ကေသွယ် အတွက် မွေးနေ့လက်ဆောင်ကဗျာတပုဒ်

၂၀၀၉ ခုနှစ်လောက်မှာ ကဗျာတွေ ပြန်ပြီး ရေးဖြစ်တော့ ညီလေး လင်းထက်ရဲ့ဘလောက်မှာ ကဗျာတွေ တင်ဖြစ်တယ်။ ကိုယ့်ရဲ့ တစ်ကျော့ပြန်ကဗျာဘဝမှာ အွန်လိုင်း ညီအကို မောင်နှမ တချို့ဟာ အတော် အရေးကြီးခဲ့ပါတယ်။ ဥပမာ မောင်ဖုန်းမြင့်၊ အိန္ဒြာနဲ့ တည်ရ တို့ကို မဖြစ် မနေ ထည့်ပြောရမှာပါ။ သူတို့အပြင် အခု ဒီကဗျာလေးကို မွေးနေ့လက်ဆောင်အဖြစ်ပေးဖို့ ဆုံးဖြတ်မိတဲ့ ကေသွယ်လဲ အပါအဝင်ပေ့ါ။ 

သိပ်ရှည်ရှည်ဝေးဝေး ဇာမချဲ့တော့ပဲ ခြုံ့ပြောရရင်၊ အဲဒီတုန်းက ကိုယ် သိသိမှတ်မှတ် ဖတ်ဖြစ်တဲ့ ဘလော့တွေထဲမှာ ကေသွယ့် ဘလော့ဟာ ထိပ်ဆုံးနားက ပါခဲ့တယ်။ ဘယ်လိုက ဘယ်လို စပြီး စကားပြောဖြစ်၊ သိကျွမ်းခင်မင်သွားခဲ့မှန်းမမှတ်မိပေမယ့်၊ သူ့ရဲ့ ပို့စ်တွေထဲက ဘလော့ဂါတွေ အမိမြေမှာ ပြန်ဆုံကြတာကို စိတ်ကူးယဉ်ရေးထားတဲ့ ပို့စ်ကလေးကတော့ အရင်ဆုံး စိတ်ထဲ ငြိကပ်ခဲ့တဲ့ ပို့စ်တခုဆိုတာ သေချာတဲ့ အပြင်၊ ၂၀၁၁ ဒီဇင်ဘာမှာ မမြော်လင့်ပဲ ဗမာပြည်ပြန် ဖြစ်စဉ်၊ ကိုယ်နဲ့တစ်ခါမှ မမြင်ဖူးခဲ့တဲ့ အွန်လိုင်းမိတ်ဆွေ လင်းထွေးသော်၊ မိုးမခလှိုင်၊ ဗညားဦး တို့နဲ့ ဆုံဖြစ်ပြီးမရောက်တာ ကြာပြီဖြစ်တဲ့ ကိုယ်တို့က ရာဇူးလို့ နှုတ်ကျိုးနေတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲ အတူတူ သွားရောက်လည်ပတ် လွမ်းဆွတ်ငေးမျောမိ၊ အင်းယားကန်ပေါင်ဖက်ဆီထိ ထွက်ပြီးဘူးသီးကျော် ရခိုင်မုန့်တီတွေ စားဖြစ်တဲ့အထိ လက်တွေ့ဖြစ်မြောက်သွားတဲ့ အချိန်မှာ သူ့ကို ဖျတ်ကနဲ သတိရလိုက်မိသေးတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ အကြောင်းကြောင်းအားလျော် စွာသူနဲ့ကိုယ်နဲ့ကြား အဆက်အသွယ်ဟာ ဟိုတုန်းကလို မဟုတ်ပဲ အားလျော့ ကျဲပါးနေခဲ့တာမို့ ဒီအကြောင်းကိုလဲ သူ့ဆီ ဖောက်သည် မချမိခဲ့ဘူး။ သုံးလေး နှစ်ဆိုတဲ့ အချိန်ကာလဟာ ဘာမှ မဟုတ်ဘူးဆိုလဲ ဘာမှ မဟုတ်ပဲ၊ တစ်စုံတစ်ရာဆိုလဲ အဲ့ဒီတစ်စုံတစ်ရာဖြစ်မြောက်ဖို့ကောင်းစွာ လုံလောက်တဲ့ အချိန်ကာလ အတိုင်းအတာ တစ်ခုပါပဲ။ 

ကိုယ့် ကဗျာပြန်ရေးဖြစ်ခြင်းအကြောင်းနဲ့ပတ်သက်ပြီး နည်းနည်းထပ်ချဲ့ပြောရမယ်ဆိုရင် အဲဒီနှစ် ကာလ အပိုင်းအခြားတွေအတွင်းမှာပဲ ၂၀၀၉ နဲ့ ၂၀၁၀ မှာ ကိုးရီးယားကို ၂ ခေါက်၊ မနှစ်က၂၀၁၁ မှာ လန်ဒန်၊ ဖင်လန်နဲ့ပြင်သစ်မှာ ကဗျာဆိုင်ရာကိစ္စတွေ ရွတ်ဖြစ် ပြောဖြစ် ဆင်နွှဲဖြစ်ခဲ့တာ၊ခု ၂၀၁၂ မှာ ဂျာမဏီ ဘာလင်မြို့နဲ့ အိုင်ယာလန် ဒဗ္ဗလင်မြို့တွေမှာ ကျင်းပမယ့် ကဗျာပွဲတွေတက်ရောက်ဖို့ ဖိတ်ကြားခံရပြီး လာမယ့် ၁၅ ရက်မှာ ဂျာမဏီကို ထွက်ခွာမယ့်ဆဲဆဲ အကြောင်းတွေကို ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်လုပ်တဲ့ အနေမျိုးမဟုတ်ပဲ ဒီခရီးအထိ လျှောက်လှမ်းမိသမျှမှာ ဒီလူတွေ အဓိက ပါဝင် ပံ့ပိုးမှု အကြောင်းတရားရှိခဲ့တယ်ဆိုတာ မှတ်တမ်းတင်လိုစိတ်နဲ့ အခုလို ထည့်ပြောဖြစ်ပါတယ်။

ဒီရက်မတိုင်ခင်လေးမှာပဲ နိုင်ငံခြားတိုင်းပြည်တခုမှာ လုပ်ငန်းတာဝန်ထမ်းဆောင်နေတဲ့ ကိုယ့်ကဗျာ မိတ်ဆွေ တစ်ယောက် ဘန်ကောက်ကို ရောက်လာတယ်။ သူ့ကို လက်ကျန် ကဗျာစာအုပ်ကလေး ၂ အုပ် (တစ်အုပ်က ပျော်ရွှင်ဘွယ်ရေးခြစ်ခြင်းများ) လက်ဆောင်ပေးဖို့ပြင်ဆင်ရင်း စာအုပ်ရှေ့ဆုံး မျက်နှာမှာ ဘလော့ဂါ Kay နဲ့ သူ့မိတ်ဆွေများ…. အစရှိသဖြင့် သူ့ကိုအဓိက ဦးတည်ပြီး ရည်ညွှန်း ချက် ပေးခဲ့တဲ့ စာသားလေးဖတ်မိရင်း သူ့ရဲ့ ဒီနှစ် မွေးနေ့နီးကပ်နေတာ သတိရမိသွားတယ်။ ဒါပေ မယ့် တကယ်တမ်း ကဗျာရေးဖြစ်မယ် မရေးဖြစ်ဘူး၊ သူ့မွေးနေ့ရယ်လို့ လက်ဆောင်ပေးဖြစ်မယ် မပေးဖြစ်ဘူးရယ်လို့တော့ တိကျသေချာမှု မရှိခဲ့သေးပါဘူး။ 

ခု ဒီစာရေးနေတဲ့အချိန် ကိုယ့်နောက်ကျောဖက် ဝရံတာမှာ မိုးဟာ သည်းကြီးမည်းကြီး သွန်ချသလို ရွာနေလေရဲ့။ ပြီးခဲ့တဲ့ ၂ နာရီ နီးပါးလောက်က မထင်မှတ်ပဲ ကဗျာတပုဒ် ရေးမိပြီး (ကဗျာတပုဒ်ရေး ဖြစ်တိုင်း ကိုယ့်ဟာကိုယ်တော့ ရေးကြီးခွင်ကျယ်အလုပ်တခု လုပ်ပြီးသွားတယ်လို့ မှားယွင်းမိုက်မဲ စွာ ယုံကြည်နေမိတုန်းပါပဲ)၊ ကဗျာရေးပြီးပြီးချင်းလိုလိုမှာပဲ လိုင်းပေါ်မှာ မတွေ့တာကြာပြီဖြစ်တဲ့ ကေသွယ့်ကို တွေ့လိုက်ရတယ်။ သူ့စတေးတပ်စ်ပြ အင်ဒီကေတာလေးက စိမ်းလို့။ ဒါနဲ့ပဲ သူ့ကို ဒီကဗျာလေး မွေးနေ့လက်ဆောင်ပေးဖို့ အမှတ်ရသွားတယ်။ တကယ့်အဖြစ်အပျက်တွေ ဆိုတာ ပြန်ပြောပြသူက သမာသမတ်ရှိစွာ အပိုအလို မရှိသလောက်ဖြစ်အောင် ဂရုတစိုက် ပြန်ပြောပြတဲ့ အပေါ်မှာ မူတည်ပါတယ်။ 

ဒီစာရေးနေတဲ့ အချိန်မှာ မိုးတွေ သည်းကြီးမည်းကြီးရွာနေတာ သက်သေ ပြပါလို့ တောင်းဆိုလာရင်တော့ ကိုယ့်ရိုးသားမှုကိုပဲ ကိုယ် တိုင်တည်ရမှာပါပဲ။ ရိုးသားမှုဆိုတာဟာ ကဗျာရေးခြင်း အလုပ်အပေါ်မှာ ကိုယ့်ရဲ့ အရေးတကြီး ဂရုဓမ္မ ထားရတဲ့ ကိစ္စဖြစ်သလို ကဗျာအပေါ် ရိုသေမှုဟာလည်း ကိုယ့်ရဲ့ ကဗျာဆရာဖြစ်နေခြင်းရဲ့ အသက်ကိစ္စပဲ လို့ ပြောခဲ့ပါရစေ။ နောက်ပြီး တော့ အနုပညာဆိုတာ ပင်ကိုယ်မူလကိုယ်၌ကိုယ်ကသိမ်မွေ့ရတဲ့ ကြားထဲမှာ ကဗျာကပိုပြီး သိမ်မွေ့ နူးညံ့တယ်လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်လိုက်ပါရစေ။ 

ကေသွယ်ရေ.. 

မွေးနေ့မှာ ရွှင်လန်းချမ်းမြေ့စွာနဲ့ ရှေ့ဆက်လျှောက်လှမ်းရမယ့် ခရီးတွေအတွက် အားအင်တွေတိုးဖြည့် ရင်း၊ အနုပညာ (ကဗျာအပါဝင်) ကိစ္စများမှာလဲ ဒီထက်ဒီ ပို၍ပို၍ ထက်ရှတောက်ပသော အဆင်အသွေး များနဲ့ ယက်ဖောက်ထားတဲ့ အနုစာပေလက်ရာတွေ ရေးဖြစ် ပို့စ်တင်ဖြစ်ပါစေလို့ ဆုတောင်းမြင်ယောင် မိရင်း….. 

အညတြ ကဗျာလေးတပုဒ် မွေးနေ့လက်ဆောင်အဖြစ်ပေးပို့အပ်ပါတယ်။ 

အနုပညာ မောင်နှမများအဖြစ် အဓွန့်ရှည်တည်တံ့ရှင်သန်ရေးကို ရည်သန်လျက် - 

 ခင်အောင်အေး 
၂၉၊ ဇူလိုင်၊ ၂၀၁၂ ဖရာ့ပရာဒင်၊ ဘန်ကောက် ၂၂း၀၆ နာရီ 

 ‘အရွေ့’ များ 
(stone age – modern age) 

လမ်းတွေပေါ်မှာ မော်တော်ကားတွေ တရွေ့ရွေ့ 
သူတို့ အထက် ခေါင်းပေါ်မှာ မိုးသားတွေ ရွေ့နေပုံနဲ့ 
တရွေ့ရွေ့ ရှေ့တိုးသွားတိုင်း နောက်မှာ ကျန်ရစ်သလို
မြင်ရတဲ့ မြင်ကွင်းများ.. 

ငါ့အရှုံးကို ငါ ကျကျနနမြင်လိုက်ရတဲ့နေ့ကစပြီး 
အရွေ့ကို ငါ သတိမူမိတယ် ဒါဆို ငါဟာ ဂူ တစ်ဂူကိုလဲ မြင်မိတယ်ပေါ့။ 

ဂူထဲမှာ ငါဟာ င့ါကိုယ်ငါ ကိုယ်လုံးတီးတွေ့ရတယ် 
ငါ့ လက်ထဲမှာ တင်းပုတ်တစ်လက်နဲ့ ငါဟာ ဂူပေါက်ဝဆီ ငေးရီနေတယ်။ 

မီးကိုတွေ့ရှိပြီးတဲ့ ကာလမို့ ဂူနံရံမှာ အရိပ်တွေ ကခုန်နေတာရယ် အရိပ်ကို အမှီပြုပြီး 
ကျောက်သားလက်နက်နဲ့ကုတ်ခြစ်ပုံဖော်ထားတဲ့ ငါတို့ရဲ့နေ့စဉ်ဘဝပုံရိပ်တွေရယ်။

အပြင်မှာ မြင်ကွင်းတွေဟာ ဆိတ်ငြိမ်လွန်းတယ် လူးလွန့်လှုပ်ရှားနေတယ်လို့ 
ထင်စရာဆိုလို့ ငါလို အမွှေးအမြှင် ထူထူထဲထဲနဲ့ သတ္တဝါတွေပဲ ရှိတယ်။ 

လှုပ်နေတာဟာ တစ်စုံတစ်ရာပဲ၊ သစ်ပင်တွေ တောတောင်ရေမြေနဲ့ 
သက်မဲ့အရာတွေ အပေါ်မှာ ယုံကြည်ကိုးကွယ်မှုဟာ သံပခြုပ်တခုလိုပဲ။ 

ငါဟာ ဂူထဲက ဆတ်ကနဲ ရုန်းထွက်လိုက်တယ်။ ငါ့ ကိုယ်ပေါ်မှာ အဝတ်အစားတချို့ 
ဝတ်လျက်သားကို ငါ အဆန်းတကျယ် ဖြစ်လိုက်သေးတယ် စက္ကန့်ဝက်လောက်။ 

တီဗီမှာ ဒီနေ့ ဘန်ကောက်မြို့ မော်တော်ယာဉ်လမ်းကျော အခြေအနေနဲ့ 
ဒီကနေ့ ရာသီဥတု အနေအထား နေ့အပူချိန် ညအပူချိန် မိုးရွာနိုင်မှု ရှိမရှိနဲ့ 
မြစ်ရေကြီးနိုင်မှု ခန့်မှန်းချက်များ အဆက်မပြတ် တင်ဆက်နေတယ်။

မြင်ရတဲ့ မြင်ကွင်းများ ...
တရွေ့ရွေ့ ရှေ့တိုးသွားတိုင်း နောက်မှာ ကျန်ရစ်သလို 
သူတို့ အထက် ခေါင်းပေါ်မှာ မိုးသားတွေ ရွေ့နေပုံနဲ့ 
လမ်းတွေပေါ်မှာ မော်တော်ကားတွေ တရွေ့ရွေ့။ ။ 

ခင်အောင်အေး 
၂၉၊ ဇူလိုင်၊ ၂၀၁၂ ဖရာ့ပရာဒင်၊ ဘန်ကောက် ၁၉း၄၉ နာရီ
Read more


လမ်း


အလင်းရှိမယ်ထင်တဲ့ဘက်ကို ရော်ယမ်းမှန်းဆရင်း
တကယ်တမ်း တိုးရွေ့နေမိတာက အမှောင်ဖက်ဆီ..

အမျိုးအမည်မသိ အနံ့အသက်များ
ဖိနင်းမိသမျှ အပျော့အမာများ
အသက်ရှူသံဟာ ပိန်းပိတ်အမှောင်ထုနဲ့အသားတကျ
တခုခုကို ဆုပ်ကိုင်မိရင် ချက်ခြင်းပြန်မလွှတ်နိုင်ပဲ စူးစမ်း
ဖတ်ဖူးမှတ်ဖူးခဲ့သမျှ အတွေးအခေါ်အယူအဆတွွေ ဘာမှအသုံးမတည့်ပုံ
ဒယိမ်းဒယိုင် ခြေလှမ်းများက သယ်မ သွားတဲ့အတိုင်း ‘ကမ္မသကာ’ ပဲလေ
ရေရွတ်မိ၊

ချုပ်ရိုးတွေက ပြောပြတဲ့ နာကျင်ခံစားရပုံ ဆက်တင်များ
ဒဏ္ဍာရီထဲမှာသာ မြင်တွေ့ရတတ်တဲ့ ရင်သပ်ရှုမော ဇာတ်ကွက်အလှည့်များ
ကျွန်ပ်၏အားသာမှုမှာ ဤနေရာမှ ဝေးရာလွတ်ရာဆီသို့ ဦးတည်ပြေးလွှားလျက်၊

ဒင်းကြမ်းပြည့်နေတဲ့ အမှားများနဲ့လမ်းမ
‘ပုထုဇဉ်ပီပီ ကိုယ်လဲ အမှားနဲ့မကင်းဘူးလေ’ ဆိုပြီး ရယ်ကျဲကျဲနဲ့
ဖြတ်ခဲ့တယ်။

ခင်အောင်အေး
၂၊ ဇွန်၊ ၂၀၁၂ ဖရာ့ပရာဒင်၊ ဘန်ကောက် ၁၉း၅၀ နာရီ
Read more


အရှက် နဲ့ သိက္ခာ



အကျအရှုံးများစွာနဲ့
ဒီတောင်ကုန်းက ဆုတ်ခွာပေးရလုလု
အခြေအနေမှာ၊

အသက်လု တိုက်ပွဲဆင်နွှဲရင်း
အရှက်နဲ့သိက္ခာအတွက်
ဆက်လက် ကာကွယ်ဖြစ်ခဲ့တယ်၊

ဒီတောင်ကုန်းပေါ်မှာ
တန်ဖိုးရှိတာဆိုလို့ ဘာတစ်ခုမှ မရှိပေမယ့်..

ဒီတောင်ကုန်းပေါ်မှာ
မြက်ရိုင်းတစ်ခင်းနဲ့
ခြုံနွယ်ပိတ်ပေါင်းကလေးတွေမျှသာ ရှိပေမယ့်…။   ။

ခင်အောင်အေး
၃၊ ဇွန်၊ ၂၀၁၂ ဖရာ့ပရာဒင်န်၊ ဘန်ကောက် ၂၀း၅၁ နာရီ
Read more


The Lady

Read more


ငြိမ်သက်ခြင်းနှင့် မကြုံကြိုက်လို


ကြုံမယ့်ကြုံတော့လဲ
မယုံတော့တဲ့ အခြေအနေကျမှ လာကြုံတယ်

ကိုယ်တကယ် ယုံသင့်တဲ့ဟာကို
ယုံချင်လွန်းလို့ မယုံချင်ဟန်ဆောင်နေခဲ့တာ
နှစ်ပေါင်း များစွာ အထပ်လိုက် ပုံခဲ့ပေါ့

ယုံလိုက်တော့မယ်
အဲ့ဒီလို ဟန်ချက်ပျက်ခဲ့
ယုံလိုက်တော့မယ်
အဲ့ဒီလို ရွဲ့စောင်းလုလု
ယုံလိုက်တော့မယ်
အဲ့ဒီလို စို့စို့ပို့ပို့
ယုံလိုက်တော့မယ်
အဲ့ဒီလို တစ်ကိုယ်လုံးစောင်းငန်းခဲ့

မယုံတော့ဘူး
ဘယ်တော့မှ မယုံတော့ဘူး
ကျောက်သားလိုခိုင်မာပြီလို့
ငါ ကမ္ဗည်းထိုးတော့မယ့်ဆဲဆဲကျမှ

ငါ..
ငြိမ်သက်ခြင်းနဲ့ မကြုံကြိုက်လိုတော့ပါ။ ။

ခင်အောင်အေး
၆၊ မတ်ချ်၊ ၂၀၁၂ ပါယားလေဘာ၊ စင်္ကာပူ ၁၀း၃၆ နာရီ

(ခေါင်းစဉ်မှာ မောင်သာရ လုံးချင်းဝတ္ထုတပုဒ်၏အမည်ကို ယူသုံးထားခြင်းဖြစ်ပါသည်)
Read more


Uniblue Power Suite 2012


အားလုံးသော ကျွန်တော့် ဘလော့ဂ်လေးကို လာလည်ကြတဲ့ သူအပေါင်း ၂၀၁၂ နှစ်သစ် ကြီးမှာ လိုအင်ဆန္ဒတွေ တစ်လုံး တစ်ဝတည်း ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်..၊

ကျွန်တော်လဲ ဘလော့ဂ် မရေးတာ အတော်ကြာသွားပါပြီ အခု ၂၀၁၂ နှစ်သစ်ကြီးမှာ ဆော့ဖ်ဝဲလ်တွေ ပရိုဂရမ်တွေ အသစ်တွေ အပ်ဒိတ် တွေဖြစ်ကုန် ပါပြီ ဒါကြောင့် ကျွန်တော်လဲ အသုံးလိုလို့ သွင်းထားတာလေးတွေကို ပြန်လည် ဝေမျှပါရစေ....၊

အခု ပထမဆုံး ဝေမျှပေးခြင်တာက ကွန်ပြူတာအတွက် မရှိမဖြစ် လိုအပ်တဲ့ ဆော့ဖ်ဝဲလ် တစ်ခုလို့ ပြောလို့ ရတဲ့ Uniblue Power Suite 2012 လေးပါ သူက တစ်ခု Run လိုက်တာနဲ့ သူ့မှာ ပရိုဂရမ် ၃ ခု ပါပါတယ်..


Serials Key လေးတွေပါ ထည့်ထားလို့ Full Version အဖြစ် သုံးလို့ ရမှာပါ.. ကီး ထည့်နည်း အင်စတော လုပ်နည်း လေးတွေပါ အောက်မှာ ဗွီဒီယိုနဲ့ တင်ပေးထားပါတယ်ဗျာ...




Mirror လင့် ငါးခု ကနေ တင်ပေးထားပါတယ်.. ကိုယ်နဲ့ အဆင်ပြေမယ့် Mirror ကနေ ဒေါင်းကြပါ..။ပထမဆုံး လင့်ကို နှိပ်လိုက်တာနဲ့ နောက်ထပ် Page တစ်ခု ပေါ်လာပါမယ် ၅ စက္ကန့် စောင့်ပြီးရင် အပေါ်ဆုံး ညာဘက်ဒေါင့်မှာ SKIP ADD ဆိုတာ နှိပ်ပြီး ဖွက်ထားတဲ့ လင့်တွေ ကနေ ကိုယ်နဲ့ အဆင်ပြေရာကနေ ဒေါင်းကြပါခင်ဗျာ..။

ဒေါင်းလုဒ်လုပ်ရန် ပုံကို နှိပ်ပါ




PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။
Read more


အောက်တိုဘာတမနက် ပြာလဲ့လဲ့သံဝေဂ



ပြူတင်းပေါက်ဖွင့်ဖို့တောင် ခွန်အားမရှိတဲ့ စိတ်နဲ့
နေ့အသစ်တခုကို ရင်ဆိုင်ဖို့ ပြင်ရတော့တယ်

မြင်နေကျ ချက်စ်နပ်ပင်ကြီးရဲ့ပင်ခြေကို မမြင်ရတာပဲကောင်းတယ်
တရွက်ချင်း ရှေ့ဆင့်နောက်ဆင့် သစ်ရွက်တွေကြွေကျနေမှာသိလျက်မို့
ကိုယ့်မှာ ကုလားထိုင်တလုံးပေါ် အခြောက်တိုက်ကြီး ထိုင်ရင်း သွေးပျက်နေရရဲ့

နေရောင်ခြည်ဟာ ဧည့်ကောင်းစောင်ကောင်းလို သိမ်သိမ်မွေ့မွေ့ကလေး
လေပြင်းကတော့ အလိုက်မသိတတ်တဲ့ အိမ်နီးချင်းလို ဝုန်းဒိုင်းကျဲချင်ချင်
ချမ်းခိုက်တုန်အောင် အေးတဲ့ အအေးဓါတ်က ဓါးနဲ့မိုးထားသလိုကြီးစိုးလို့

ကျွက်ကျွက်ဆူရေနွေးနဲ့ လောင်းဖျော်ထားတဲ့ င့ါ လက်ထဲက ကော်ဖီတခွက်ဟာ
ညှိုးချုန်းပူပန် ပျက်စီးနေတဲ့ ငါ့ အတွင်းစိတ်ကို ကုစား အားအင်တွေ ဖြည့်ပေးနိုင်ပါမတဲ့လား

သွားသူတွေက သွားနှင့်ပြီ
ငါ ဘယ်တော့ လိုက်သွားရမှာလဲ။ ။

ခင်အောင်အေး
၂၄၊ အောက်တိုဘာ၊ ၂၀၀၈ ချေလ်တန်ဂရို့ဗ် လန်ဒန် ဝရး၅၁ နာရီ
Read more


ကျန်ရစ်သူ ပင်လယ်


ပင်လယ်ကိုမြင်ရဖို့ပဲ
လိုင်းတွေထဲ အပြာရောင်တွေ ထုနဲ့ထည်နဲ့ တဖြည်းဖြည်း ပြန့်ကား
ဖျော့တော့သွား နိမ့်မြင့်လှုပ်ရှားပုံ လှိုင်းခေါင်းဖြူဖွေးပုံ ရိပ်ကနဲ တောင်ကွေ့လမ်း
ကလေးကနေ ကားခေါင်းအတည်မှာ ဘွားကနဲ ရင်ဆိုင်တွေ့လိုက်ရတယ်
အဲဒါကို မြင်ရဖို့ တစ်လျှောက်လုံး လာခဲ့ရတာ

ဒီလိုနဲ့ အသက်ရှင်ခဲ့တယ်
မွေးနေ့ရယ်လို့ ကိန်းဂဏန်းတွဲ တစ်ခုရှိမယ် ic ဒါမှမဟုတ် id ကိုင်ဆောင်ဖို့ အသုံးတည့်
ပြီး မပြီးဆုံးနိုင်အောင် ရင်ဆိုင်ရမှုများ challenge လို့ စကားလုံးသုံးနှုန်းတယ် come -
on ဆက်သွားရုံပဲ ပွတ်တိုက်မှု အစဉ်တန်းအရ ထုတ်လုပ်/ထွက်ရှိလာမှု ကုန်ပစ္စည်းနှယ် ဒါ
ပေမယ့် သွေးနဲ့ကိုယ်သားနဲ့ကိုယ်လို့ သူ့ကိုယ်ရေးရာဇဝင်မှာ လိပ်ပြာသန့်သန့်ရေးဖြည့်ထားမယ်

ပြန်လာဖို့ထွက်သွားသူတွေလည်းမဟုတ်တော့
မထွက်ခင်ကတည်းက ပြန်ချင်နေပြီးသား ရွှံ့တွေလို အရောအနှော ရွေးမရအောင်တူရ ငါကခါး
လည်း နောက်ထပ် အခါးများ ယာဉ်ရထားမှန်သမျှ အလိုတူအလိုပါ ရွေ့ကောင်းရွေ့နေမယ် ပို့ကောင်း
ပို့နေမယ် ဟိုဘက်စည်းနဲ့ ဒီဘက်စည်းကြားမှာ မမြင်ရတဲ့ magic rope ဘဝခြားနယ်နိမိတ်မျဉ်း အထူ
အပါး ဒီနားမှာလိုလို ဟိုနားမှာလေလား ပြန်လာတာလား ထွက်သွားတာလား ဟုတ်/မဟုတ်တော့..

၁၉၉၂မှာ
ပင်လယ်ရဲ့သမိုင်းကို စရေးကြတယ် ‘ပထမ’ လို့စလိုက်တယ် နောက် ‘တောင်တန်းများ’ ဆီ ညွတ်လိုက်သေး
ပေမယ့် နောက်ဆုံးတော့ ‘ပင်လယ်’ ပဲ ဆလိုင်းရမ်လိန်မှုန်း (ပလိန်ဆိုတော့ ပင်လယ်ပေ့ါ) ဒီလိုလဲ ကာရန်သင့်
နေသေးကာ ဇေယျာလင်း၊အောင်ဝင်း၊ခင်အောင်အေး၊ကေမြိုးနဲ့စစ်တင်၊လှကို ဘဝထိုထိုများ မလွှဲမရှောင်သာ
ဖော်ပြရတဲ့ နာမ်များ(ကိုယ်ပိုင်နာမ်များ) မျှသာ

အဖေ့ရဲ.မိတ်ဆွေ
(ဆလိုင်းမန် ပြောသလို)
ခင်အောင်အေး ၊ ပင်လယ်မှာကျန်ရစ်သူကြီး
ဒါပဲ။    ။

ခင်အောင်အေး
၁၂၊ အောက်တိုဘာ၊ ၂၀၁၁ ချေလ်တန်ဂရို့ဗ်၊ လန်ဒန် ၂၃း၅၄ နာရီ

(ဒီနေ့ လန်ဒန်မြို့ အော့စ်ဖန် စာအုပ်တိုက်က ကြီးမှူးတဲ့ ကဗျာရွတ်ပွဲမှာ အမေရိကန်ကဗျာဆရာ
၂ ယောက် ဗြိတိန်ကဗျာဆရာ ၂ ယောက်နဲ့အတူ စိတ်လှုပ်ရှားစွာ ကဗျာရွတ်ပြီး ပြန်အလာမှာ
ချင်းအမျိုးသမီး ကဗျာဆရာမအိုင်းဒီးရဲ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ ကိုယ်တို့က ပလိန်လို့ခေါ်တဲ့
သူငယ်ချင်းရဲဘော် ချင်းအမျိုးသားခေါင်းဆောင် ဆလိုင်းရမ်လိန်မှုန်း ရဲ့သား ဆလိုင်းမန်ရဲ့ ကဗျာလေးကို
တွေ့ရာမှ မမြော်လင့်ပဲ ကဗျာသွေးကြွကာ ရေးမိသောကဗျာအားချစ်ခင်စိတ်ဖြင့် အမှတ်တရ
တုံ့ပြန်ဖော်ပြဖြစ်ပါသည်။
“တမလွန်ဘဝက သူငယ်ချင်း.. ကဗျာ ၂ ပုဒ်လုံးကို ကြားယောင်စေသော်ဝ်…”


 ဆလိုင်းမန်ရဲ့ကဗျာ


Read more


ငါ နားထောင်နေတယ်

ငါ နားထောင်နေတယ်

ပြည်တွင်း ပြည်ပ သတင်းများ
ငါ နားထောင်နေတယ်

လေတဟူးဟူး တိုးသံများ
ငါ နားထောင်နေတယ်

ငါမတီးတတ် မဆိုတတ်တဲ့ သီချင်းဆန်းများ
ငါ နားထောင်နေတယ်

ဘဝတခုခုရဲ့
အဆီအငေါ်မတည့်တဲ့ ကြိတ်မြည်သံ တကျွီကျွီ
ငါ နားထောင်နေတယ်

ပင်လယ်ရဲ့ စုပ်ဝဲကြီးထဲ နှစ်ပလိုက်မယ်ဆိုတဲ့ ကြုံးဝါးသံ
ငါ နားထောင်နေတယ်

ငါ နားစိုက်ထောင်နေရင်း
ဘာသံမှ မကြားရတော့ဘူး
ဘာသံမှ မကြားရတော့ဘူး

ဘာသံမှ မကြားရတော့ဘူး
ဘာသံမှ မကြားရတော့ဘူး

ငါ ဆက်နားစွင့်နေမိတယ်။ ။

ခင်အောင်အေး
၁၀၊ အောက်တိုဘာ၊ ၂၀၁၁ ချေလ်တန်ဂရို့ဗ် လန်ဒန် ၁၃း၃၄ နာရီ
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts