ့ ဟာက ပါဆယ်ပါ ဒီမှာသောက်တာက သပ်သပ် ထပ်ပြီး တိုက်ရတာပါ)ပြီးဇိမ်ခံ ကြတော့တာပါပဲ..။

အဲဒီလို သူတို့ ရှိနေရင် သငေ်္ဘာသားတွေ ဘယ်သူမှ စားသောက်ခန်းထဲ မသွားချင်ပါဘူး တစ်နေ့တော့ ကျွန်တော်လဲ ဂျူတီပြီး တော့ ဗိုက်ကအရမ်းဆာ နေတော့ မသွားမဖြစ် စားသောက်ခန်းထဲ သွားရပါတော့တယ်...

အဲဒီမှာ တွေ့ပါပြီ ကျွန်တော် လဲ စားသောက်ခန်းထဲ ဝင်လိုက်ရော သူတို့ထဲ ကတစ်ကောင်က Chief Cook ကိုချာလီ ကို ရစ်နေပါတယ် ကျွန်တော့် ကိုမြင်တော့လဲ စကားတွေလိုက်ပြောရင်း လူကို ခြေဆုံးခေါင်းဆုံး အပြန်ပြန်အလှန်လှန် ကြည့်နေတာပေါ့ဗျာ နောက်တော့ ဘာလုပ်တယ် အောက်မေ့လဲ ကျွန်တော့ အကျႌအိပ်ထဲ မပြောမဆို လှမ်းနှိုက်တယ်ဗျ အဲဒီမှာဗျာ အိပ်ထဲမှာက ဘာမှ တန်ဖိုးမရှိတဲ့ ဂက်စ် မီးခြစ်လေး ရှိနေတာ ပါသွားပါလေရော ပြီးတော့ ဘာပြောတယ် အောက်မေ့လဲ ငါ့ မီးခြစ် ဂက်စ် မရှိတော့လို့ ဒါလေး ပေးလိုက်ပါတဲ့လေ အတော်လေး သနားစရာကောင်းတဲ့ ကောင်ဗျာ အဲဒါနဲ့ ယူကွာ လို့ပြောလိုက်တာပေါ့ ....

ဒါက တစ်ခါ နောက်တစ်ခါကတော့ ဒီလို ခရစ်စမတ်နား နီးတဲ့ အချိန်ပဲဗျ ကျွန်တော် အခန်းထဲ မှာ အိပ်နေတဲ့ အချိန်ပေါ့ အခန်းထဲကို ဝုန်းဝုန်း ဒိုင်းဒိုင်း နဲ့ဝင်လာကြတယ် စက္ကန်းမိတ် (ဒုတိယ အရာရှိပေ့ါ )လဲ ပါတယ်ဗျ အခန်းကတော့ သော့ခတ်ထားတာပေါ့ဗျာ ဒါပေမယ့် သူကြီးဆီမှာက အခန်းတိုင်းရဲ့ သော့အပိုတွေ ရှိတယ်လေ အဲဒီနေ့က သူကြီးက ဘယ်လိုပေးပေး သူတို့က စစ်မယ် ဆိုပြီး အခန်းပေါက်စေ့ လိုက်ဖွင့်တာဗျ...။

အဲဒီလိုနဲ့ ကျွန်တော်လဲ အိပ်ချင်မူးတူးနဲ့Declare စာရွက် (နိုင်ငံတစ်နိုင်ငံကို ဝင်ရင် ကိုယ့်မှာ ဘာပစ္စည်း တွေ ရှိတယ် ဆိုတာ ကြော်ငြာတဲ့ ဖောင်) ကို ပြပါတယ် ..သူတို့ကလဲ စာရွက်ထဲက စာရင်းနဲ့ကျွန်တော့ အခန်းထဲက ပစ္စည်း တွေနဲ့တိုက်ကြည့် နေပါတယ် အဲဒီမှာ ပြဿနာ တက်နေတာက ဗွီစီဒီ အခွေ တွေပါ သူတို့က မင်းအခွေ တွေ အရမ်းများတယ် ဆိုပြီး ထပ်တလဲလဲ ပြောနေပါတယ်......

ကျွန်တော် ကလဲ..

"ဟ မင်းတို့မှာ အခွေ ဘယ်လောက်ပဲ ရှိရမယ် လို့သတ်မှတ်ချက်မှ မရှိတာ ငါ ကြော်ငြာထားရင် ပြီးတာပဲ" လို့ပြောပါတယ်..

ဒါလဲ မရပါဘူး ခေါင်းတရမ်းရမ်း နဲ့ မင်းအခွေ တွေ အရမ်း များတယ် လို့ပဲပြောနေပါတယ် ကျွန်တော်ကလဲ စင်္ကာပူ ရောက်တိုင်း Peoples park ကနေ အခွေတွေ ဝယ်လေ့ ရှိတော့ အခွေက ရာကျော် လောက် ရှိနေပါတယ် ဒီအချိန်မှာ စက္ကန်းမိတ်က စပ်ဖြီးဖြီး နဲ့....

"ညီလေး မင်းဆီမှာ ရှိတဲ့ ဘာညာခွေလေး နှစ်ခွေလောက် ဒီကောင်တွေ ကို ခရစ်စမတ်လက်ဆောင် ဆိုပြီး ပေးလိုက် ဒီကောင်တွေ ဒီည ရုံးမှာ ပါတီပွဲ လုပ်မယ် ပြောတယ် ဒါကြောင့် အဲဒီ အခွေတွေ လိုချင်လို့ လိုက်ရစ်နေတာ တစ်ခြားလူတွေဆီ ကလဲ အဲလိုပဲ ယူလာပြီးပြီ ပေးလိုက် ပေးလိုက်"

လို့ ပြောတာနဲ့ ကျွန်တော်လဲ မချစ်သော်လည်း အောင့်ကာနမ်း မနမ်းသော်လည်း ပင့်သက်ရှု ဆိုသလို မကျေနပ်ပေမယ့် အလွန်သဘောကောင်းတဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်း တွေပုံစံ မျိုးနဲ့....

"အား သူငယ်ချင်းတို့ ဒီအခွေလေး နှစ်ခွေ အတော် ကောင်းတယ် မင်းတို့ အတွက် ခရစ်စမတ် လက်ဆောင် ပေးပါရစေ"

ဆိုပြီးလဲ ပေးလိုက်ရော ကျေးဇူးတင်ပါတယ် အထပ်ထပ်ပြောပြီး ကသုတ်ကရက် ထွက်သွားကြပါလေရော(ဘာလို့လဲ ဆိုတော့ တစ်ခြားအခန်း တွေဆီကလဲ လုရအုံးမှာ မို့လို့လေ)

ဒါက ကျွန်တော် ကြုံရတာလေး တွေပါ.....

အဲ အခါ တစ်ပါးတော့ သူကြီးနဲ့ ပြဿနာ တက်ပါလေ ရော သူတို့ကလဲ ရလေ လိုလေ အိုတစ္ဆေ ဆိုတာမျိုးကိုး ဗျ တိုးတောင်းတယ် သူကြီးကလဲ အတော် ညစ်လာပြီ ကျွန်တော် တို့ သငေ်္ဘာ တစ်စီးလုံး ကလဲ သူတို့ ကိုကြောက်လွန်းလို့ အမှန်ကန်ဆုံး ဖြစ်အောင် နေတယ် ဒါကို သူကြီးကလဲ သိတော့ ငါတို့ မှန်မှန် ကန်ကန် လုပ်ထားတာ ပဲ ဆိုပြီး တိုးမပေးဘူး မကျေနပ်ရင် စစ်ကွာ ဆိုပြီး တင်းထားတယ် ....။

ပွဲကြီး ပွဲကောင်း ပေါ့ဗျာ ဒီကောင်တွေ အရင်လို စားသောက်ခန်း ထဲ ဇိမ်လေးနဲ့ ဗွီဒီယို ကြည့်လိုက် သောက်လိုက်စားလိုက် မလုပ်နိုင်တော့ပဲ လက်အိပ်ကိုယ်စီ စွပ် လို့ တစ်စီးလုံး ဗြောင်းဆန် အောင် မွှေတော့ တာပါပဲ မတွေ့ဘူး ဘာမှ မတွေ့ဘူး သူတို့လဲ ချွေးပြန်နေကြပြီ ကိုယ်တွေလဲ ခံရတာ များတော့ ကိုယ့်တာ ကိုယ်လုံအောင် လုပ်ထားပြီး သူတို့ ဒုက္ခရောက်နေတာ ကြည့်ပြီး ဝမ်းသာနေကြတယ် သူကြီးလဲ နှုတ်ခမ်းမွေး ကြီးသပ်ပြီး ပြုံးပြုံးကြီးနဲ့ပေါ့ ဒါပေမယ့် အိန္ဒိယ က ဒေသခံ အေးဂျင့် ကတော့ မျက်နှာ ကို သွေးမရှိတော့ဘူး သူက သူကြီး ကို သူတို့လိုသလောက် ပေးလိုက်ဖို့ ချည်းပဲ ပြောနေတယ် သူကြီးကလဲ မပေးဘူး ချည်းငြင်းနေတယ်...။

ဟိုကောင်တွေလဲ Declare စာရွက် တွေ ကိုင်ပြီး သငေ်္ဘာ တစ်စီးလုံး လိုက်စစ် နေတယ် တစ်စီးလုံး ဘယ်နေရာ မှ မကျန်တော့ ပါဘူး နောက်ဆုံး ဒီကောင်တွေ အုပ်စု သငေ်္ဘာ ကုန်းပတ် ပေါ်မှာ စုဝေးပြီး တိုင်ပင်နေကြပါတယ် နောက်တော့ သငေ်္ဘာ ထိန်းချုပ်ခန်း ပေါ် တက်သွားပါတယ် ပြီးတော့ Declare စာရွက်နဲ့ တိုက်ပြီး ခေါင်းဆောင်လုပ်သူက သူကြီး ကို တာဝန်ကျ အရာရှိကတစ်ဆင့် ခေါ်ခိုင်းပါတယ် တာဝန်ကျ အရာရှိလဲ လမ်းလျှောက် စကားပြောစက် ကတဆင့် သူကြီး ကို လှမ်း အကြောင်းကြားလိုက်တော့ သူကြီးလဲ ထိန်းချုပ်ခန်း ရှိရာ ကို တက်လာပါတော့တယ်..။

ဓါးပြအုပ်စုခေါင်းဆောင် အဲလေ ကာစတန် အဖွဲ့ခေါင်း ဆောင်က သူကြီး ကိုတွေ့တယ် ဆိုရင်ပဲ အောင်နိုင်သူ စစ်သူကြီး ပမာ ရင်ကော့ ခေါင်းမော့ ပြီး

"ကပ္ပတိန် မင်းတို့ Declare မှန်မှန် ကန်ကန် မပြဘူး စာရင်းထဲ မပါတဲ့ ပစ္စည်း တွေ သငေ်္ဘာ ပေါ်ရှိနေတယ် ဒါဟာ ဥပဒေ ချိုးဖောက်တာပဲ အရေးယူမှ ဖြစ်မယ် "

ဆိုပြီး ပြောပါတော့တယ် သူကြီးလဲ တော်တော်လေး ခေါင်းစားသွားတယ်

"ကဲ ဒါဆို ဘာလဲ ပြော"

လို့တစ်ခွန်းပဲ ပြောလိုက်နိုင်တော့တယ် ဒီတော့ ဟိုကောင်က ဘာပြန်ပြောလဲ ဆိုတော့....

"ဒီမှာလေ ကပ္ပတိန် မင်းတို့ သငေ်္ဘာ ပေါ်က Radar ရေဒါစက်ကြီး ဟာ Declare မပြထားဘူး ဒါကို ခုချက်ချင်း ငါတို့ ဖြုတ်သိမ်း ပြီး သငေ်္ဘာပေါ်မှ တာဝန် အရှိဆုံး ဖြစ်တဲ့ ခင်ဗျားကို ကာစတန် ဥပဒေ အရ အရေးယူမယ်"

ကပ္ပတိန် ဘာမှ မပြောပါဘူး ချက်ချင်း ရန်ကုန် အေးဂျင့် ရုံးကို ချက်ခြင်း အကြောင်းကြား ဂျပန် သငေ်္ဘာ ပိုင်ရှင်ကုပ္မဏီ ကို လဲ လှမ်း အကြောင်းကြားပြီး ဒါဟာ သငေ်္ဘာ ဆောက်ကတဲ ကပါလာတဲ့ ဟာ ကို ဒီကောင်တွေ သက်သက် အပြစ်ရှာတာ ဖိုက်မယ် ဆိုပြီး လုပ်ပါတယ် နောက်ဆုံးတော့ ဒီသငေ်္ဘာ ခရီးစဉ် ကို ငှားရမ်းထားတဲ့ အိန္ဒိယ အေးဂျင့် တွေကပဲ ကြားထဲက ဒီကောင်တွေ တောင်းတာ သူတို့ပေးပါမယ် ဆိုပြီး ကြားထဲက ဝင်ပေးလိုက်ရတဲ့ အဖြစ် ကိုရောက်ရော....။

...................တရားဥပဒေနှင့် လွတ်ကင်းအောင် နေတိုင်း မကင်းလွတ်နိုင်..................

ကျွန်တော် ပြောပါတယ် ကျွန်တော် တို့သငေ်္ဘာ ဥပဒေနဲ့မလွတ်ကင်းတာ ဘာမှ မလုပ်ပါဘူး ဒါပေမယ့် မပေးရင် မရဘူးလေ သိတယ် မဟုတ်လား ဒီ့ထက်ဆိုးတဲ့ အဖြစ်မျိုးတွေက ကျွန်တော် တို့ဆီမှာ အခု အများကြီး ဖြစ်ခဲ့ပြီးပြီ ဖြစ်လဲ ဖြစ်နေဆဲ နောက်လဲ ဖြစ်နေအုံးမယ် ဆိုတာ !!!!!!!


Read more


လက်ရာအပြောင်းအလွဲလေး

ဒီရက်ပိုင်းအတွင်း အလုပ်ပိတ်တာနဲ့ လုပ်ချင်တာ တွေ လုပ်လိုက်တာ မန်ယူဖိုရမ် လေးလဲ ပြီးသွားတယ်..ဘလော့ဂ် ကို အကျႌအသစ် လေးလဲ လဲလိုက်တယ် ပစ်ထားတာ ကြာတဲ့ ဘလော့ဂ် လေးကို ဖုန်သုတ်ရင်း တန်ဆောင်တိုင် အမှတ်တရ လေးလဲ ရေးဖြစ်သွား ပြီးတဲ့နောက်မှာ လူက အတော်လေး ကို ပေါ့ပေါ့ ပါးပါး ဖြစ်သွားတော့ အရင် တုန်းက အကြောင်းလေး တွေ တွေ့ဖူး ကြုံဖူးတဲ့ လူတွေ အကြောင်းလေး တွေက ခေါင်းထဲ ကိုပြန်ဝင်လာတယ်.....။

သူ့နာမည်က ကိုချာလီ လို့ပဲ ထားလိုက်ပါစို့ဗျာ....
သူက အစ္စလာမ် ဘာသာဝင် တစ်ယောက်ဗျ. ဒါပေမယ့် သူ့ခမျာ သငေ်္ဘာ ပေါ် မှာ ချက်ကြီး (စားဖိုမှုး) ဘဝနဲ့ အသက် မွေးရတာ ဆိုတော့ ဝက်သား လဲရှောင်လို့မရဘူးဗျ ကိုင်ရတာပဲ ချက်ရတာပဲ အဲ တစ်ခုပဲ ရှိတာကတော့ ဟင်း ကို မြည်းလို့ မရတာ တစ်ခုပဲ .....

ဒါပေမယ့် ဒါကလဲ ပြဿနာ တော့ မရှိပါဘူး မနက် ၁၀ နာရီ လ္ဘက်ရည် သောက်ချိန် စားသောက်ခန်း ထဲ ဝင်လာတဲ့ သငေ်္ဘာသား တွေကို မြည်းခိုင်း ပြီး ချက်တာပေါ့...

သငေ်္ဘာ သားတို့ သဘာဝ ကလဲ ချက်ကြီး အသစ် တစ်ယောက်များ ပြောင်းပြီ ဆိုရင် စားလို့ သောက်လို့ အလွန်ကောင်းပဲဗျ လက်ရာပြောင်းသွားတာကိုး အဲဒီ ကိုချာလီ က သငေ်္ဘာ ပေါ်မှာ တစ်နှစ်လောက် ဖြစ်လာတော့ သငေ်္ဘာ သားတွေ က ငြီးငွေ့လာ ကြပါလေရော...

ဒါနဲ့ စားလို့ သောက်လို့ မကောင်း ဖြစ်လာတော့ စားသောက်ခန်း ထဲက အမှိုက်ပုံးထဲ မှာ ထမင်းတွေ ဟင်း တွေက ပြည့်လို့ပေါ့...

သူကြီး (ကပ္ပတိန်) လဲ မဖြစ်ခြေ ဘူး ဆိုပြီး တစ်ရက် အစည်းအဝေး ခေါ်ပါလေ ရော သငေ်္ဘာ သားတွေ ရဲ့ ခံစားချက် တွေ ရင်ဖွင့်ကြပေါ့လေ စားချင်တာတွေ ပြောကြ တောင်းဆိုကြနဲ့ စည်စည် ကားကားပေါ့....

ကျွန်တော်ကတော့ ထမင်းပေါင်း စားချင်တယ် လို့ တောင်းဆိုလိုက် သဗျ ဟီး ဟီး
ချက်ကြီး ကတော့ ကျွန်တော့် ကို မျက်စောင်းကြီး လှည့်ထိုး တာပေါ့ ဗျာ ဘာလို့ဆို ထမင်းပေါင်း က အဆာပလာ များတော့ အလုပ်ရှုပ်တယ်လေ ပြောနေရင်းနဲ့ တောင် စားချင်လာပြီဗျို့....

အဲဒီလို နဲ့ ကိုစိုးမိုး ဆိုတဲ့ သငေ်္ဘာ သား ပြောဖို့ အလှည့် ရောက်လာ ပါလေရော

သူကလဲ စကားပြောတာ လောကကြီးတယ် တစ်ခါတစ်လေ သူပြောချင်တာ တစ်ခြား ပြောတာ တစ်ခြား တော်ရုံနဲ့ သဘော မပေါက်ဘူး အခုလဲ သူပြောချင်တာ ကို ပြောပြီး တောင်းဆိုပါပြီဗျာ..

"ကျွန်တော် ကတော့ တစ်ခြား စားချင်တာတွေ ဘာတွေ သိပ်ပြီး အာသီသ မရှိပါ ဘူးဗျာ ကျွန်တော် ဖြစ်စေချင်တာ ကတော့ ငါးဟင်းချက်တယ် တစ်ခါလာလဲ ဒီအရသာပဲ ဝက်သားချက်တယ် ဒီအရသာပဲ ဘာဟင်းချက်ချက် အရသာက တစ်မျိုးပဲ ဖြစ်နေတယ် ဒီတော့ လက်ရာပြောင်းချက်ပေးပါ"

အဲလိုပြောပြီး ပြန်ထိုင်လိုက်ပါတယ်...

အားလုံး စုံစုံ စိစိ တောင်းဆိုမှု တွေ ပြီးသွားတဲ့ အခါမှာတော့ ချက်ကြီး ရဲ့ ဖြေရှင်းချက်တွေ လာပါပြီ...

"ဟုတ်ကဲ့ ကပ္ပတိန် ကျွန်တော် အခု မီနူး တွေ ပြောင်းချက် ပေးပါမယ် တောင်းဆိုထား ကြတာ တွေ ကို အလှည့် ကျ ချက်ပေးသွားပါမယ် ထမင်းပေါင်း တို့လို ဟာမျိုးတွေ ကိုတော့ ဆန်းဒေး စပယ်ရှယ် မီနူးထဲ ထည့်ပြီး ချက်ပေး သွားပါမယ် နောက်ဆုံး အနေနဲ့ ပြောချင်တာကတော့ .... စိုးမိုးပြောတဲ့ ကိစ္စပါပဲ ကျွန်တော် သငေ်္ဘာ လိုက်ပြီး ချက်လာတာ နှစ်ပေါင်း သုံးဆယ် ရှိပါပြီ ဒီလိုပဲ ချက်လာတာပါပဲ သူပြောသလိုဆို ငါးဟင်းက ငါးအရသာ မထွက်လို့ ဘာထွက်ရမှာလဲ ဝက်သားကလဲ ဝက်သား အရသာပဲ ထွက်မှာပေါ့ ဒီတော့ ကျွန်တော် အခု လက်ရာပြောင်းချက်ဖို့ တောင်းဆိုတာ ကို လိုက်ရောတဲ့ အနေနဲ့....
အရင် ကျွန်တော် အမြဲ ညာဖက်လက် နဲ့ ချက်ပါတယ် ဒီနေ့ဒီအချိန် က စပြီး လက်ရာပြောင်းပြီး ဘယ်လက် နဲ့ပြောင်းချက် ပါတော့မယ ်ခင်ဗျာ"......။

အခု ကျွန်တော်လဲ တစ်ယောက် ထဲ နေနေရတော့ ကိုယ်ချက်တဲ့ ဟင်းတွေ ငြီးငွေ့ နေပြီ မစားချင်တော့ဘူး အခုတော့ အဲဒီ အကြောင်းလေး ပြန်တွေး မိတော့ နောက်နေ့ ဘယ်လက်နဲ့ ပြောင်းချက်တော့မယ် ဗျာ သင်တို့လဲ စား မကောင်းရင် လက်ရာလေး ပြောင်းချက်ဖို့ မမေ့ကြ နဲ့နော်biggrin


Read more


သူခိုးများနှင့်ကခုန်ခြင်း..။

အချိန်က ညသန်းခေါင်ကျော် နံနက်ခင်း သို့ကူးပြောင်းခါစ ၂ နာရီကျော်ကျော် ပတ်ဝန်းကျင်တစ်ခုလုံး မဲမှောင်တိတ်ဆိတ် လို့.....။

ပုံမှန်အားဖြင့် ဆိုလျှင်တော့ လျှို့ဝှက်သဲဖို ဝတ္တု တွေ ထဲမှာ ဒီလိုရေးလေ့ ရေးထ ရှိတတ်ကြသည်..

ဒါပေမယ့် အခုတင်ပြမှာက အဲဒါနဲ့ ဆန့်ကျင်ဘက် လျှို့ဝှက်သဲဖို လို့ ပြောလို့ရသလို ပေါ်တင်ကြီး အုပ်စုလိုက် တဝေးဝေး တဟားဟား နဲ့ လပြည့် ညရဲ့ အလင်းရောင် ထိန်ထိန်လင်းကြီး အောက်မှာ နံနက်လင်းအားကြီး ၂ နာရီကျော် သုံးနာရီ ဝန်းကျင်မှာ လှုပ်ရှားနေကြတဲ့ လူစုများ.......

အဲဒီထဲက အုပ်စုတစ်စု ထဲမှာ တော့ ကျွန်တော်လဲ အပါအဝင်ပေါ့.....

ဟေ့ ဒီဘက်ကိုမြန်မြန်လာ...... ရှုးတိုးတိုးဟ စွတ်ရယ်နေနဲ့ မင့်ကြီးတော် အပျိုကြီးတွေ ကြားသွားမှ ထအော်နေအုံးမယ်...။

ရာဇာ နှင့် ဇော်အောင် တို့ သူတို့သယ်ယူလာသော ဆိုင်းဘုတ်ပြား ကို ကမန်းကတန်း အိမ် ခြံဝင်း တံခါးပေါက် မှာ အောင်မြင်စွာ ချိတ်လိုက်ပြီး သကာလ ကျွန်တော်တို့ အုပ်စု တဟီး ဟီး တစ်ဟား ဟား ရယ်ရင်း မိမိ တို့ စတည်းချရာ လမ်းထိပ် သို့ ပြန်လည် ချီတက် လာခဲ့ ကြသည်......။

ကမ္ဘာ့ရာဇဝင် ထဲ မှာ ရော်ဘင်ဟု ဆိုတာ သူရဲကောင်း တစ်ယောက် သူက မတရား အမြတ်ကြီးစား ပြည်သူတွေ ကိုဖိနှိပ် ဂုတ်သွေးစုပ် နေတဲ့ မင်းစိုး၊ရာဇာ၊သူဌေး၊သူကြွယ် (နာမည်များ မဟုတ်ပါ) တွေဆီကနေ ပြန်ပြီး လုယက်လို့ ဆင်းရဲသားတွေ ကို ပြန်ဝေလေ့ ရှိသတဲ့ ...။

ကျွန်တော် တို့ မြန်မာပြည် မှာလဲ အဲလို သူရဲကောင်းတစ်ယောက် ရှိခဲ့ ဖူးပါတယ် သူကတော့ အများလဲ သိကြမှာပါ သူခိုးကြီး ငတက်ပြား ပါပဲ............။

သူက အတော်လေး စွမ်းတယ် ဆိုပဲဗျ ငှက်ပျောဖက် ပေါ်တောင် တက်အိပ်လို့ ရလောက်အောင် ကြောင်တစ်ကောင်လိုပေါ့ပါးပြီး ကျားတစ်ကောင်လို့ သန်မာတယ် လို့ ရာဇဝင်ထဲ မှာ ကျော်ကြားလေရဲ့....။

သူဘာဖြစ်လို့ အဲလို စွမ်းနေတာလဲ သိလား???????

ဘကြီး ဘုန်းကြီးက သူ့ကို ပေါင်မှာ ကြောင်တက်ကြောင်ဆင်း ထိုးကွင်းမှင်ကြောင် ထိုးပေးထားလို့ပဲ...

အဲ...ကြောင်တက်ကြောင်ဆင်း ထိုးတိုင်းတော့ အဲလိုကြီး မစွမ်းဘူးနော် သွားစမ်းပြီး ထိုးကြည့်ကြ မှာ စိုးလို့ သတိပေးတာ သူက ထိုးဆေး ကို စပယ်ရှယ် စပ်ပြီး (မြွေဟောက်၊မြွေပွေး၊မြွေစိမ်းမှီးခြောက်၊ဆင်ပစ်မြွေ... စတာတွေရဲ့ အဆိပ် ကို ဆတူရောပြီး မှင်ရည်နဲ့စပ်ထားတာလို့ သတင်းရတယ်ဗျ ဒါက စမ်းလိုသူတွေ အတွက် စေတနာ ဗရပွ နဲ့ သတင်းပေးတာပါ mrgreen...) မှ ဆေးပေါင်းခတဲ့ ည လို့ လောကီပညာရပ် လိုက်စားသူတွေ က သတ်မှတ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ည သန်းခေါင်ရံ အချိန်တိတိ မှာ ငတက်ပြား ကို ထိုးကွင်းထိုးပေးလိုက်တာ တစ်ခါထဲ ဆေးလဲ အောင်ရော ငတက်ပြား ခမျာ ငြိမ်ငြိမ် နေလို့ မရတော့ပဲ ဇရပ်ခေါင်မိုး တွေ ပေါ်ကို လျှောက်ခုန်ကူး နေတယ် တဲ့ဗျ....။

ထားပါတော့လေ အဲဒီလို အစွမ်းအစ တွေ ထူးတတ်တဲ့ တန်ဆောင်မုန်း လပြည့်ညကြီး မှာ ဆေးအောင်သွားတဲ့ ငတက်ပြားကြီး ကို ဂုဏ်ပြုပြီး ကိုယ်တွေလဲ သူ့လိုမျိုး ဓါတ်ကလေး နည်းနည်း ရပါစေတော့ ဆိုပြီး မယ်ဇလီဖူး ကို ည သန်းခေါင် ၁၂ နာရီတိတိ မှာ ခူးပြီးသုပ်စား......၊

နောက် ညမှာ နေ့လည်လောက်ကတဲက ကြက်ခြံမှာ သွားဝယ်ထားတဲ့ ကြက်ကို ( အမှန်တကယ် ဆိုရင် တော့ နယ်တွေ ရွာတွေမှာ အဲဒီ ကြက်ကိုလဲ ခိုးရမှာဗျ.. ဒါပေမယ့် ရန်ကုန်မှာ ဘယ်သူ့အိမ်က ကြက်သွားခိုးရမှာလဲ ဒီတော့ သင်္ဃန်းကျွန်းက ကြက်ခြံတွေမှာ သွားဝယ်တာ ဒါပေမယ့် ယတြာ သဘောနဲ့ ကြက်ဥတော့ ခိုးလာကြတယ် redface...).. ဘူးသီးလေး နဲ့ အချိုရွက်လေး နဲနဲခပ်... (ဟဲ... ဒါကတော့ ယောကျၤား လေးတွေသိမှာပါ ဘာရွက်လဲ ဆိုတာ )ပြီး ကာလသား ဟင်းချက်စားကြတာ အို ဘာပြောကောင်းမလဲ အိမ်မှာချက်တဲ့ ဟင်းနဲ့လဲ မတူဘူး ဘယ်နာမည် ကြီး ဆိုင်က ဟင်းနဲ့မှ လဲ မတူဘူး ကောင်းလိုက်တာဗျာ...တနှစ်မှ တစ်ခါ စားရတဲ့ ဟင်းလို့တောင် ပြောလို့ရတယ် တစ်ချို့ကောင်မလေး တွေ ဆို အဲဒီဟင်း အရသာ ကို သိသွားလို့ ဟဲ့ ဟင်းကျက်ရင် ငါ့ ကို တစ်ခွက် စာလောက် လာပို့ပေးပါဟယ် ကြက်သားဖိုး ငါလဲ စိုက်ပါ့မယ် ဆိုပြီး အော်ဒါ မှာထားပြီး စောင့်စားပြီးတော့ မှ အိပ်တဲ့ ကောင်မလေး တွေလဲ တစ်ပုံကြီး .....။

အဲလို အဲလို ပေါ့ဗျာ သမိုင်းအစဉ် အလာ ကြီးမားတဲ့ သူခိုးကြီး ငတက်ပြား ကြီး လိုပဲ ဆေးပေါင်းခတဲ့ ဟင်းတွေ စားပြီး သကာလ မှာပဲ သမိုင်းအစဉ်အလာ မညှိုးရအောင် လို့ စတိ သဘောလေး ဟို အိမ်က ပစ္စည်း ဒီရွေ့ ဒီအိမ် က ပစ္စည်း ဟို ရွေ့ လုပ်ကြပါတော့တယ် ဟို ရွေ့ ဒီရွေ့ ဆို လို့ ဟိုဘက်အိမ် ဒီဘက် အိမ် လို့တော့ မအောက့်မေ့နဲ့ နော် တစ်ခါတစ်လေ ရပ်ကွက် နှစ်ခု လောက် ကျော်သွားလို့ ပြန်မရ ကြတော့တာတွေ ရှိတယ် ဟီးးး...။

ဒီတော့ လမ်းထဲက လူများ ဘာလုပ်ကြပါသနည်း ?????

ကင်းစောင့်တာပေါ့ ဟက် ဟက် ....

လုံခြုံ ပြီ ထင်ပါသလား မိတ်ဆွေ မလုံခြုံပါ လမ်းထဲ လူမုန်းများ မျက်မုန်းကျိုး ခံရသူများ ပိုဆိုးပါ၏..အဘယ့်ကြောင့် ဆိုသော် ကင်းစောင့်သောသူများ က ဦးဆောင်ပြီး ဤ ငတက်ပြားဂုဏ်ပြုပွဲ ကြီး ကို ကျင်းပသော ကြောင့် ဖြစ်ပါ၏...

ယ္ခုလဲ လမ်းထဲမှ စွာတေးလန် လွန်းသော ကြောင့် ယောင်္ကျား မရသော အပျိုကြီး ညီအစ်မ အိမ်ရှေ့ ခြံဝင်းတံခါး ဝတွင် ဟိုဘက် တစ်လမ်းကျော်မှ ဦးကျားကြီး အိမ်ရှေ့ တွင် ချိတ်ထားသော အယ်လ်ဇေးရှင်း ခွေးမျိုးကောင်းမျိုးသန့် သားစပ် အငှားလိုက်သည် ဆိုသော ဆိုင်းဘုတ်ကြီး ကို သွားချိတ်ကြခြင်း ဖြစ်သည်..။

နောက်တော့ လမ်းထဲက နတ်ကတော် သူကတော့ ဘယ်နတ်တွေရဲ့ ကတော်လဲ တော့ မသိ ပါ အတော်မျက်နှာ များသော နတ်ကတော် ဖြစ်ပါ၏ အဘယ့်ကြောင့် ဆိုသော် ကိုယ်တော်လေး ကလဲ သူ့ကို မနောဖြူလို့ တော်ကောက်တော် မူတယ်တဲ့ ကိုယ်တော် ကြီးကလဲ ညီတော်လေး ဝေစားမျှစားလို့ သဘောထားသလား မသိ ညီတော် နှင့် အပြိုင် ကောက်၏ ဒီတော့ သူက မိန်းမ စင်စစ်သာ မဟုတ်တာ နတ်နှစ်ပါး နဲ့ နှစ်ပါးသွားနေသတဲ့..။

သူတစ်ယောက်ထဲ အားမရ လမ်းထဲက မိန်းမ အအို အပျို တွေ ကိုပါ သူ့ယောကျၤား တွေနဲ့ပေးစားနေသဖြင့် အိမ်ထောင်ရှင် မိန်းမ များက သူ့လင် တွေကို ဟိုး ဆရာ ဟိုး ကိုယ်တော်လေး ကောက်ထားလို့ တစ်လ ခွဲအိပ်မယ် အပျိုမလေး များကလဲ မောင် ရယ် စာမေးပွဲ အောင်ဖို့၊ အလုပ်လျှောက်ထားတာ အဆင်ပြေ ဖို့လေ ကိုယ်တော်လေးက ကိုယ်ဖိရင်ဖိ စောင့်ရှောက်မှာ မို့လို့ တော်ကောက်ထားတယ် ဒီတော့ ဒီတစ်လ တော့ မောင်နဲ့ချိန်းတွေ့ဖို့ မဖြစ်ဘူး ကိုယ်တော်လေး ကိုယ်တော်ကြီး တို့ စိတ်ဆိုးသွားမယ် ဆိုသူကဆို ဖြစ်နေသဖြင့် အတော်လေး လူငယ်လူကြီး ကာလသား တို့၏ မေတ္တာ ကို ခံယူနေသူ ဖြစ်သည်....။

ဒီတော့ ဂုဏ်ပြုခံ ပုဂိ္ဂုလ် များထဲ တွင် သူမကလဲ ထိပ်ဆုံးက ပါဝင်မည်ဆိုတာ ကိုယ်တော်လေး ကိုယ်တော်ကြီးမေးစရာ မလိုအောင် သေချာပေါက် ကျိန်းသေနေ၏...။

ကဲ လာပါပြီဗျာ ဈေးဘက်ကနေ မဲမဲ မဲမဲ နဲ့ထိုက်မင်းနဲ့အောင်ဝေဖြိုး ဘာတွေသယ်လာလဲ ဆိုတော့ ဈေးထဲက ဝက်သားဆိုင် က ဝက်သား တစ်ပိသာ ဘယ်လောက်ဆိုတဲ့ ဆိုင်းဘုတ်ကြီးရယ် ဝက်ပေါ်ပြီး အသားဖျက် ပြီး လွှင့်ပစ် ထားတဲ့ ဝက်ရိုး အပြည့် ပါတဲ့ တောင်းကြီး ရယ်ပေါ့ဗျာ အဲဒါကြီး ကို နတ်ကတော် အိမ်ရှေ့က ကိုယ်တော်ကြီး ကိုယ်တော်လေး နတ်နန်းစင် ဘေးမှာ ချထားပြီး ဆိုင်းဘုတ်ကြီး ထောင်ထားပေးလိုက်တယ်....။

ဟီးဟီး ကဲစာဖတ်သူ အပေါင်းတို့ စဉ်းစားသာ ကြည့်ကြပါတော့ဗျာ

မနက်မိုးလင်းတဲ့ အချိန် သားစပ်ဖို့ လိုက်မယ် ကြော်ငြာထားတဲ့ အပျိုကြီး တွေ ညီအမနဲ့ ဝက်သားရောင်းနေတဲ့ ကိုယ်တော်ကြီး ကိုယ်တော်လေး တို့ ကို မြင်ရတဲ့ အခါ ရင်ထုမနာ ဖြစ်သွားမယ့် နတ်ကတော် တို့ ဘယ်လိုပုံ တွေ ဖြစ်နေကြမလဲ ဆိုတာကို...။

(တန်ဆောင်မုန်းလပြည့်ည ရောက်ပြီ ဆိုတော့ အရင်ငယ်တုန်းက သူခိုးကြီးညမှာ သောင်းကျန်းခဲ့ ဖူးတာလေး တွေ ကို အမှတ်တယ ပြန်ရေးလိုက်တာပါ )


Read more


ငါးမျှားခရီးထွက်ခဲ့စဉ်က..။

အို အသင် ဘလော့လောက သင်ကား ကျွန်ုပ် ဖိုရမ် နှင့် နပမ်းလုံးနေစဉ် ဆက်လက် ၍သာ ရှေ့ကို လျှောက်လှမ်း လျှက် ရှိချေသည် တကား.....................။

ဟဲ ဟဲ ဒီလို ပြောလိုက်လို့ လင်းထက် တစ်ယောက် ဂေါက်တောက်တောက် ပေါက်တောက်တောက် ဖြစ်သွားပြီ လားလို့ မိတ်ဆွေ သူငယ်ချင်း ညီကို မောင်နှမ အပေါင်း တို့ စိတ်ပူ သွားကြမလား???

စိတ်မပူပါနဲ့ မဂေါက်၊မပေါက်၊ သေးပါဘူး (နဲနဲတော့ ဖြစ်ချင်သလိုလို ရှိသား mrgreen)..။

အဖြစ်ကတော့ ဒီလိုပါ ကျွန်တော် စပ်ဆော့ ပြီး လုပ်ထားတဲ့ သရဲနီတို့ပျော်စံရာ ဘလော့ဂ် လေး က ညီငယ်တွေက ဝိုင်းမြှောက်ပေး အဲလေ ဝိုင်းအကြံပေးကြတာနဲ့ မြန်မာမန်ချက်စတာယူနိုက်တက်ဖိုရမ် ဆိုပြီး ထူထောင်ဖို့လုပ်လိုက်တာ ကိုယ့်ဘလော့ဂ် ထဲ ဘယ်သူတွေလာလို့ လာမှန်းမသိ ကိုယ်တဂ်ထားတာ ရေးပြီးလို့ လာပြောတဲ့သူတွေ ကလာပြောလဲ မသိ သွားမဖတ်မိနဲ့ နောက်ဆုံးကုန်ကုန် ပြောရရင် ဂျီတော့ ဖွင့်ထားလို့ စကားလာပြောရင်တောင် ဖိုရမ် တစ်ခု ဘယ်လိုလုပ်ရလဲ သိလား သိရင် ဒါလေး ပြောပြပါ ဆိုပြီးတော့ချည်း လှိမ့်မေးလို့ နောက် ကိုယ့်ကို လိုင်းပေါ်တွေ့ရင်တောင် မခေါ်ပဲ တိတ်တိတ်လေး နေတဲ့သူကနေ တဲ့ အဖြစ်ကိုရောက်ရော ဟီး..။

ကဲ ဒါကတော့ ကျွန်တော် ပျောက်နေရတဲ့ အကြောင်းရင်း လေးကို ရှင်းပြရင်း ကြော်ညာလေးလဲ ဝင်ရင်း ပေါ့လေ နိဒါန်းလေး ပျိုးလိုက်တာပါ အဓိကပြောမယ့် ဟာက အခုမှ လာပါပြီ..။

ကျွန်တော်တို့ မြို့ကလေး ဟာ ခရီးသွား မြို့ကလေး တိုးရစ် မြို့ကလေး လို့ ကျွန်တော် အရင်ပိုစ့်တွေ မှာ ရေးခဲ့ဖူးပါတယ်..။

အခုဒီအချိန်ဟာ ဆိုရင် ခရစ်စမတ် ဈေးပွဲတော် ဆိုတာ လုပ်ဖို့ အတွက် တစ်မြို့လုံး ရှိသမျှ ဆိုင်တွေ အကုန်ပိတ်ပြီး မြို့ဟာ ဆိုရင် တူသံ လွှသံ တွေနဲ့ ဆူညံလို့ဗျာ..။

အဲဒီတော့ ကျွန်တော်တို့ဆိုင်လဲ ပိတ်ပြီပေါ့.. ဆိုင်ပိတ်တော့ ဆိုင် က လုပ်ဖော်ကိုင်ဖက် တစ်ယောက် က ကျွန်တော့ကို ငါးမျှား သွားဖို့ ခေါ်ပါလေ ရော ဗျာ...။

ဒီတော့ ကျွန်တော် ဆိုတဲ့ ကောင်ကလဲ ငယ်ငယ်ကဆိုရင် တံငါသယ် ဝင်စားသလား အောက့်မေ့ရလောက်အောင် ငါးမျှားဝါသနာ ပါခဲ့ပြီး ကြီးလာမှ အကုသိုလ် ကြောက်ပြီး မသိချင်ယောင် ဆောင်နေရတာ ဆိုတော့ နှစ်ခါ မခေါ်လိုက်ရပါဘူး လိုက်မယ် လို့ ကတိပေးလိုက်တယ် (အဓိက ကတော့ ငယ်ငယ်က ငါးမျှားဖူးတယ် ဆိုတာက ဝါးကိုင်းတံ နဲ့လေ အဲဒီတော့ သူတို့ဆီက ငါးမျှားတဲ့ ကိုင်းတံ စက်သီးကလေး တရွှီးရွှီး လှည့် ပြီး မျှားရတဲ့ အရသာ ကို သိချင်လို့)အဲဒါနဲ့ပဲ လင်းထက် တို့ ငါးမျှားခရီးထွက်ခဲ့ပါတော့တယ်.....။

မနက်စောစော မြူလေး တွေ ပိတ်ဖုံး နေတဲ့ ကြားထဲကပဲ ကျွန်တော် နဲ့ လုပ်ဖော်ကိုင်ဖက် (နောက်ပိုင်း မိတ်ဆွေ လို့သုံးပရစေ)ရယ် သူ့သားရယ် သုံးယောက်သား ကားလေးနဲ့ထွက်ခဲ့ ကြပါတယ် အချိန်ကတော့ နံနက် ရ နာရီတိတိပေါ့ဗျာ..။

ကားနဲ့ထွက်တယ် ဆိုတော့ မြို့နား က နာမည်ကျော် ရိုင်းမြစ် ကြီးမှာ မမျှားကြဘူးလားလို့ မေးစရာ ရှိလာပါတယ်...

(အောက်ဖော်ပြပါပုံက မြို့ရဲ့ဆိပ်ကမ်းပါ)

မမျှားပါဘူး ခင်ဗျ ကျွန်တော့် မိတ်ဆွေ ဂျာမန် ကပြောတာတော့ ဒီလို ငါးမျှား ဝါသနာ ပါသူတွေ အတွက် သပ်သပ် ငါးမျှား ထွက်ဖို့ နေရာတွေ စီစဉ်ပေးထားပါသတဲ့ အခုလဲ အဲဒီကို ကားနဲ့ တစ်နာရီကျော်လောက် မောင်းသွားရမယ် လို့ပြောပါတယ် ကျွန်တော် လဲ အကြိုက်ပေါ့ဗျာ ဘာလို့လဲ ဆိုတော့ တစ်နှစ်ပါတ်လုံး အလုပ်နဲ့အိမ် အိမ်နဲ့ အလုပ် ဘယ်မှ မရောက်ဖြစ်တော့ ပတ်ဝန်းကျင်နဲ့လဲ အဆက်ပြတ်နေတယ် ဆိုတော့ ရှုခင်းလေး ဘာလေး လဲကြည့်ရတာပေါ့..။

ဒီလိုနဲ့ ငါးမျှားမယ့်နေရာကို ရောက်လာခဲ့ပြီး ငါးမျှားဖို့ ပြင်ကြ ဆင်ကြပေါ့ဗျာ...။

ဒါကတိုက်ပွဲဝင်မယ့်လက်နက်ကိရိယာတွေပေါ့.

ကျွန်တော့မိတ်ဆွေ နဲ့ သူ့သားလဲ ပြင်ကြ ဆင်ကြပေါ့ ကျွန်တော် ကတော့ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဓါတ်ပုံ ပဲ လိုက်ရိုက်နေတယ် သိတယ် မဟုတ်လား ကိုယ်က ဝါးကိုင်းတံ ငါးမျှားတံပဲ ကိုင်ဖူးတာ သူတို့ ဟာ တွေ ကို မဆင်တတ် ဘူးလေ..။


ကျွန်တော် တို့ ပြင်နေ ဆင်နေတုန်းပဲ ဟိုဘက်နား က ကောင်မလေး ကတော့ ငါးမိ သွားပြီ....။


အဲဒီ ငါးမျှားတဲ့ နေရာမှာ လူတော့ အတော်များသဗျ ဒါတောင် ကျွန်တော် တို့ သွားတဲ့ ရက်က ကြားရက် မို့လို့ လူသိပ်မရှိဘူးလို့ မိတ်ဆွေ က ရှင်းပြတာပဲ..အပေါ်က ပုံမှာ ပြထားသလို ကောင်မလေး တွေလဲ လာမျှားကြသဗျ...။
ကဲ ဒါကတော့ ကျွန်တော့ မိတ်ဆွေက ဈေးဦးဖောက် မိလိုက်တဲ့ ငါးပါ..။


ကဲ ဒီတစ်ခါတော့ ကျွန်တော့ အလှည့်ပေါ့ ဗျာ ကိုရွှေ တွေ မြစ်နားချောင်းနား မှာ နေလာတာ လက်စွမ်းပြလိုက်မယ် ... ဟော မိပြီ ကျွန်တော် စက်သီးလေးကို တစ်ရွှီးရွှီး နဲ့ဖြည်းဖြည်းချင်း ရစ်လာလိုက်တယ် ငါးကလဲ အစွမ်းကုန်ရုန်းကန်နေတယ် မိတ်ဆွေက ပြောတာတော့ ငါးက အတော် ကြီးမယ် ဆိုပဲ ..
ဟုတ်လဲ ဟုတ်လောက်တယ် ငါးမျှား ကိုင်းတန်လေး ကို ကွေးညွတ်လို့ တစ်ချက် တစ်ချက် စက်သီးကို တောင် ရစ်လို့ မရဘူး မိတ်ဆွေက သူ့ကိုင်းတန် ကိုပစ်ချပြီး ကျွန်တော့ အနား ရောက်လာတယ် ပြီးတော့ လျှော့ပေး ၊တင်းထား၊ ရစ်ရစ် စသဖြင့် ဘေးက ကူပြီး ပါးစပ်နဲ့ ဝိုင်းမျှားနေပါတော့တယ် ကမ်းနားရောက်လာရင် ဆယ်တင်ဖို့ ပိုက်ကို အဆင်သင့် ပြင်လို့ပေါ့လေ...။

ငါးကလဲ ဒီလိုရုန်းကန်နေတယ်

ဒီလိုနဲ့ ငါးခမျာလဲ မောပမ်း သွားတဲ့ အချိန်မှာ အလျှော့ပေးပြီး ကမ်းနားကို ပါလာတော့ မိတ်ဆွေလဲ အဆင်သင့် ငါးဖမ်းပိုက်နဲ့ ကမ်းပေါ်ဆွဲတင်လိုက်တော့ သူအရမ်းပျော်သွားတယ် ဘာလို့လဲ ဆိုတော့ ဒီလို အမျိုး အစား အကောင်ကြီးကို သူဒီမှာ မျှားလာတာ ၂ ခါပဲ ရဖူးတယ် ဆိုပဲ အခု ကျွန်တော်ကတော့ သူနဲ့လိုက်လာလာချင်း ပထမ ဦးဆုံးမှာပဲ ဒီကောင် ကို စမိတာလေ..။wink
ဒီကောင်က ကျွန်တော့် လက်မောင်းရင်းကလက်ဖျား လောက်ရှည်တယ်

ဒါကမိတ်ဆွေကို ကိုင်ခိုင်းထားပြီး အမှတ်တရ ရိုက်ထားတာ..။


ဒီလိုနဲ့ အားတက် သရောနဲ့ နောက်ထပ်များ မိမလား လို့ ဆက်မျှားလိုက်ကြတာ ရိုးရိုး ငါးတွေပဲ ထပ်မိပါတယ် ဒါနဲ့ပဲ ညနေစောင်း ၅ နာရီလောက်မှာ ကိုယ့်အိမ်ကို ကိုယ် တပ်ခေါက် ပြီး ပြန်လာခဲ့ကြပါတော့တယ် ကျွန်တော့် မိတ်ဆွေကတော့ သူသွားတိုင်း ကျွန်တော့် ကိုလိုက်ခဲ့ ဖို့ထပ်ဆွယ် သေးပေမယ့် ကျွန်တော် တော့ မလိုက်ချင်တော့ပါဘူး ဘာလို့လဲ ဆိုတော့ ငါးကြီးက ကြီးလဲ ကြီးလှလဲ လှတယ်ဗျ ကျွန်တော့် ကြောင့် သူ အသက် ဆုံးရှုံး သွားရတာကို တွေးမိတိုင်း ကျွန်တော့် ရင်ထဲမှာ တစ်မျိုးကြီးပဲဗျာ...
ကျွန်တော်က ငယ်တုန်းက ငါးမျှားသူ ကြီးလာတော့ အလှမွေး ငါးတွေကို အိမ်ရှေ့က ဝရန်တာ မှာ မှန်ကန်တွေ အပြည့် နဲ့ မွေးခဲ့ဘူး တာကိုးဗျ...။

Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts